ခြောက်တန်းကျောင်းသားလေး မောင်အောင်ကျော်ဇောသည် ကျောင်းသွားရန် အဆင်သင့် ဖြစ်နေ၏။
“မေမေ . .
. သား ကျောင်းသွားတော့မယ်။ သရက်သီး ယူသွားမယ်နော်။”
“မလုပ်ပါနဲ့
ကွယ်။ ဘုန်းဘုန်း ဆွမ်းလောင်းဖို့။ မေမေ ဒီနေ့ ဆွမ်းဟင်း မမီဘူး။ သားက ကျေင်းကျမှ မုန့်ဝယ်စား။
ရော့ရော့ တစ်ထောင် ယူသွား။”
*****
မိုးတွင်း
ဖြစ်သော်လည်း မိုးပြတ်နေသဖြင့် မန္တလေးနေမှာ အစွမ်းထက်နေသည်။ ဆွမ်းခံပြန်ကြွလာသည့် ဦးသုမနမှာ
ခပ်သုတ်သုတ် လှမ်းနေသည်။ နေပူလွတ်ချင်ပြီ။ ဆွမ်းနှင့်ဆွမ်းဟင်းများ အပြည့်ပါသည့် သပိတ်ကို
ပွေ့ပိုက်ထားရသည်မှာ မသက်သာလှပေ။ ကြာတော့ လက်ညောင်းလာသည်။ သပိတ်ဖုံးပေါ်မှာ တင်လှူလိုက်သည့်
စိန်တစ်လုံး သရက်သီးကိုလည်း ထိန်းထားရသေးသည်။
*****
ဆွမ်းကျန်ကောက်သူ
ဦးမြအေးနှင့် သားငယ်တို့ ဘုန်းကြီးကျောင်း မုခ်ဝသို့ ရောက်နေသည်မှာ နာရီဝက်ခန့် ရှိပြီဖြစ်၏။
ထိုသားအဖ နှစ်ယောက်သည် ဦးသုမနကို ကြိုဆိုသည့် အနေဖြင့် ရှိခိုးဦးချကြသည်။ ဦးသုမနသည်
ထိုသားအဖကို အရေးတယူ နှုတ်ဆက်မနေဘဲ ကျောင်းတိုက်ထဲ ၀င်သွား၏။ အသက်လေးနှစ်ခန့် ရှိမည်ဖြစ်သော
သားငယ်သည် ဦးသုမန၏ သပိတ်ပေါ်က သရက်သီးကို လိုက်ကြည့်နေ၏။ စားချင်မိသည်။ ဦးသုမနသည်
အခြေအနေကို အကဲခတ်မိ၏။ ကလေးငယ်ကို သရက်သီး ပေးခဲ့မည် စိတ်ကူးသေးသည်။ သို့သော် စိတ်ပြောင်းသွားပြီး
မပေးဖြစ်ပေ။ “သဒ္ဓါလို့ လှူလိုက်တဲ့
ဆွမ်းခံပစ္စည်း၊ သလုံးမြင်းခေါင်း ခြေတောက်အားနဲ့ ရင်းနှီးခဲ့ရတာ။ သူတောင်းစားမဟုတ်
ဘာမဟုတ်။ နင်တို့နဲ့ မတန်ပါဘူး။”ဟု ဦးသုမန စဉ်းစားမိပြန်သည်။
*****
ဦးသုမန၏ သပိတ်ကို
ကိုလှမောင်က ကြိုယူလိုက်၏။ ဦးသုမနသည် သပိတ်ကို ကိုလှမောင်ထံ လွှဲပေးလိုက်ပြီး သင်္ကန်းရုံကို ဖျက်၏။ ခြေဆေး၏။ မျက်နှာသစ်၏။
“ရာသီဥတုက
ဆိုးသားပဲ။ မိုးလည်း မရွာပါလား ကိုလှမောင်ရ။”
“မှန်ပါ။ မိုးပြတ်နေတာ
ကြာပြီနော် ဘုရား။”
သံဃာ့ဝေယျာဝစ္စ
ဆောင်ရွက်နေကျဖြစ်သည့် ရုံးစာရေးကြီး ကိုလှမောင်သည် သံဃာတော်များနှင့် ရင်းနှီးနေ၏။
ကိုလှမောင် တာဝန်ကျသည့်ရုံးသည် ဘုန်းကြီးကျောင်းနှင့်
နီးသဖြင့် ကိုလှမောင်သည် ကျောင်းဝတ်ကန်ဝတ်များ နေ့စဉ်ဆောင်ရွက်နိုင်၏။ ရုံးချိန်မတိုင်မီ အိမ်မှ စောစောထွက်ခဲ့ပြီး ကျောင်းတိုက်သို့
လာသည်။ ကုဋီများကို ဆေးကြောသည်။ ကျောင်းတိုက်အတွင်း တံမြက်လှည်းသည်။ အမှိုက်ကောက်သည်။
အခါအားလျော်စွာ သံဃာတော်များ၏ သင်္ကန်းများကို လျှော်ပေးသည်။
“ကဲ ကိုလှမောင်
သရက်သီးလေး ယူသွားပါအုံး။”
“မယူပါဘူး
ဘုရား။”
ကိုလှမောင်က
ပြာပြာသလဲ ငြင်းသည်။ အလှူပစ္စည်းကို ကိုလှမောင် မစားချင်ပေ။ ဘုန်းကြီးကျောင်းမှာ ပွဲလမ်းရှိလျှင်တော့
ဝင်စားလေ့ရှိ၏။
“မဟုတ်သေးပါဘူး။
ရကနာသုံးပါးရဲ့ ဝေယျာဝစ္စ လုပ်ကိုင်ဆောင်ရွက်တဲ့သူဟာ ဘုန်းကြီးစွန့်တာကို စားကောင်းပါတယ်။
ရော့ရော့ ယူသွား။ ယူစမ်းပါ။”
ဦးသုမနက ဇွတ်ပေးနေသဖြင့်
ကိုလှမောင် ဆက်၍ မငြင်းရဲတော့ပေ။
*****
ရုံးချိန်
နီးနေပြီဖြစ်၍ ကိုလှမောင်သည် ခပ်သုတ်သုတ် လျှောက်နေ၏။ ဘုန်းကြီးကျောင်း မုခ်ဝ၌ ဆွမ်းကျန်ကောက်သည့် သားအဖကို တွေ့လိုက်ရသည်။ သားငယ်သည်
ကိုလှမောင်၏ လက်ထဲမှ သရက်သီးကို ငေးကြည့်နေ၏။ လူပျိုကြီး ကိုလှမောင်သည်
ကလေးချစ်တတ်သူ ဖြစ်၏။
“သား သရက်သီး စားမလား။ ရော့ ရော့။”
*****
နေ့လယ် မုန့်စားကျောင်းