(August 2, 2017)
:)
ရှင်အာစာရ
-----
ဓာတ်ပုံ - @ Howe Caverns, NY
"လှလိုက်တာနော်"လို့ အလှတရား ခံစားနေတဲ့ တစ်ယောက်ယောက်ကို
မြင်လိုက်ရရင် မြင်ကွင်းလေး "သိပ်လှတာပဲ"လို့ မခံစားမိဘူးလား။
ခံစားမိသင့်ပါတယ်။
ဒီနေ့တော့
အဝေးကနေ လှမ်းမြင်လိုက်ရ ကတည်းက "ပန်းကလေးတွေ" လှလိုက်တာလို့
ခံစားမိလိုက်တယ်။ အဝေးမှာတုန်းက ထည့်မစဉ်းစားမိခဲ့တဲ့ ပန်းပျိုးသူ
ပန်းပြုသူရဲ့ ပန်းလုံ့လကိုတော့ အနီးရောက်တော့မှ မျက်ဝါးထင်ထင်
မြင်လိုက်ရတာ။ သူက သူ့အလုပ်သူ ဂုဏ်ယူတယ်။ ပန်းလေးတွေကို ပြုစုပေးနေတာ။
နေ့စဉ် အလုပ်ချိန် ငါးနာရီ တဲ့။
"မင်းတို့လာရင် ငါ့ပန်းလေးတွေ လှနေအောင် လုပ်ပေးနေတာလေ။ လှလား ဟင်။"
"Wonderful! Super Nice! Super-duper beautiful!"
"ကျေးဇူးပါ။"
သူလည်း သူ့ပန်းတွေလို လှတာပါပဲ။ သူ့ပန်းတွေလို အနုအလှတော့ မဟုတ်ပါဘူး။ သူက
ရင့်ရင့်ကျက်ကျက် လှတာ။ ဆံဖြူ။ သွားကြွေ။ ခါးကိုင်း။ အရေတွန့် နေလောင်။
လှလား ဟင်။ သိပ်လှတာပဲ။
သူ့အလုပ်အတွက် သူငွေယူရမှာပေါ့။ ဒါပေမယ့်
သူလုပ်တာက ငွေရဖို့ထက် လှဖို့အတွက် အဓိက။ သူ့ပန်းလေးတွေ မြင်သူငေးအောင်
လှစေချင်တာ။ လူတကာတွေ အလှငေးတဲ့ရသ ခံစားကြစေချင်တာ။ မြင်ကွင်းက သိပ်လှတာပဲ။
သူ့ပန်းပင်လေးတွေကို သူ ပြုစုတယ်။ ညှိုးတာ နွမ်းတာ ရိတာလေးတွေ ဖယ်ထုတ်တယ်။
အစာကျွေးတယ်။ ရေတိုက်တယ်။ ဟုတ်တယ်။ ရေလောင်းတာ မဟုတ်ဘူး။ ရေတိုက်တာ။
ပန်းလေးတွေလည်း လူတွေလိုပဲလေ။ လှအောင်လုပ်ပေးမှ လှတာ။ ဖြစ်ချင်ရာဖြစ်၊
ဖြစ်ချင်သလိုဖြစ်၊ လုပ်ချင်တာလုပ်၊ နေချင်သလိုနေ။ ဒါဆိုရင် လှပါ့အုံးမလား။
အနည်းဆုံး . . . မနက် အိပ်ယာထတာနဲ့ မျက်နှာသစ်ရတယ်။ မျက်ချေးတွေနဲ့ဆိုရင်
မလှတဲ့အပြင် ရွံစရာ။ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သုပ်သင်။ အခြေခံ
သန့်ရှင်းရေး အမြဲလုပ်ရတာ မဟုတ်လား။ ပိုလှချင်ရင် ပိုပြီး ဂရုစိုက်ရတာ။
ပန်းလေးတွေလည်း အဲ့လိုပဲလေ။
လူတွေလည်း ပန်းလေးတွေလိုပဲပေါ့။
နောက်ပြီးတော့ . . . လူတွေမှာက စိတ်လည်းလှဖို့ လိုသေးတာ။ လူလှချင်တဲ့စိတ်။
စိတ်လှချင်တဲ့စိတ်။ ကိုယ့်အတွက် လှချင်တာ။ သူ့အတွက် လှချင်တာ။ ကိုယ်ပေါ်က
မျက်ချေးနှပ်ချေး အညစ်အကြေးတွေ ဖယ်ရှားရသလို စိတ်အညစ်အကြေးတွေလည်း
ဖယ်ရှားရတာ။ တစ်ခါတင် မကဘူး၊ တစ်ရက်နှစ်ရက်တင် မရဘူး။ အမြဲတမ်း
ရှင်းပေးနေရတာ။ အဲ့ဒါမှ လှတာ။ စိတ်အာဟာရ ရရှိဖို့လည်း အစာကျွေးရသေးတာ။
စိတ်အေးအောင် ရေလောင်းရသေးတာ။ အဲ့ဒါမှ လှတယ်။ လှလာ ဟင်။
:)
ရှင်အာစာရ
-----
ဓာတ်ပုံ - @ Howe Caverns, NY
No comments:
Post a Comment