Monday, August 7, 2017

နိုင်ဂရာ လမ်း

(August 3, 2017)






ပစ္စဘတ်မြို့မှ နိုင်ဂရာရေတံခွန်သို့ အသွား (၁၃၅)မိုင် ရောက်သောအခါ Rest Areaကို တွေ့ရသည်။ အနားယူရန် နေရာ ဖြစ်သည်။ ခရီးသွားများအတွက် ကားရပ်နားရာ ဖြစ်သည်။ အနားယူသင့်ပြီ။ အထူးသဖြင့် ကားမောင်းဆရာတော် အနားယူရမည်။ ရှေ့ဥပစာ မြက်ခင်းဘေးမှာ ကားရပ်ထားပြီး အဆောင်ထဲသို့ ဝင်လိုက်ကြသည်။ နားနေဆောင်သည် နာယကကျောင်းဆောင်နှင့် ဆင်တူသော်လည်း ခရီးသွား နာယကဆရာတော်များ အနားယူရမည့် အာဂန္တုကသာလာ ကျောင်းဆောင်မဟုတ်သည်မှာ အတွင်းရောက်သည်နှင့် ပို၍ သေချာသွားသည်။ ကျား-မ တစ်ဘက်စီ ခွဲပေးထားသည့် Rest-roomခေါ် အိမ်သာခန်းများ အစီအရီ ရှိကြသည်။

အထဲမှာ ဈေးဝယ်သူ တစ်ယောက်စ နှစ်ယောက်စ ရှိနေသည်။ နားနေဆောင် အတွင်း၌ ရောင်းသူမဲ့ စက်ဈေးဆိုင် ရှိသည်။ အပေါ့အပါးသွားရင်း ပေါ့ပေါ့ပါးပါး စားစရာ သောက်စရာများ ဝယ်ယူစားသုံးနိုင်သည်။

အပေါ့အပါး သွားပြီးနောက် ဆိုင်မှာလူရှင်းနေခိုက် ဝင်းဒိုးရှော့ပင်း လုပ်ရင်း စက်ဆိုင်မှ ညွှန်ကြားချက်အတိုင်း စမ်းကြည့်သည်။ Hot Chocolate - whipped ဝယ်ယူရန် စက်ပေါက်ထဲသို့ တစ်ဒေါ်လာတန် အကြွေစေ့ ထည့်ပြီးနောက် ကုဒ်နံပါတ် G3ကို နှိပ်ရသည်။ ပလပ်စတစ် ခွက်ရှည်တစ်ခု ကျွမ်းထိုး၍ ကျလာပြီးနောက် ခွက်ထဲသို့ ချောကလက်ရည် ကျလာသည်။ လျှံကျမှာ စိုးရိမ်မိသော်လည်း အချိန်မီ ရပ်သွားသည်။

မြက်ခင်းပြင် စားပွဲမှာ အခန့်သားထိုင်၍ အနားယူရင်း အိမ်သာစက်ဆိုင်မှ ဝယ်ယူခဲ့သည့် ချောကလက်ရည်ကို သောက်သည်။ အရသာမှာ ပူနွေးနွေး ထန်းလျက်ရည်ကျဲကျဲ အရသာ ဖြစ်သဖြင့် နည်းနည်းသာ မြည်းကြည့်ပြီး ပြားကိုးဆယ်ဖိုးခန့်ကို စွန့်လိုက်တော့သည်။ ထို့နောက် နိုင်ဂရာသို့ ခရီးဆက်ခဲ့ကြသည်။

:)
ရှင်အာစာရ

No comments:

Post a Comment