“ကားနဲ့ဆိုရင် မိုင်ထောင့်လေးရာလောက် ဝေးတာ။ နှစ်ဆယ့်တစ်နာရီ စီးရမယ်။ လေယာဉ်နဲ့ သွားကြ။ နှစ်နာရီခွဲလောက်ပဲ ကြာမယ်။ ရက်ကြိုဝယ်ရင် လေယာဉ်လက်မှတ် ဈေးသက်သာတယ်။ cheapoairline.com မှာ ရှာကြည့်ကြ။”
ဆရာတော် တစ်ပါးက အကြံပေးသဖြင့် ဘော့စတွန် မှ ဖလော်ရီဒါသို့ လေကြောင်းဖြင့်
သွားခဲ့ကြသည်။ အွန်လိုင်းမှ လက်မှတ်ဝယ်ယူရန် ဘဏ်ကဒ် မရှိသဖြင့်
ဒကာတစ်ယောက်က သူ့ဘဏ်ကဒ်ဖြင့် ၀ယ်ပေးသည်။ နောက်မှ သူ့ကို
ငွေသားပေးလိုက်ရသည်။ လေယာဉ်လက်မှတ်ခ ဈေးသက်သာသည်။ ပုံမှန်ဆိုလျှင်
ဒေါ်လာနှစ်ရာကျော် ကျမည်ဖြစ်သော်လည်း ဈေးသက်သာသည့် လေကြောင်းလိုင်းမှာ
ရက်ကြို၍ ၀ယ်သောကြောင့် ဒေါ်လာ တစ်ရာ့ခြောက်ဆယ်သာ ပေးရသည်။
ဈေးသက်သာသည် ဆိုသော်လည်း သူတို့၏ လုပ်ထုံးလုပ်နည်းကို လေဆိပ်ကျမှ သိရသည်။ ဒေါ်လာ တစ်ရာ့ခြောက်ဆယ်မှာ လူအတွက်သာ ဖြစ်သည်။ အိပ်ဖိုး ထပ်ပေးရအုံးမည်ဟု တောင်းဆို၏။ အိပ်စီးက ငါးဆယ့်တစ်ဒေါ်လာ ထပ်ပေးရသည်။ လူချည်းပဲ ခရီးသွားပြီး အိပ်ကို ထားရစ်ခဲ့ရန် ဖြစ်နိုင်ပါမည်လော။
ခရီးဆောင်အိပ် လေယာဉ်စီးခ ငါးဆယ့်တစ်ဒေါ်လာ ပေးချေရာ၌လည်း ဘဏ်ကဒ်ဖြင့်သာ ပေးချေရသည်။ ငွေသား လက်မခံပေ။ လေဆိပ်လိုက်ပို့သည့် ဆရာတော်၏ ဘဏ်ကဒ်ဖြင့် ငွေပေးချေပြီး နောက်မှ သူ့ကို ငွေသားပေးလိုက်ရသည်။ လေယာဉ်စီးခ လူဖိုးအိပ်ဖိုး နှစ်ရပ်ပေါင်း ဒေါ်လာနှစ်ရာ ကျော်သွားပြီ ဖြစ်သဖြင့် ဈေးသက်သာသည်ဟု မဆိုနိုင်တော့ပေ။
ခရီးဆောင်အိပ် သေးသေးတစ်လုံးတော့ အလကားသယ်ခွင့် ပေးသည်။ ပေါ့ပေါ့ပါးပါး ခရီးသွားတတ်သူများအတွက် သင့်တော်သည့် လေကြောင်းတစ်ရပ် ဖြစ်သည်။ ကမ္ဘာ့ခရီးသွားများ အဆင့်ဖြစ်အောင် လက်ဆွဲအိပ်ကြီးကြီး ယူလာမိသဖြင့် အလကား မရတော့ပေ။
လေယာဉ်ပေါ် ရောက်သောအခါ ဘာမှ မကျွေးသဖြင့် ပို၍ သိသာလာသည်။ ဈေးသက်သာသည့် လေကြောင်းလိုင်း ဖြစ်သောကြောင့် ရေတစ်ခွက်ပင် အလကား မရတော့ပေ။ ဝယ်ယူ စားသောက်ကြရသည်။ လေယာဉ်ပေါ်မှာလည်း စားသောက်ဖွယ်ရာများအတွက် ဘဏ်ကဒ်ဖြင့်သာ ငွေချေရသဖြင့် ဘဏ်ကဒ် မရှိလျှင် ရေပင်သောက်ဖို့ မလွယ်တော့ပေ။ “ငွေသားနဲ့ မရောင်းဘူးလား”ဟု မေးကြည့်ရာ။ “No. Sorry”ဟု ဖြေသည်။
အစားအသောက်ရောင်းသည့် လေယာဉ်ဝန်ထမ်းက သနားသွားပုံရသည်။ နောက်မှ ရေတစ်ပုလင်းနှင့် ပလပ်စတစ် ရေခွက်တစ်ခွက် လာပေးသည်။ “လိုက်ဆို။ နိဗ္ဗာနဿ . . . ပစ္စယော . . . ဟောတု”ဟူ၍ စိတ်ထဲကသာ ချပေးလိုက်တော့သည်။ အလကားရသည့် ကရုဏာရေကို အ၀သောက်ပြီး ကန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတမ်း ကောင်းကင်ပြင်မှာ အဆင့်မြင့်မြင့် တရေးတမော အိပ်ခဲ့သည်။
:)
ရှင်အာစာရ

No comments:
Post a Comment