(Aug 19, 2017)
မဟာကန္ဒရ ဆိုတာက မဟာချောက်ကမ်းပါးကြီးကို ဆိုလိုပါတယ်။ အင်္ဂလိသဘာသာနဲ့ Grand Canyon တဲ့။ ကြီးကျယ်ရှည်လျားပြီး နက်သျှိုင်းတဲ့ အဲ့ဒါကြီးက ကန်နိုင်ငံ အရီဇိုးနား ပြည်နယ်မှာ ရှိပါတယ်။ အဲ့ဒီဒေသမှာ တွေ့ခဲ့တဲ့ လေးငါးယောက်က ဗုဒ္ဓဘာသာနဲ့ နီးစပ်ပုံရပါတယ်။ ကျန်တဲ့ အများစုကတော့ သူ့စတိုင်နဲ့သူ ခပ်ကင်းကင်း နေကြပါတယ်။ ကိုယ်လည်း ကိုယ့်စတိုင်နဲ့ကိုယ်ပေါ့။ ဘာအရေးစိုက်ရမှာလဲ။
ဗုဒ္ဓဘာသာနဲ့ ဆက်စပ်မိတဲ့ ဧည့်သည်မိသားစု (သုံးယောက်)က ဒလိုင်းလားမားရဲ့ တပည့်တွေ တဲ့။ ဝမ်းသာအားရ လက်အုပ်ချီ ဦးညွတ် နှုတ်ဆက်ပြီး ဒလိုင်းလားမားရဲ့ တပည့်တွေလားလို့ မေးကြတယ်။ ဆရာတော်ကြီးရဲ့ အန္တေဝါသိက တပည့်မဟုတ်ပေမယ့် ဆရာတော်ကြီးကို လေးစားသောအားဖြင့် Yes လို့ပဲ ဖြေလိုက်ပါတယ်။ ဂုဏ်ငယ်သွားတယ် မထင်ပါဘူး။ ကမ္ဘာ့ဗုဒ္ဓဘာသာ မျက်နှာစာမှာ ဒလိုင်းလားမားဆရာတော်ကြီးကို ကျော်နိုင်သူ တော်တော်ရှားတယ်လေ။
နောက်တစ်မျိုးက ကွန်ဖူးတတ်သလား မေးတဲ့သူတွေ။ ရှောင်လင်ဇာတ်ကား တော်တော်ကြည့်ပုံရပါတယ်။ ကလေးတစ်ယောက်က သူ့အမေကို ပူဆာတယ်။ "ဘုန်းဘုန်းတွေနဲ့ မိတ်ဆက်ပေးပါ။" ဒီလိုနေမှာပေါ့။ သူ့အမေက ရယ်ကျဲကျဲနဲ့ မိတ်ဆက်ပေးတော့ "ကွန်ဖူးတတ်ရင် သင်ပေးပါ"တဲ့။ လူနောက်လေးလား မသိပါဘူး။ ကွန်ဖူးတတ်ချင်ရင် ကျောင်းလိုက်ခဲ့ဆိုတော့ ထွက်ပြေးတယ်။
အဖြူမ တစ်ယောက်ကတော့ ချောက်ကမ်းပါးမှာ မဟာကန္ဒရာနုဿတိ ပွားနေတုန်း သူ့ကို Blessingလုပ်ပြီး ကောင်းချီးပေးပါ တဲ့။ မိတ်ဆွေ ရဟန်းတော်က ကုသိုလ်ဖြစ် ပရိတ်တိုလေး ရွတ်ပေးလိုက်တယ်။ "ဘဝတု သဗ္ဗမင်္ဂလံ" ပေါ့။
ဒါက အများစု လက်ခံနိုင်လောက်တဲ့။ သာသနာရဲ့ အရိပ်အရောင်လေးတွေပါ။ တစ်ချို့ မြန်မာ ဗုဒ္ဓဘာသာတွေ မကျေမနပ် ဖြစ်နိုင်ချေ ရှိတာလေးတွေလည်း တွေ့ခဲ့ရပါသေးတယ်။
ဥပမာ . . . ချောက်ကမ်းပါးမှာ စေတီတစ်ဆူမှ တည်မထားဘူး။ ဘုန်းကြီးကျောင်းလည်း တစ်ကျောင်းမှ မရှိဘူး။ မြန်မာမှာ သာသနာ ထွန်းပုံမျိုး ဆိုရင်တော့ ချောက်ကမ်းပါးကြီးတစ်လျှောက် လှည်းဝင်ရိုးသံ ညံလောက်တယ်။ ကမ်းပါးပြတ်ကြီးကိုက စေတီပျက်ကြီးနဲ့ တူလိုက်ပုံများ။ အပေါ်ကနေ စေတီကြီး တည်လိုက်ချင်စရာ။ ဥုံဖွဆရာတော် တစ်ပါးပါးနဲ့ ခရိုနီ ခရိုဝါတွေ၊ သြဇာရှင်တွေ၊ ဥစ္စာရှင်တွေ ပူးတွဲ သာသနာပြုလိုက်ရင် ကမ္ဘာ့အံ့ဖွယ် စေတီကြီး ဖြစ်လောက်တယ်။ ချောက်ကမ်းပါးကြီးထဲမှာရှိတဲ့ ငုတ်စိလေးတွေကလည်း မြန်မာတိုင်းရင်းသား လေသံနဲ့ ပြောရရင် ပျက်စီးနေတဲ့ ဘုရားသားသားလေးတွေလိုပဲ။ စွမ်းရာစွမ်းရာ တပိုင်တနိုင်လေးတွေ မွမ်းမံပြုပြင် ထီးတော်တင်ပြီး အပူဇော်ခံလိုက်ကြရရင် တစ်ဆူစီအတွက် တစ်ဆွေစီတော့ ဝနိုင်တာပဲ။ ချောက်ကမ်းပါး အတွန့်အတွန့်လေးတွေမှာ ဘုန်းကြီးကျောင်းလေးတွေ တည်ထောင်လိုက်ကြမယ် ဆိုရင်လည်း . . . . .။ ဒါပေမယ့် ခုတော့ သူတို့အစိုးရက သဘာဝဟာ သဘာဝပါတဲ့။ သူ့အရပ်နဲ့ သူ့ဇာတ်မို့ တော်ပါသေးရဲ့။ မြန်မာမှာ ဆိုရင်တော့ . . . . .။
အဲ နောက်ဆုံး ပြောချင်တဲ့ ကန်တို့ရဲ့ ကောင်းကွက်လေးတွေလည်း ရှိပါသေးတယ်။ သာသနာရေးနဲ့တော့ မဆိုင်ပါဘူး။ အဲ့ဒီနေရာကြီးမှာ ပွစာတက်နေတဲ့ ဈေးဆိုင်တွေ၊ ဈေးခေါ်တွေ မရှိဘူး။ အားလုံး ဣန္ဒြေရရပဲ။ တောကြားတောင်ကြား ချောက်ကမ်းပါးပေမယ့် အိမ်သာသန့်တယ်။ အမှိုက်ရှင်းတယ်။ ရေလည်း မရှားဘူး။ ဟုတ်တာမဟုတ်တာ အပထားလို့ စီစဉ်ပေးထားတာက . . . သဘာဝ စမ်းရေ တဲ့။ ချောက်ထဲက ယူထားတာတဲ့။ အလကား ရပေမယ့် အရောင်ကတော့ ညိုညစ်ညစ်ပဲ။
:)
ရှင်အာစာရ



No comments:
Post a Comment