နှစ်ညတာ တည်းခိုရာ လော့ဆင်ဂျလိစ် အဇူဇာကျောင်းမှာ သာသနာရေးမြင်ကွင်း ထူးခြားမှုကို သတိထားမိခဲ့သည်။
“ဆရာတော်ကြီးက ဆွမ်းခံဝတ် ဖြည့်ကျင့်တာလား။”
“တင်ပါ့။ ဆရာတော်ကြီး ဒီရောက်နေတုန်း . . . တပည့်တော်တို့လည်း ကုသိုလ်ရတာပေါ့ ဘုရား။”
အဇူဇာကျောင်းမှာ သီတင်းသုံးနေသည့် တန့်ကြည့်တောင် ဆရာတော်ကြီး ဆွမ်းခံကြွသည်ကို မထင်မှတ်ဘဲ ဖူးတွေ့လိုက်ရသည်။ ကျောင်းထဲမှာပင် ဆွမ်းခံခြင်း ဖြစ်သည်။ ဒကာ ဒကာမများက ဆွမ်း၊ ဆွမ်းဟင်းနှင့် အချိုပွဲများ ပြင်ဆင်ပြီးသောအခါ ဆရာတော်ကြီးကို ပင့်လျှောက်ကြသည်။ ဆရာတော်ကြီးအတွက် လျှောက်လမ်းကို ကျကျနန ခင်းထားသည်။ လျှောက်လမ်းအတိုင်း ဆရာတော်ကြီး ကြွလာသောအခါ လှူဖွယ်များ လောင်းလှူကြသည်။
ဤအစီအစဉ်မျိုး ဘော့စတွန်မှာလည်း ရှိကြောင်း သိခဲ့ရသည်။ Insight Meditation Society ရိပ်သာမှာ သီတင်းသုံးသည့် ရဟန်းတော် ဘိက္ခု အနာလယောကိုလည်း ဤကဲ့သို့ ဆွမ်းလောင်းကြသည် ဆို၏။ ထိုရိပ်သာသို့ သွားရောက်လေ့လာချိန်မှာ ဆွမ်းချိန် မဟုတ်သဖြင့် ဆွမ်းခံပုံကို မမြင်ခဲ့ရပေ။
တန့်ကြည့်တောင် ဆရာတော်ကြီးကို ဖူးလိုက်ရချိန်၌ ဆရာတော်ကြီး စတင်ခဲ့သည့် မြန်မာရဟန်းတော်များ၏ ဆွမ်းခံသပိတ် ခေတ်သစ်ပြောင်းခဲ့ပုံကို သတိရမိသည်။ မြန်မာ ရဟန်းတော်များ၏ ဆွမ်းခံသပိတ်ကို ဆရာတော်ကြီးက မြှင့်တင်ပေးခဲ့သည် ထင်၏။ ဆရာတော်ကြီးသည် စတီးသပိတ်များကို စက်ရုံမှာ အထူးမှာပြီး ရဟန်းတော်များကို လိုက်လံလှူဒါန်းသည်။ ထိုအချိန်မှ စ၍ စတီးသပိတ် သုံးစွဲမှု တွင်ကျယ်လာသည် ထင်၏။
ဆွမ်းခံယူပြီးနောက် ဆရာတော်ကြီး ပြန်ကြွသွားသောအခါ ဆရာတော်ကြီး နောက်တစ်ပါးကို ရုတ်တရက် တွေ့လိုက်ရပြန်သည်။ မန်း နပသ အင်္ဂလိပ်စာ ဌာနမှူးဟောင်း ဆရာတော် ဒေါက်တာ အရှင်ဉာဏဝရ ဖြစ်သည်။
“အာဂန္တုတွေလား။”
“မှန်ပါ။ မန္တလေး နပသ အင်္ဂလိပ်စာ ဌာနမှူးပါ ဘုရား။ ဆရာတော် နပသ ပုလဲရတု ကြွလာတုန်းက ခဏ တွေ့လိုက်ရပါသေးတယ် ဘုရား။”
