(July 8, 2017)
-----
ဒီနေ့ ၀ါဆိုသင်္ကန်း
ဆက်ကပ်ကြတယ်။ ဒီကျောင်းတိုက်ရဲ့ ဓမ္မာရုံဆောက်လုပ်ရေးအတွက်
ထည့်ဝင်လှူဒါန်းကြတယ်။ ၀ါဆိုကျောင်းအလှူပေါ့။ ဥပုသ်သည်တွေကို ဥပုသ်ဆွမ်း ကပ်ကြတယ်။
ဒီကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ရဟန်းသာမဏေတွေကိုလည်း နေ့ဆွမ်းဆက်ကပ်ကြတယ်။ ရဟန်းသံဃာတွေ
ဝါဆိုတဲ့ ရာသီမှာ ပြုကြတဲ့ ၀ါဆိုကုသိုလ်။
ရဟန်းသံဃာတွေ
ဝါဆိုဝါကပ်ကြတဲ့အတွက် ဒကာဒကာမတွေ ကုသိုလ်ပြုခွင့် ပိုလာတယ်။ သာသနာတော် တည်ထောင်စ အချိန်တုန်းကတော့
ဝါဆိုတယ်ရယ်လို့ မရှိဘူး။ ၀ါဆိုစရာ ကျောင်းလည်း မရှိဘူး။ ရဟန်းတော်တွေဟာ သစ်တစ်ပင်ရင်း
ဝါးတစ်ပင်ရင်မှာ သီတင်းသုံး ဆွမ်းခံဘုဉ်းပေးပြီး အရပ်တကာ လှည့်သွားနေကြတာပဲ။ အဲ့ဒီခေတ်က
စက်မှုမထွန်းကားသေးဘဲ စိုက်ပျိုးရေး မွေးမြူရေးပဲ ထွန်းကားတာဆိုတော့ . . . အရပ်တကာ သွားလာနေကြတဲ့
ရဟန်းတွေဟာ လူတွေရဲ့ စိုက်ခင်းတွေထဲ ဖြတ်လျှောက်ကြပြီး စိုက်ခင်းတွေ ပျက်စီးတော့ လူတွေက
မကျေနပ်ကြဘူး။ အဲ့ဒီတော့ မြတ်စွာဘုရားက မိုးတွင်းကာလမှာ အရပ်တကာ လျှောက်မသွားဘဲ တစ်နေရာရာမှာ
သီတင်းသုံးဖို့ ၀ါဆိုဖို့ အမိန့်ရှိတယ်။ စိုက်ပျိုးရေးအတွက် အဓိကကျတဲ့ မိုးရာသီမှာ
ခရီးသွားတာကို ကန့်သတ်တဲ့သဘော ပါမယ် ထင်ပါတယ်။ နောက်တစ်ဆင့်က ၀ါဆိုတဲ့ ရဟန်းတွေအတွက်
ဒကာဒကာမတွေက ကျောင်းဆောက်လှူဒါန်းကြတယ်။ ရဟန်းတော်တွေဟာ ကျောင်းတွေမှာ ၀ါဆိုပြီး ၀ါကျွတ်တာနဲ့
ခရီးထွက်ကြပြန်တယ်။ အရပ်တကာလှည့်ပြီး တရားဟော တရားပြ သာသနာပြုကြတာပေါ့။ အဲ့ဒီကနေ နောက်တစ်ဆင့်ကျတော့
ရဟန်းသံဃာ အရေအတွက်လည်း များလာတဲ့အတွက် ၀ါကျွတ်ချိန်မှာ ခရီးမထွက်ဘဲ ကျောင်းတိုက်ထဲမှာ
ဆက်လက်သီတင်းသုံးဖို့ ခွင့်ပြုတယ်။ ကျောင်းတိုက်ထဲမှာ တစ်နှစ်ပတ်လုံး သီတင်းသုံးကြတဲ့အတွက်
ကျောင်းတွေ မပျက်စီးအောင် စောင့်ရှောက်နိုင်တာပေါ့။ ဒကာဒကာမတွေလည်း ပစ္စည်းလေးပါး လှူဒါန်းခွင့်
ပိုရတာပေါ့။ တရားနာခွင့် ပိုရတာပေါ့။ ရဟန်းသံဃာတွေ ၀ါဆိုဝါကပ်ကြတဲ့အတွက် ဒကာဒကာမတွေ
ကုသိုလ်ပြုခွင့် ပိုလာတယ်။
သာသနာခေတ်ဦးကနေ
ဒီနေ့အထိ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သာသနာတော် ကြီးပွားလာတဲ့ အခါမှာ ရဟန်းတော်တွေ ၀ါဆိုဝါကပ်တာကို
အကြောင်းပြုပြီး ကောင်းကျိုးတွေ ရသလို ဆိုးပြစ်တွေလည်း ရှိလာတာပဲ။ ကောင်းကျိုးတွေကတော့
စောစောက ပြောခဲ့တဲ့ အတိုင်းပဲ။ ဆိုးပြစ်အနေနဲ့ သူ့ကျောင်းကိုယ့်ကျောင်း၊ သူ့ဘုန်းကြီး
ကိုယ့်ဘုန်းကြီး၊ သူ့ဒကာ ဒကာမ ကိုယ့်ဒကာ ဒကာမ ခွဲခြားမှုတွေ၊ အစွဲတွေ ရှိလာတာပဲ။ ရဟန်းအချင်းချင်း
ကျောင်းလုတာမျိုးတွေ ရှိလာတာပဲ။ ဆရာရဟန်းက တပည့်ရဟန်းကို ကျောင်းလွှဲတဲ့ နေရာမှာလည်း
ကျောင်းဆက်ခံမယ့် တပည့်ရဲ့ သီလ သမာဓိ ပညာ အစရှိတဲ့ အရည်အချင်းကို မကြည့်ဘဲ သွေးသားတော်စပ်မှုကို
ကြည့်ပြီး ကိုယ့်တူ ကိုယ့်ညီ ကိုယ့်ဆွေမျိုးကို ကျောင်းလွှဲတာမျိုးတွေ ရှိလာတာပဲ။ ဒါတွေက
ဆိုးပြစ်တွေ။
ဒီနေ့ ကုသိုလ်ပြုကြတဲ့
ဒကာဒကာတွေ အနေနဲ့ ရဟန်းတော်တွေ ၀ါဆိုတာကို အကြောင်းပြုပြီး ရရှိတဲ့ ကုသိုလ်အခွင့်အရေးတွေကို
ယူကြပြီး ဆိုးပြစ်တွေနဲ့ ကင်းနိုင်သမျှ ကင်းအောင်နေကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်တရား တိုးပွားကြပါစေ။
သာသနာတော်ကို ထောက်ပံ့နိုင်ကြပါစေ။ ကျန်းမာချမ်းသာကြပါစေ။
:)
ရှင်အာစာရ
(ဓာတ်ပုံ - ရာဟုလာ ဥပုသ်သည်များ၊ စိုင်ပြင်ရွာ)
No comments:
Post a Comment