Monday, August 7, 2017

ဘော့စတွန် လမ်း

(August 6, 2017)



Albaby NY ကနေ Boston MA ကို ကားနဲ့သွားတာ သုံးနာရီခွဲလောက် ကြာမယ်တဲ့။ လူငါးဆယ်လောက် တင်ထားတဲ့ Greyhound ဆိုတဲ့ ဒီကားကြီးနဲ့တော့ ခက်ပါတယ်။ $59 ပေးရပြီး မတန်လိုက်တာ။ Albanyကနေ မနက် (၁၀)နာရီ ထွက်မယ်ဆိုပြီး နာရီဝက် နောက်ကျခဲ့တယ်။ လေယာဉ်တွေတောင် ထွက်ခွာချိန် နောက်ကျတတ်သေးတာဆိုတော့ ထားပါတော့။ ဆိုးတာက အနံ့ဆိုးတာ။ ဒီကောင်တွေ ကြီးကြီးကျယ်ကျယ်နဲ့ ကားမှာ အိမ်သာခန်း ထည့်ထားတယ်။ မွှေးကြိုင်နေတဲ့ အိမ်သာဆိုရင်တော့ ဂုဏ်ယူစရာပေါ့။ ခုဟာက နံစော်နေတာ။ ခန္တီအားကြီးတာလား၊ အိမ်သာနံ့ ရိုးနေတာလား၊ အိမ်သာနံ့ ကြိုက်တာလားတော့ မသိပါဘူး။ သူတို့ကတော့ မုံမှန်ပဲ။ ကိုယ့်မှာသာ ခေါင်းတွေမူးအောင် အနေခက်နေတာ။

အခြေအနေ ကြည့်လိုက်တော့ အိမ်သာခန်းက နောက်ဆုံးမှာ။ ခုံတန်း သုံးခုကျော်မှာ။ သွားကြည့်လိုက်တော့ အိမ်သာခွက်က အဖုံးပွင့်နေတယ်။ ဒါကြောင့် နံတာဖြစ်မယ်။ အိမ်သာ တံခါးက ပွင့်နေတယ်။ ဒါကြောင့် ပိုဆိုးတာ။

အိမ်သာခြေရင်းက ခုံတွေမှာတော့ . . . အမဲမလေးတစ်ယောက်အနံ့ရှူရင်း အိပ်မောကျနေတယ်။ အဖြူကောင်လေး ဖုန်းပွတ်နေတယ်။ အနံ့ကြိုက်လို့လား မသိဘူး။ ငနဲက ဖုန်းပွတ်ရင်း တပြုံးပြုံးနဲ့။

အိမ်သာခွက်ကို ပိတ်ပေးလိုက်တယ်။ အနံ့ထွက်တာ သက်သာသွားမယ်။ အိမ်သာတံခါး ပိတ်ပေးလိုက်တယ်။ ပိတ်မရဘူး။ ပြန်ပွင့်တယ်။ တံခါး ပျက်နေတာ။ ငါလည်း ဒီလောက်ပဲ တတ်နိုင်တယ်။ နိုင်ငံကြီးသားတို့ ဆက်ရှူကြအုံးပေါ့။ ကိုယ့်နေရာကိုယ် ပြန်ထိုင်တယ်။

အကြံတစ်ခုတော့ ရပြီ။ အမေရိကန် ကားအိမ်သာ တိုးတက်အောင် မြန်မာ့နည်းပညာနဲ့ ကူညီလိုက်မယ်။ စိုင်ပြင်က ရာဟုလာမှာ ဘီရိုတံခါးတွေ ပြန်ပွင့်မလာအောင် ဂျပ်စက္ကူကို တံခါးကြားညှပ်ထားပြီး ပိတ်ကြတာ တွေ့ဖူးတယ်။ အဲ့ဒီအတိုင်း လုပ်ပေးလိုက်မယ်။ ခဏဖြစ်ဖြစ် တံခါးလုံသွားရင် အနံ့ထွက်တာ သက်သာမှာပေါ့။

ခက်တာက ကားပေါ်မှာ ဂျပ်စက္ကူ မရှိဘူး။ အင်း . . . မုန့်ဗူးခွံဆိုရင် ရတယ်။ Albanyက ထည့်ပေးလိုက်တဲ့ လမ်းစာထုပ်ကလည်း ကားဝမ်းထဲမှာ။ အရင်းအမြစ် လိုနေပြီ။ အိမ်သာတံခါး ပွင့်နေတုန်း။ အမဲမလေး အိပ်နေတုန်း။ အဖြူကောင်လေး ဖုန်းပွတ်နေတုန်း။

ဟုတ်တာပေါ့။ ကားလက်မှတ် ရှိတယ်။ ကားအိမ်သာ မကောင်းပေမယ့် ကားလက်မှတ်ကျ အဆင့်မြင့်တယ်။ လေယာဉ်လက်မှတ်လိုရှည်ရှည်လေး လုပ်ထားတဲ့ ကားလက်မှတ်ကို သုံးခေါက်ခေါက်၊ ကြားညှပ်ပြီး အိမ်သာတံခါး စေ့သွားအောင် ပိတ်ပေးလိုက်တယ်။ အလုပ်ဖြစ်တယ်။

အသိဉာဏ်နည်းတဲ့ တစ်ကောင်ကောင်က အိမ်သာဝင်ပြီး အိမ်သာခွက် ပြန်မပိတ်ခဲ့ရင်၊ အိမ်သာတံခါး ပွင့်လျက်ကြီး ချန်ထားခဲရင် . . . သူတော်ကောင်းစိတ်နဲ့ (နိုင်ငံကြီးသား ပီသစွာ) ကားအိမ်သာ ကြီးကြပ်ရေး လုပ်ပေးရအုံးမှာပေါ့။

အိမ်သာခွက် နဲ့ အိမ်သာတံခါး လုံလုံခြုံခြုံ ဖြစ်သွားပြီမို့ သူရှူနေကျအနံ့ မရတော့လို့ မကျေမနပ် ဖြစ်သွားသလား မသိပါဘူး။ အိမ်သာခြေရင်းခုံက အဖြူကောင်လေး ဖုန်းပွတ်ရင်း မဲ့ရှုံ့နေလေရဲ့။ အမဲမလေး အေးချမ်းစွာ ခွေခေါက်လို့။ အနံ့ဆိုး သက်သာသွားပြီဖြစ်တဲ့ အဆင့်မြင့် ခရီးသည်တင် ယာဉ်ကြီးကတော့ ဘော့စတွန်သို့ . . .။

:)
ရှင်အာစာရ

No comments:

Post a Comment