Wednesday, August 16, 2017

Hollywood ဘုရားပွဲတော်


ပြခန်များ၊ ပြပွဲများ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် ဆူညံလှုပ်ရှားနေသော ကယ်လီဖိုးနီးယား လော့စ်အင်ဂျလိစ် Hollywoodသည် မန္တလေး ကျောက်တော်ကြီးပွဲနှင့် တော်တော်လေး တူ၏။ ကြည့်စရာများ၊ စားစရာများသည် ကျောက်တော်ကြီးပွဲမှာထက် Hollywoodမှာ အရည်အသွေး ပိုကောင်းနေခြင်းသည် ကွဲလွဲချက် ဖြစ်၏။

ကမ္ဘာကျော် Hollywood ရုပ်ရှင်ဇာတ်ကားများမှ ဇာတ်ဝင်ခန်းများ ရိုက်ကူးရာ၌ ပြင်ဆင်ခဲ့သည့် အခင်းအကျင်းများကို တစ်ဖွဲ့ချင်း ကားနှင့်လိုက်ပြသည်။ ငွေကြေးများစွာ သုံးစွဲ၍ ပြုလုပ်ခဲ့သည့် ရုပ်ရှင်ရိုက်ကွင်း အခင်းအကျင်းများ ခန့်ငြားလှသောကြောင့် ယခုတိုင် ပြစားလို့ ရနေသည်။ လာကြည့်သူများထံမှ ဝင်ကြေးငွေ ကန်ဒေါ်လာ သိန်းငါးဆယ်ခန့် နေ့စဉ် ရမည်ဟု ခန့်မှန်းမိသည်။
လေယာဉ်ပျက်ကျခန်းအတွက် လေယာဉ်အပျက်အစီး အပိုင်းအစများ အတုလုပ်ထားသည်။ မီးလောင်ခန်း ရိုက်ခဲ့စဉ်က ဇာတ်ကွက်အခင်းအကျင်း နေရာ၌ မီးတောက်များ ဖန်းတီးပုံကို ပြန်ပြသည်။ မိုးရွာခန်း၊ ရေကြီးခန်း၊ ငလျှင်လှုပ်ခန်း စသည်တို့ကိုလည်း အလားတူ လုပ်ပြသည်။ Stageဟု နာမည်ပေးထားသည့် အခင်းအကျင်း အဆောက်အဦး တစ်ခုတစ်ခု ရောက်တိုင်းရောက်တိုင်း သက်ဆိုင်ရာ ရုပ်ရှင်မှ ကောက်နုတ်ထားသည့် ပြကွက်ကို တီဗီဖြင့် ဖွင့်ပြသည်။ ဤနေရာမှာ ဤသို့ ရိုက်ကူးခဲ့ကြောင်း ရှင်းပြသည်။

ကင်းကောင်ဇာတ်ကားမှ ကင်းကောင်၏ တိုက်ခိုက်မှုများကို သုံးဘက်မြင်ရုပ်ရှင် ဖန်တီးထားပြီး သုံးဖက်မြင်မျက်မှန် တပ်၍ ကြည့်ရသည်။ တိုက်ပွဲကြား ရောက်သွားသကဲ့သို့ ခံစားရသည်။ ပြိုင်ကားမောင်းသည့် ဇာတ်ကားကိုလည်း အလားတူပင် ကြည့်ရသည်။ ကားပြိုင်ပွဲထဲ ကိုယ်တိုင်ပါသွားသကဲ့သို့ ခံစားရသည်မှာ ထိတ်စရာကောင်းလှသည်။ ခဏသာကြာ၍ တော်သေးသည်။
မမ်မီသင်္ချိုင်းထဲ ရထားစီးရသည်မှာလည်း သုံးမိနစ်ခန့်သာ ကြာသဖြင့် တော်သေးသည်။ နာရီဝက်ခန့် စီးရမည် ဆိုပါက တော်ရုံတန်ရုံလူ နှလုံးရပ်သွားနိုင်သည်။ မမ်မီသရဲရုပ်များကို မမှုစေကာမူ ရထား၏ ကြမ်းတမ်းမှုကို အသိအမှတ်ပြုရမည် ဖြစ်သည်။ အကွေ့၊ အကော့၊ အကျ၊ အတက်၊ အဆင်း၊ အဆောင့် ကြမ်းတမ်းမှုများအပြင် အမှောင်နှင့် အဆူများကြောင့် စီးသူတိုင်း ထိတ်ကြရသည်။ ရထားနှင့် သံလမ်းတို့ ပြုတ်မထွက်နိုင်ဟု ကန်တို့၏ နည်းပညာကို ယုံထားလိုက်၍သာ စိတ်သက်သာရာ ရတော့သည်။

