Wednesday, August 16, 2017

Hollywood သာသနာ



ကန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ တည်ရှိသည့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်မြို့ အရှေ့ဘက်ကမ်းရိုးတမ်း ပြည်နယ်များနှင့်စာလျှင် မြင်ကွင်းများ ခြောက်သွေ့၏။ မိုးရွာသွန်းမှု နည်းပါးပြီး ရေကို ချွေတာကြသဖြင့် သစ်ပင်မြက်ပင် စိမ်းစိုမှုနည်းပါးသည်။ သို့သော် (တိုက်ဆိုင်မှုပင် ဖြစ်စေဦးတော့) ဖျော်ဖြေရေးနယ်ပယ်ဖြစ်သည့် Hollyhoodမှာပင် ဗုဒ္ဓသာနာတော်၏ ပုံရိပ်ကောင်း အမှတ်အသားများ ရှိနေသည်ကို သတိပြုမိသဖြင့် ရင်ထဲမှာ စိမ်းလန်းသွားခဲ့ကြဖူး၏။

Hollywoodပွဲခင်း လှည့်လှည်ခိုက် “မင်္ဂလာပါ”ဟု နှုတ်ဆက်သံ ကြားလိုက်သဖြင့် ၀တ်မပျက် ပြန်လည်နှုတ်ဆက်ရသည်။
“ဘယ်နိုင်ငံကလဲ။”
“ၾသစေၾတးလ်။”
“ငါတို့က မြန်မာ။”
“သိတယ်။ အောင်ဆန်းစုကြည်။”
“Great!”
သုတ္တန်ဒေသနာတော်နှင့် ညီညွတ်သော စကားပြောခန်း ဖြစ်၏။ “သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။”

ထို့ပြင် ဟယ်ရီပေါ်တာ ပြခန်းရှေ့ရောက်သောအခါ ဟယ်ရီပေါ်တာ မင်းသားလေးက “Na mas sa te (နမဿာမိ တေ)”ဟု နှုတ်ဆက်၍ လက်အုပ်ချီမြောက်ကာ ခရီးဦး ကြိုဆိုပြီး အတူလာကြသည့် ရဟန်းသုံးပါးတွဲ ဓာတ်ပုံရိုက်ပေးမည်ဟု ကမ်းလှမ်းသည်။ မင်းသားလေး၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ကြသည်။ ပွဲခင်း နေရာအနှံ့၌ ဇာတ်ကောင်အမျိုးမျိုးက လူတိုင်းကို လိုက်လံနှုတ်ဆက် ဧည့်ခံ၍ ဓာတ်ပုံရိုက်ပေးနေကြသည်၊ ဓာတ်ပုံတွဲရိုက်နေကြသည်ဖြစ်ရာ ဟယ်ရီပေါ်တာ၏ ဖော်ရွေမှုကို ထူးဆန်းသည်ဟု မဆိုနိုင်ပေ။ သို့သော် ရိုသေလေးမြတ်သည့် ရှိခိုးဟန်ဖြင့် ဖော်ရွေမှု ပြုခြင်းသည် အပေါ်ယံပင် ဖြစ်စေဦးတော့ သာသနာတော်နှင့် ညီညွတ်သော လူ့လုပ်ငန်းသာ ဖြစ်၏။

ထို့ပြင် “Na mas sa te (နမဿာမိ တေ)”နောက်တစ်ခု တွေ့ရပြန်သည်။ လိုက်ပါပို့ဆောင်သည့် ကားဆရာက ကားဟွန်းတီးသည်ကို ဆိုင်ကယ်သမားတစ်ယောက်က မကျေမနပ်နှင့် ဂျီလာကျသည်။ “မင်းက ဘာကောင်လဲ၊ ငါ့ကို ဘာဖြစ်လို့ ဟွန်းတီးတာလဲ”ဟု ဟိန်းဟောက်သည်။ လူကြမ်းမင်းသားနှင့် ဆင်တူသည်။ ဆိုင်ကယ်သမား လူကြမ်းကြီး ဖြစ်လိမ့်မည်။ ကားဆရာက ဘာမှ ပြန်မပြောဘဲ ပြုံးနေသည်။ ဆိုင်ကယ်သမားသည် ကားထဲမှာ ထိုင်နေသည့် ဘုန်းတော်ကြီးများကို မြင်လိုက်ရသောအခါ လက်အုပ်ချီမြှောက်ကာ “Na mas sa te (နမဿာမိ တေ)”အော်ပြီး ထွက်သွားသည်။ အိန္ဒိယနိုင်ငံသား အိုင်တီအလုပ်သမားတစ်ယောက် ဖြစ်သည်ဆို၏။ အသွင်အပြင် သာသနာသည်ပင် မခေလှပေ။

နောက်တစ်ခု ကြုံရသည့် သာသနာ၏ ပုံရိပ်ကောင်းမှာ ပို၍ တင့်တယ်သည်။ Hollywood ပွဲခင်းထဲ ၀င်လာသူများကို လုံခြုံရေး ၀န်ထမ်းများက အသေးစိတ် စစ်ဆေးသည်။ ပွဲခင်းအတွင်း အကြမ်းဖက်မှုကို တားမြစ်ခြင်း ဖြစ်သည်။ ၀န်ထမ်းများသည် ဧည်သည့်မှန်သမျှကို ခြေမြှောက်လက်မြှောက်၊ ခါးနှိုက်ခေါင်းနှိုက် စစ်ဆေးသည်။ သို့သော် ဘုန်းတော်ကြီးများကို ခြွင်းချက်ပေးလိုက်သည်။ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးခြင်း မရှိပေ။ လိုက်လံပြသသည့် ဒေသခံ ရဟန်းတော်သည် ကြုံရသည့် အခြေအနေကို အံ့သြကျေနပ်စွာ မှတ်ချက်ချသည်။

“တပည့်တော် ဒီရောက်ဖူးတာ . . . လေးငါးခါ ရှိပြီ။ ဒီတိုင်းချည်းပဲ။ မစစ်ဘူး။ တပည့်တော်တို့ ဘုန်းကြီးတွေကို အကြမ်းမဖက်ဘူးလို့ ယုံကြလို့ မစစ်ဆေးတာ။”

ဗုဒ္ဓဘာသာ မျက်နှာပြင်၌ အကြမ်းဖက်ပုံရိပ် မထင်ဟပ်ဟု ရှုမြင်သုံးသပ် ခံရခြင်းသည် သာသာနာတော်၏ တင်တယ်သည့် အသရေပင် မဟုတ်ပါလော။

ဟောလ္လိဝိယံ ဗုဒသာသနံ စိရံ တိဋ္ဌတု။



:)

ရှင်အာစာရ

No comments:

Post a Comment