Sunday, July 2, 2017

ကြောက်လှစွာသော မညိုပြာ

“ဟဲ့ ညိုပြာ . . . ပြီးပြီလား။ လာ လက်ဖက်ဝါးအုံး။ မပြန်ခင် လက်သုပ်ပုဝါလေးတွေလည်း လျှော်ထားခဲ့အုံးနော်။ နောက်တစ်ပတ် စနေနေ့လည်း လာခဲ့အုံးနော်။”
မညိုပြာသည် ဒေါ်အေးစိန်ကို ဘာမှပြန်မပြောဘဲ ပြုံးပြုံးကြီး ကြည့်နေရင်း လက်ဖက်တစ်ဇွန်း ၀ါး၏။ ထို့နောက် ထမီပြင်ဝတ်ပြီး အလုပ်ပြန်လုပ်၏။

တစ်ကိုယ်တည်းသမား မညိုပြာသည် ဆင်းရဲ၏။ သူ့အသားအရေမှာ သူ့နာမည်နှင့် လိုက်ဖက်သည်။ ညိုလည်းညို၍ ပြာလည်းပြာ၏။ သို့သော် ညိုပြာညက် မဟုတ်ပေ။ အလုပ်အကိုင်နှင့် အနေအစား ဆင်းရဲလှသဖြင့် ညိုမဲကြမ်းတမ်းသည်ဟု ဆိုရမည် ဖြစ်သော်လည်း နှုတ်ကြမ်းလျှာကြမ်းကား မဟုတ်ပေ။ မညိုပြာသည် စကားနည်းနည်းနှင့် အင်းအဲအလှုပ်နည်းပြီး လူတိုင်းကိုးကျိုးရသူဖြစ်၏။ လူတိုင်းသည် မညိုပြာ၏ ထမင်းရှင် ဖြစ်နေသဖြင့် မညိုပြာသည် လူတိုင်းကို ကြောက်ရ၏။ အဆူအငေါက် အအော်အဟစ် ခံရလျှင်လည်း မညိုပြာ ပြုံးနေတတ်သည်။ အပြောင်အပျက် အလှောင်ခံရလျှင်လည်း မညိုပြာ ပြုံးနေတတ်သည်။ မညိုပြာ အချမ်းသားဆုံး အရာမှာ တိတ်ဆိတ်သည့် အပြုံးများသာ ဖြစ်သည်။

ငွေကြေးအရင်းအနှီးရော အတတ်ပညာ အရင်းအနှီးပါ ကင်းမဲ့သဖြင့် ကြုံရာကျပမ်း လုပ်ကိုင်စားသောက်ရသူ မညိုပြာသည် ပေးသလောက်ယူကာ ခိုင်းသလောက် လုပ်ပေးပြီး ပြုံးပြုံးကြီး နေနိုင်သူ ဖြစ်၏။ တန်ရာတန်ကြေး ပေးကမ်း၍ ခိုင်းသူကို မညိုပြာ ကြောက်ရသည်။ နည်းနည်းပေးပြီး မတန်မရာ များများခိုင်းသူကိုလည်း မညိုပြာ ကြောက်ရသည်။ အလုပ်ရှင် လူကြီးများ၏ အရှိန်အ၀ါဖြင့် ကလေးများကိုပင် မညိုပြာ ကြောက်ရသည်။ ကလေးတို့က “ကြီးညိုပြာ သားသားကို ချီပါအုံး”ဟု နေရင်းထိုင်ရင်း အသားလွတ် အချီခိုင်းလျှင်လည်း မညိုပြာကတော့ ပြုံးလျက်နှင့် ကလေးတို့၏ တောင်းဆိုချက်ကို လိုက်လျော၍ ချီပေးတတ်သည်။

*****

အခြေအနေမှာ နာရီပိုင်းအတွင်း ပြောင်းလဲသွားခဲ့သည်။ ယခုမူ မညိုပြာကို ကြောက်နေကြရ၏။ မညိုပြာနှင့် ရင်ဆိုင်တွေ့ဆုံရမှာကိုပင် ကြောက်နေကြတော့သည်။ မညိုပြာကို အားလုံးက ကြောက်နေကြသည်ဟု မဆိုနိုင်စေကာမူ တော်တော်များများက ကြောက်နေကြသည်ဟုကား ဆိုနိုင်၏။ အများစုက မညိုပြာကို ကြောက်နေကြသည်မှာ သေချာ၏။ တစ်ချို့က မညိုပြာကို ကြောက်နေပါလျက်နှင့် မကြောက်ဟန်ဆောင်ကာ အားတင်း၍ သူတို့၏ အကြောက်တရားကို သူတစ်ပါးထံ လွှဲချတတ်၏။ “ဒီနေ့ည နင်တို့ဆီ ညိုပြာ လာလိမ့်မယ်နော်”ဟု ပြောပြီး ရယ်မောဟန် ဆောင်တတ်ကြ၏။

ထူးထူးခြားခြား ပြောင်းလဲနေသည့် အခြေအနေ အရပ်ရပ်ကို မညိုပြာ နားလည်ရ ခက်ကောင်းခက်နေနိုင်၏။ မညိုပြာ မည်ကဲ့သို့သော ဘ၀မျိုးမှ မည်ကဲ့သို့သော အပြုံးမျိုးဖြင့် မည်သူ့ကို ကြည့်နေမည် မသိပေ။ သပ်ရပ်ကြော့ရှင်းစွာ ၀တ်ဆင်ပေးထားပြီး လှပတင့်တယ်အောင် ပြုပြင်ပေးထားသည့် မညိုပြာ၏ုပ်အလောင်းမှာ ပြုံးနေသည် ထင်ရ၏။

:)
ရှင်အာစာရ

No comments:

Post a Comment