စီးစရာ ကျန်သေးသည် ဆို၏။ လှေစီးရမည်ဖြစ်ပြီး စီးထားသညိ့လှေက ဓာတ်လှေကားကဲ့သို့ မတ်စောက်သည့် အမြင့်မှ ပြုတ်ကျပြီး ရေထဲ ဆက်ပြေးမည် ဆို၏။ ကမ္ဘာ့အမြန်ဆုံး အလျဉ်ဖြစ်ပြီး စီးနေစဉ် ခံစားရမှုကို ရှင်းပြသည်မှာ "အမြင့်ကနေ အရှိန်နဲ့ ပြတ်ကျတာများ . . . နှလုံးတွေ ကျောက်ကပ်တွေ ကလီစာတွေ လည်ပင်းလာကပ်တယ် တင်ရတာပဲ" ဟူ၏။ မစီးလိုတော့ပြီ။

Water War ဇာတ်ကား ကောက်နုတ်ချက်ကို ရုံသွင်း၍ ပြသသည်မှ မြန်မာ့စင်တင်ဇာတ်နှင့် ဆင်တူသည်။ အသံတုဇာတ်လမ်း၊ ရုပ်မြင်သံကြားဇာတ်လမ်း ဖြစ်သည်။ ရေကန်တစ်ခုကို ဇာတ်ရုံလုပ်ထားပြီး ရေပြင်တိုက်ပွဲ ဇာတ်ခင်းသည်။ ပစ်ခန်း၊ ထိုးခန်း၊ အမြင့်မှ ရေထဲခုန်ချခန်း၊ ပေါက်ကွဲခန်း၊ မီးလောင်ခန်း၊ ရေပြင်ပေါ်မီးလောင်ခန်း အစရှိသော လုပ်ဆောင်ချက် အမျိုးမျိုးမှာ လက်ရှိ မြန်မာ့ဇာတ်သဘင် အနေဖြင့် လိုက်တုရန် ဖြစ်နိုင်မည် မဟုတ်သေးပေ။

ရေပြင်တိုက်ပွဲ ပြကွက်၏ အဆုံးသတ်အင်အားဟု ဆိုရမည့် ဇာတ်သိမ်းခန်း၌ လေယာဉ်ကို အမြောက်နှင့် ပစ်ချလိုက်သည်။ ရေပြင်တိုက်ပွဲ ပြင်းထန်နေစဉ် ကောင်းကင်မှ လေယာဉ်သံ ထွက်ပေါ်လာသည်။ အမြောက်နှင့် ပစ်ချဟန်ပြုသည်။ အမြောက်က မီးပွင့်၍ အသံမြည်သွားသည်။ လေယာဉ်တစ်စီး မီးလောင်လျက် ရေကန်ထဲ ပြုတ်ကျလာသည်။

ကြည့်စရာ များစွာကို စိတ်ဝင်စားစရာဖြစ်အောင် ခက်ခက်ခဲခဲ ဖန်တီးထားကြသော်လည်း ကြည့်သူက ကုန်အောင်မကြည့်နိုင်တော့ပေ။ အချိန်လင့်ပြီဖြစ်၍ များစွာချန်၍ ပြန်ခဲ့ကြသည်။
ဤသို့ အစရှိသည်တို့၌ သေချာမှု၊ သပ်ရပ်မှု၊ ခန့်ငြားမှု ဂုဏ်ထူးဝိသေသများကို ဖယ်လိုက်ပါက Hollywood ပွဲခင်းသည် မန္တလေး ကျောက်တော်ကြီး ပွဲခင်းလောက် စိတ်ဝင်စားစရာကောင်းမည် မဟုတ်ပါပေ။

 (Aug 14, 2017)









:)
ရွင္အာစာရ

No comments:

Post a Comment