“အရှင်ဘုရား . . . ဘယ့်နှယ်လဲ။ ဒီနေ့ ဘုဉ်းပေးလို့ ကောင်းရဲ့လား။”
“ကောင်းတယ်။ မုန့်ဟင်းခါး နှစ်ပန်းကန်။”
“နည်းတာပေါ့။ တပည့်တော် . . . သုံးပန်းကန် နည်းနည်းကျော်သေးတယ်။ ဟဲ ဟဲ။ အဲ . . . ဒီမှာ အစာကြေဆေး ဘုဉ်းပေးလိုက်အုံး။ မြန်မာဆေး . . . လျှက်ဆားလည်း ရှိတာပဲ။”
အမေရိကန်ရောက် မြန်မာတွေအတွက် မုန့်ဟင်းခါး တော်တော်ပေါပါတယ်။ ဒီမှာပဲ လုပ်ရောင်းတဲ့သူ ရှိတယ် တဲ့။ ဒါပေမယ့် ပြည်တွင်းဖြစ် မြန်မာမုန့်ဟင်းခါးလောက်တော့ မကောင်းဘူး ထင်တာပဲ။ အမေရိကန်ထက် မြန်မာသာတာဆိုလို့ ရှားရှားပါးပါး မုန့်ဟင်းခါးပဲ တွေ့ဖူးသေးတယ်။
ဆွမ်းစားပြီး ကျောင်းအပြန် . . . ကန်လမ်းမတွေကတော့ ပြောစရာ မရှိအောင် ကောင်းမွန်ပါတယ်။ ဒိုးဒိန်းဂျိုးဂျိမ်း ယိမ်းထိုးလမ်းတွေ၊ မြေပဲယိုလို အပေါက်ဖာလမ်းတွေနဲ့ မယှဉ်သာဘူးပေါ့။ စနစ်ကျတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ စိမ်းစိုတဲ့ လမ်းဘေးရှုခင်းတွေက အဝေးပြေး လမ်းမကြီးရဲ့ အလှကို ပံ့ပိုးပေးနေပါတယ်။ ကားက တစ်နာရီ ခြောက်ဆယ့်ငါးမိုင်နှုန်း မောင်းနေပါတယ်။ အဝေးပြေး ခရီးမို့ ကားဆရာ မအိပ်ချင်အောင် ဘေးကနေ စကားပြောပေးနေရပါတယ်။ တကယ်တော့ စကားနားထောင်ပြီး စကားထောက်ပေးနေရတာ ဖြစ်ပါတယ်။ ကားဆရာက လေလျှောက်ကောင်းသူ ကြီးပါ။
“ဗိုက်လေးလေးနဲ့ မငိုက်အောင်သာ သတိထား မောင်းပေတော့ ဗျာ။ ဟဲ ဟဲ။”
“ရပါတယ် ဘုရား . . .။ ဒီမှာ ကားမောင်းရတာ မအိပ်ချင်ဘူူးရယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေ ကြည့်နေရတာနဲ့ . . . မောင်းရမယ့် မိုင်နှုန်းကန့်သတ်ချက် လမ်းညွှန်လေးတွေ ကြည့်နေရတာနဲ့ . . .။ မိုင်နှုန်းက တစ်နေရာနဲ့ တစ်နေရာ မတူဘူး . . . သတိထားမိလား။ ကွေ့ရင်ကွေ့သလို၊ လမ်းကူးရှိရင် ရှိသလို အရှိန်ထိန်းဖို့ သတိပေးတာ။ တိုင်လေးတွေမှာ စာရေးပြထားတယ်။ အဲ့ဒီ မိုင်နှုန်းအတိုင်း မောင်းရတာ။ သတ်မှတ်ချက်ထက် ကျော်မောင်းရင် အဖမ်းခံရမယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက . . . ကားနဲ့လိုက်ပတ်နေတယ်။ ကောင်းကင်က ထောက်လှမ်းတာလည်း ရှိတာပဲ။ အဓိကက . . . လမ်းဘေးမြင်ကွင်း စိမ်းစိုနေတော့လည်း . . . စိတ်လန်းတာပေါ့။”
“ဟုတ်တယ်နော်။ လမ်းဘေးမှာ . . . တောထဲတောင်ထဲအထိ စိမ်းနေတာ။ ဟိုတောင်ကုန်း ထိပ်မှာတော့ ဖွေးနေတယ်။ ထိပ်ပိုင်း တောင်စောင်းမှာ သစ်ပင်မြက်ပင် မရှိဘူး။”
“အဲ့ဒါပဲ . . . အရှင်ဘုရား။ အဲ့ဒါ တောင်ကုန်း မဟုတ်ဘူး အရှင်ဘုရားရေ။ အမှိုက်ပုံ။ အမှိုက်ပုံ အပေါ်ကမှ . . . စိမ်းနေအောင် မြက်စိုက်တာ။”
