Sunday, August 20, 2017

ဟူးဗား တမံ

(Aug 20, 2017)




"ဒီရောက်လို့မှ မသွားရင် နောက်မှ နောင်တရမယ်။ ကမ္ဘာကျော်ဆည်ကြီးနော်" ဆိုလို့ သွားလိုက်တယ်။
"ဒုတိယကမ္ဘာစစ် မတိုင်ခင်က လုပ်ခဲ့တာ။ ဒီကနေ လျှပ်စစ်ထုတ်နိုင်လို့ စစ်အတွင်းမှာ နျူကလီယားထုတ်နိုင်တာ။ အဲ့ဒီကနေ ဗိုလ်ဖြစ်သွားတာပေါ့။ ဆောက်လုပ်ရေး ငါးနှစ်ကြာတယ်။ အဲ့ဒီတုန်းက စီးပွားရေး ပျက်နေတဲ့အချိန်။ ဆောက်လုပ်ရေးမှာ လူတစ်ရာလောက် သေခဲ့တယ်တဲ့။ ဂျင်နရေတာတွေကို ဗုံးကြဲဖျက်ဆီးလို့ မရအောင် မြေအောက် ပေငါးရာမှာ ထားတယ်။ ကြည့်တဲ့သူတွေ ဓာတ်လှေကားနဲ့ ဆင်းရတယ်။ အခု ပြည်နယ်သုံးခုကို လျှပ်စစ်ပေးနေတာ။ တစ်ခါမှ မီးမပျက်ဖူးဘူး။ ကန္တာရထဲမှာ ရေလည်း အဆင်ပြေတာပေါ့။ သူတို့ တော်တာက တစ်ခါတည်း ကောင်းကောင်း ရင်းနှီးမြှုပ်နှံလိုက်တယ်။ ကောင်းအောင်လုပ်ပြီး အကြာကြီး စားတော့တာ။ သူတို့ တင်စားတဲ့ Eagle လိုပဲ။ အဝေးကြီး လှမ်းမြင်တာ။ Eagle ကောင်းကင်ကနေ လှမ်းကြည့်ပြီး သားကောင်မြင်လို့ကတော့ ထိုးချပြီး ဖမ်းလိုက်တာ ရေထဲကငါးတောင် မလွတ်ဘူး။"

တကယ်လုပ်ထားတာပဲ။ ပြစားတာတောင် ငွေတော်တော်ရမယ်။ ဘယ်လိုလုပ်တယ်၊ လျှပ်စစ်ဘယ်လို ထွက်လာတယ် ဆိုတာတွေ ဧည့်လမ်းညွှန်က ရှင်းပြပေမယ့် နားမလည်လှပါဘူး။

"ငါးသောင်းလောက်ပဲ ကျမှာ။ မြန်မာမှာ ဆိုရင် သီတဂူ ဆရာတော်ကြီးလောက် ဘုန်းကြီးမှ စီးနိုင်မှာ။ ကြုံတုန်း စီးပါ"ဆိုတော့ ရဟတ်ယာဉ်လည်း စီးလိုက်သေးတယ်။ အကြာကြီးတော့ မစီးရဲပါဘူး။ သုံးမိနစ် စီးတာတောင်မှ . . . ပြုတ်မကျဘူးလို့ စိတ်တင်းထားပေမယ့် လက်ကိုင်ကွင်း ဆုပ်ထားတဲ့လက်က ပိုတင်းနေတယ်။ ဗီဒီယိုမှတ်တမ်းယူတော့လည်း ကြောက်နေတော့ ထိချက်က သိပ်မမှန်။




:)
ရှင်အာစာရ

No comments:

Post a Comment