တောရွာဟူ၍
မရှိတော့သည့် မြို့ပြနိုင်ငံဖြစ်သော စင်္ကာပူ တစ်နိုင်ငံလုံး မြေသားရှားပါးပြီး သစ်ပင်မြက်ပင်တို့ဖြင့်
စိမ်းစိုလှပကာ လမ်းများကောင်းမွန်နေသည်ကို အံ့သြခဲ့ရဖူးသည်။ ဧရိယာအားဖြင့် စင်္ကာပူထက်
အဆမတန် ပို၍ကျယ်သော ကန်နိုင်ငံ၌ (မယုံကြည်နိုင်လောက်အောင်)
ကျေးလက်ရော မြို့ပြပါ သစ်ပင်မြက်ပင်တို့ဖြင့် စိမ်းစိုလှပနေပြီး မြို့လမ်းရော ရွာလမ်းပါ
ကောင်းမွန်ခန့်ငြားနေသည်ကို တွေ့ရသောအခါ ပို၍ အံ့သြရပြန်သည်။ မြေပြင် စိမ်းလန်းရေးမှာ
မြေပိုင်ရှင်၏ တာဝန်ဖြစ်သည် ဆို၏။
“ကားကို လမ်းညာဘက်ခြမ်း
ကပ်မောင်းရတာက မြန်မာနဲ့ တူတယ်။ အကွာအဝေးလည်း မိုင်နဲ့ တွက်တာပဲ။ ကျန်တာတွေကတော့ မြန်မာနဲ့
တစ်ခြားစီပဲ အရှင်ဘုရားရေ . . .။ ဟဲ ဟဲ။”
“အင်း။”
“ဒရိုက်ဗာက ဘယ်ဘက်ခြမ်းမှာ ထိုင်ရတယ်။ ဒါမှ မောင်းရတာ အဆင်ပြေတာ။”
“အင်း။”
“လမ်းကြေးအတွက်
. . . ရှေ့မှန်မှာ ကပ်ထားတာက Easy Pass စနစ်သစ်။ တွေ့လား . . . ရှေ့မှန်မှာ ကပ်ထားတာလေးကို
ဂိတ်ကနေ ကင်မရာနဲ့ ရိုက်ယူပြီး
ဂိတ်ကြေးဖြတ်လိုက်တယ်။ တန်းစီစောင့်စရာ မလိုတော့ဘူး။ ဂိတ်ကြေးဖြတ်တဲ့ နေရာမှာ ကားပေါ်မှာ
သုံးယောက်ပါရင် ဈေးသက်သာတယ်။ တစ်ယောက်တည်း မောင်းလာတာဆိုရင် ဈေးပိုပေးရတယ်။ သူ့ဟာသူ
ဖြတ်လိုက်တာ။ အဲ့ဒီတော့ ဒီကလူတွေ . . . တစ်ချို့က အကြံအဖန် လုပ်ကြတယ်။ အရုပ်ကြီးကြီးဝယ်ပြီး ကားပေါ်တင်လာတယ်။ ကင်မရာက အရုပ်ကို လူထင်ပြီး ဂိတ်ကြေးလျှော့ယူလိုက်တယ်။ ဟား ဟား။”
“တစ်ယောက်တည်း
ကားစီးတာ အားမပေးတဲ့သဘော၊ ကားသုံးတာ နည်းစေချင်တဲ့ သဘောလား။”
“ဟုတ်မယ် ဘုရား
. . .။ တွေ့လား လမ်းဘေးမှာလည်း . . . တောထဲတောင်ထဲအထိ စိမ်းနေတာပဲ။ တောင်သူလုပ် စားပင်စိုက်၊
သစ်ပင်ကြီးတွေစိုက်။ မြက်စိုက်ရင်စိုက်၊ မစိုက်ရင် ဖုန်မထအောင် မြေကိုရေမစားအောင် ကြောက်ခဲဖြူးထားရတယ်။
ကိုယ်ပိုင်တဲ့မြေ ကိုယ်တာဝန်ယူရတယ်။ ကိုယ်ပိုင်တဲ့မြေပေါ်မှာ မြက်မရိတ်လို့ ရှည်နေရင်
ဒဏ်ရိုက်ခံရတယ်။
ဘေးအိမ်က တိုင်လိမ့်မယ်။ ကိုယ်ပိုင်တဲ့မြေအတွက် ပိုင်ဆိုင်ခွန် Property Tax ပေးရတယ်။
မြေများများပိုင်ရင် အခွန်များများပေး။ ဒါကြောင့် ဒီကလူတွေ မြေများများ မပိုင်ကြဘူး။
မြန်မာပြည်မှာသာ အသုံးမချဘဲ မြေတွေ အများကြီး ပိုင်နေကြတာ။ အဲ့ဒီမြေတွေ ပိုင်ဆိုင်မှုအတွက်
အခွန်ကောက်လိုက်ရင် အခွန်ငွေတွေ တော်တော်ရမှာပဲ။ ဟား ဟား။ မြေပေါ်မှာ မြက်မရိတ်လို့
ဒဏ်ရိုက်လိုက်ရရင်
ဘယ်လိုနေမလဲ။ ဟား ဟား။”
“မလုပ်ပါနဲ့
ဒကာတော်ရယ် . . .။ ဒကာပြောသလို အခွန်ကောက်လို့ . . . ဒဏ်ရိုက်လို့ရှိရင် အစိုးရ ပြုတ်ကျရေး သပိတ်စခန်းတွေ ပေါ်လာပါ့အုံးမယ်။
;) ဟဲ ဟဲ။”
:)
ရှင်အာစာရ
No comments:
Post a Comment