“သြ။”
တကယ့်ကို သြချလောက်ပါပေတယ်။
“အမှိုက်ကနေ ရွှေဖြစ်တယ်ဆိုတာ ဒီကောင်တွေမှ တကယ်မှန်တာ အရှင်ဘုရားရေ . . .။ တပည့်တော်တို့ နိုင်ငံက လေပဲရှိတာ။ အမှိုက်တောင်ကုန်းပေါ်ကနေ စွန်လွှတ်နေကြတာ တွေ့ဖူးတယ်။ အမှိုက်တောက အပန်းဖြေစခန်း ဖြစ်သွားတယ်။ ပျော်ပွဲစားတောင် လုပ်တယ်။ အဲ့ဒီလို အမှိုက်ပုံတွေ ဘယ်သူပိုင်တယ်ထင်လဲ။ အရှင်ဘုရား . . . သူဌေးတွေ ပိုင်ကြတာ။ မီလျံနာတွေ။ ဟား ဟား ဟား။ အမှိုက်ကနေ စွမ်းအင်ထုတ်တယ်လေ။ မီသိမ်းဓာတ်ငွှေ့ ထုတ်တာ။”
“သြ၊ သြ။”
“အမှိုက်ကို မျိုးခွဲတယ်။ သစ်သီးသစ်ရွက် . . . ဆွေးတဲ့အမှိုက်၊ ပလပ်စတစ်အမှိုက်၊ နောက်ပြီးတော့ . . . ဖန်ပုလင်းတွေ၊ သံဗူးတွေ။ အဲ့ဒီကနေမှ ဓာတ်ငွှေ့ထုတ်တာ။”
ကားဆရာလည်း နည်းနည်းပါးပါးတော့ ရွှီးရမှာပေါ့။ အမှိုက်သုံးမျိုး ခွဲတာနဲ့ ဓာတ်ငွေ့ထုတ်တာ . . . ကြားထဲမှာ လုပ်ငန်းစဉ်တွေ ကျန်ပါလိမ့်အုံးမယ်။ သူလည်း ဒီလောက်ပဲ သိမယ်ထင်ပါတယ်။ သူ့အလုပ်မှ မဟုတ်တာ။ ဒီလောက်ဆိုရင် ရပါပြီ။ ကိုယ်လည်း . . . ကိုယ့်အလုပ်မှ မဟုတ်တာ။ နည်းပညာ ဝေါဟာရတွေ၊ နည်းပညာ ပစ္စည်းတွေ၊ နည်းပညာ လုပ်ငန်းစဉ်တွေ သူပြောပြလည်း နားလည်မှာမှ မဟုတ်တာ။
သူက အမှိုက်ကနေ ဓာတ်ငွှေ့ထုတ်တဲ့အကြောင်း ပြောပြနေတုန်း . . . ကိုယ်က ကိုယ့်ဓာတ်ငွှေ့ကိုယ် ထုတ်လိုက်မိတယ်။ စားတာ နည်းနည်း များသွားလို့လား၊ လျက်ဆားလျက်လိုက်လို့လား။ လေလည်မိသွားပြီ။ ဒုက္ခပါပဲ။ အနံ့ထွက်သွားရင် အားနာစရာ။ ရှက်လည်း ရှက်စရာ။ အသံမထွက်တဲ့ လေပုန်းမို့ တော်ပါသေးရဲ့။ လေအေးပေးစက် ဖွင့်ထားတော့ အနံ့ မဆိုးလောက်ပါဘူး။ အဲ . . . အနံ့ နည်းနည်း ထွက်လာတယ်။ ခက်တော့တာပဲ။ သူ့များတွေလည်း ရှူနေကြရပြီလား။ ဟူး . . .။အနံ့က ဆိုးဆိုးဝါးဝါးကြီး ဆက်ထွက်မလာလို့ တော်ပါသေးရဲ့။ ကားဆရာ နှုတ်ဆိတ်နေတုန်း မျက်လုံးမှိတ်ပြီး အိပ်ချင်ဟန် ဆောင်နေလိုက်ရရင် ကောင်းမလား။
“အဟမ်း . . . အရှင်ဘုရား . . . ခုနက အနံ့ ရလိုက်လား။”
သူ့ချောင်းဟန့်သံက မိုးကြိုးသံလောက် ပြင်းထန်တယ်။ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတာပဲ။ ခက်တော့တာပဲ။ ဘုရား ဘုရား။ ဒီမျက်နှာကြီး ဘယ်သွားထားရပါ့။ မှန်ရာကို သစ္စာဆိုရမယ့် အချိန် ရောက်ပြီလား။
“အင်း . . . အဲ . . .။”
“အဲ့ဒါလေ . . . အမှိုက်ပုံ တောင်ကုန်းမှာ စက်ရုံရှိတယ်။ အမှိုက်ကနေ ဓာတ်ငွှေ့ထုတ်တဲ့ အနံ့က ဒီဘက်ထိ ရောက်လာတယ်။ မီသိမ်းဓာတ်ငွေ့နံ့ . . . တစ်ခါတစ်ခါ ဒီလိုပဲ။”
“အင်း . . . . .”
တော်ပါသေးရဲ့။
:)
ရှင်အာစာရ


No comments:
Post a Comment