Wednesday, August 16, 2017

အစာ မကျွေးရ၊ မချုပ်မနှောင်ရ

(သြဂုတ် ၁၁၊ ၂၀၁၇)


ကန်နိုင်ငံ၌ မြန်မာနှင့် ခပ်ဆင်ဆင် တူသည်မှာ ကားမောင်းရင်း ဟွန်းတီးလျှင် ဆဲဆိုရာရောက်ခြင်းပင် ဖြစ်သည်။ ငှက်များကို လှောင်အိမ်ဖြင့် သယ်ဆောင်၍ ဇီဝိတဒါနအဖြစ် ဝယ်ယူလိုသူတို့ထံ ရောင်းချသည်မှာ မြန်မာ၏ ထူးခြားချက် ဖြစ်မည်။ အဆိုပါ ထူးခြားချက်၌ ရောင်းသူရော ဝယ်သူပါ အကုသိုလ် မဖြစ်လျှင် ကံကောင်းသည်။ ကန်နိုင်ငံ၌ ဤကဲ့သို့သော ရိုင်းစိုင်းမှုမျိုး မထင်ရှားပေ။
မြန်မာနိုင်ငံ အမြို့မြို့၌ သိသာထင်ရှားပြီး ဧည့်ဆွဲဆောင်မှု တစ်ရပ်ဖြစ်သော လိပ် ငါးတို့ကို သိုလှောင်၍ လိပ်စာ၊ ငါးစား ရောင်းချခြင်း၊ ငှက်ရောင်းခြင်း၊ ငှက်ဝယ်ခြင်း၊ ငှက်ဖမ်းခြင်း၊ ငှက်လွှတ်ခြင်း စသည်တို့မှာ ရောင်းသူဝယ်သူ မြန်မာတို့၏ လက်တွေ့အသုံးချ အတ္တဝါဒ ဖြစ်မည်ထင်၏။ ဤကဲ့သို့သော လူနှင့်တိရစ္ဆာန်တို့၏ ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ကန်နိုင်ငံ၌ ကျင့်သုံးသည့် စနစ်မှာ ထင်သာမြင်သာ ရှိလှသည်။ အစာ မကျွေးရ။ မချုပ်မနှောင်ရ။
ထိုသို့သော ကိစ္စများနှင့် အခြားအခြား များလှစွာသော ခပ်တင်းတင်း ကျင့်သုံးသင့်သည့် ကိစ္စရပ်များကို မြန်မာတို့ လိုက်နာနိုင်ရန် မလွယ်သေးပေ။ သို့သော် ဦးဆောင်သူ နိုင်ငံ့ဥသျှောင်တို့ ရဲ့သွေးပြမှ ဖြစ်တော့မည် ထင်၏။

ငှက်ကိစ္စနှင့် စပ်လျဉ်း၍ ကန်တို့၏ အတုယူဖွယ် တစ်ခုကို သတိထားမိသည်။ စည်းသတ်မှတ်ချက်များကို တည့်မတ်စွာ ကျင့်သုံးပြီး မထွက်ထွက်အောင် ညှစ်ထုတ်မှု များစွာ၌ ငှက်သတ္တဝါများကိုပင် အလျှော့ပေးမထားသည်ကို သတိပြုမိသည်။

ဖလော်ရီဒါ၌ လည်ရင်းပတ်ရင်း နေ့ဆွမ်းဘုဉ်းကြရာ ဇင်ယော်စသော ငှက်များ အနီးအပါးသို့ လာရောက်၍ အစာမျှော်ကြသည်။ ကြင်နာစွာ ပစ်လွှတ်သည့် ပေးစာကမ်းစာကို စားသုံးနေကျ ငှက်များ ဖြစ်လိမ့်မည်။

“တကယ်တော့ ငှက်စာ မကျွေးရဘူး။ သွားမကျွေးနဲ့။ ကျွေးတဲ့သူလည်း ရှိတော့ ရှိမှာပဲ။ ဒါပေမယ့် မကျွေးပါနဲ့။”

“တင်ပါ့။ မကျွေးပါဘူး။ ငှက်စာ မကျွေးရတော့ သန့်ရှင်းတာပေါ့။ လူတိုင်း ကျွေးနေရင် ညစ်ပတ်မယ်နော်။”

“မညစ်ပတ်အောင် တားရာလည်း ရောက်တာပေါ့။ အဓိကကတော့ . . . ငှက်ဆိုတာ ငှက်သဘာဝအတိုင်း အစာ ရှာစားရမယ်။ လူတွေကျွေးတာ စားနေရင် ငှက်တွေ ပျင်းသွားလိမ့်မယ်။ ငှက်တွေ ပျက်စီးတာပေါ့။ အဲ့ဒါကြောင့် မကျွေးရတာ။ မြန်မာမှာလို လှောင်အိမ်ထဲထည့်ရောင်းဖို့လည်း ငှက်မဖမ်းရဘူး။”

ငှက်တို့ကိုပင် ပြတ်သားစွာ ကြင်နာကြပေသည် တကား။

:)
ရှင်အာစာရ 

No comments:

Post a Comment