“အော် . . . မှတ်မိပြီ။ အင်း . . . ဦးအာစာရ နော် . . .။ ကဲ ဦးအာစာရ . . . တပည့်တော် . . . ဆရာတော်ကြီးကို ဝတ်ပြုလိုက်အုံးမယ်။ ပြီးမှ စကားပြောကြတာပေါ့ နော။”
“မှန်ပါ၊ မှန်ပါ။”
မနက်ဆယ်နာရီခွဲမှာ ဆရာတော်ကြီး ဆွမ်းဘုဉ်းပေးသည်။ ကျန်ရဟန်းတော်များမှာ ဆယ့်တစ်နာရီကျမှ ဆွမ်းဘုဉ်းပေးကြသည်။ ကျန်ရဟန်းများမှာ ဆွမ်းမခံတော့ဘဲ ဆွမ်းဝိုင်းမှာပင် ပုံမှန် ဆွမ်းဘုဉ်းပေးကြသည်။ ဆွမ်းဝိုင်းမှာ ဆရာတော် ဦးဉာဏဝရနှင့် ပြန်ဆုံသော်လည်း စကားမပြောဖြစ်ကြပေ။ အာဝါသိက ရဟန်းနှစ်ပါး နှင့် အာဂန္တုက ရဟန်းနှစ်ပါးတို့ ဆွမ်းဘုဉ်းပေးကြရာ ဆွမ်းဝိုင်းသည် တိတ်ဆိတ်နေ၏။ ဆွမ်းဘုဉ်းပေးရင်း စကားမပြောကြေး စည်းသတ်မှတ်ချက် ရှိမည် ထင်သည်။ အလိုက်သင့် ကျင့်သုံးရုံသာ ရှိတော့သည်။
တိတ်ဆိတ်ငြိမ်သက်စွာ၊ သွက်လက်မြန်ဆန်စွာ ဆွမ်းဘုဉ်းပေးပြီးနောက် ချက်ချင်းထသွားသည့် ဆရာတော် ဦးဉာဏဝရနှင့် ဒုတိယအကြိမ် စကားပြောခွင့် မရခဲ့တော့ပေ။ ဆွမ်းဘုဉ်းပေးပြီးသည်နှင့် ဆရာတော် အနားယူချိန် ဖြစ်သင့်သည်။ တပည့်တော်များလည်း မြို့တွင်းလေ့လာရေး ထွက်ကြရသည်။ နောက်နေ့မနက်မှာလည်း ဆရာတော်နှင့် မတွေ့ခဲ့ရတော့ပေ။ ဆရာတော်က မနက်စောစော အရုဏ်ဆွမ်း ဘုဉ်းပေးပြီး သူ့အခန်းသူ ပြန်ကြွသွားချိန်ကျမှ တပည့်တော်များက အရုဏ်ဆွမ်း ဘုဉ်းပေးကြပြီး မြို့ပြောင်း၍ ခရီးဆက်ခဲ့ကြသည်။
“အဇူဇာကျောင်းက တော်တော်ကျယ်တယ် နော်။”
“နေရာကျယ်တော့ ပန်းခြံလိုမျိုး . . . ဘုရားကုန်း လုပ်လို့ရတာပေါ့။ ဒီမှာ လုပ်ဖို့ မလွယ်ဘူး။ ဒါတောင် ဒီကျောင်းက သုံးဧကပဲ ကျယ်တာ။ ဒီမှာ ထိုင်း ဓမ္မကာယကျောင်းက ဆယ့်နှစ်ဧကတောင် ကျယ်တယ်။”
“ဒီမြို့မှာ မြန်မာကျောင်း ဒီတစ်ကျောင်းပဲ ရှိတာလား။ ”
“ဘယ်ကမှာလဲ။ ဆယ့်ငါးကျောင်းလောက် ရှိမယ်။”
မနည်းပါပေ။ စုစည်းစွာ သာသနာပြုနိုင်ကြပါစေကြောင်း။
:)
ရှင်အာစာရ
No comments:
Post a Comment