Tuesday, August 22, 2017

တစ်ခရီးတည်း



 ကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မီးရထားနဲ့ ခရီးသွားရင်း အချိန်ရှိခိုက် လုံ့လစိုက်မိဖို့ စာဖတ်နေတုန်း တိုင်တတ်တောတတ် ချောက်တွန်းတတ်တဲ့ အကျင့်ဆိုးကို ထောက်ပြပြီး သတိပေးတဲ့ စာပါအကြောင်းအရာက တိုက်ဆိုင်လာတော့ အဲ့ဒီလို လုပ်တတ်တဲ့ ရွာကျင့်ရွာကြံ အတိုင်အတော အတို့အထောင် အတွန်းအထိုး ကလန်ကဆန် ကိစ္စတွေက စိတ်ထဲမှာ အထင်းသား ထင်လာပြန်တယ်။

စာအုပ်ကိုပိတ် ဖုန်းကိုဖွင့်ပြီး ဖတ်မိတဲ့ သတင်းထဲက မှတ်သားစရာ အသုံးအနှုန်းလေးတွေကတော့ ကြင်နာတဲ့ သွေးစည်းမှုဆီ လမ်းညွှန်နေတယ်။ သတိပြုစရာ အသုံးလေးတွေက . . . ရပ်သူရွာသား အချင်းချင်း သင့်တင့်မျှတကြစေချင်တဲ့ "ကမ္ဘာရွာ"ဆိုတဲ့ စကားအသုံး "global village"၊ "citizens of the same planet" ဆိုတဲ့ "တစ်ဂြိုဟ်တည်းသားချင်းတွေ"၊ "citizens of the universe" ဆိုတဲ့ "စကြဝဠာထဲမှာ အတူနေကြသူတွေ"။

သတိရမိတဲ့ သီချင်းစာသားက "ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး။" ဆက်စပ် ယူရမိတာက "တိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး။"

ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်မယ်ဆိုရင် တွန်းထိုးမချဘဲ ချစ်ချစ်ကြည်ကြည် တွဲကူညီကြရမယ့် သံသရာ ခရီးသွားတွေ။ မပူမလှုပ်တဲ့ အငြိမ်းလမ်း အငြိမ်လမ်း နိဗ္ဗာန်ခရီး တူရင်တော့ တစ်ခရီးတည်း သမားတွေ။

ထုတ်မိတဲ့ မေးခွန်းတွေက တိုင်နေမှာလား တွဲမှာလား။ ထိုင်နေမှာလား ထရွှေ့မှာလား။ တွန်းထုတ်မှာလား ဆွဲခေါ်မှာလား။ ပူချင်လှုပ်ချင်တာလား ငြိမ်းချင်ငြိမ်ချင်တာလား။




:)
ရှင်အာစာရ

No comments:

Post a Comment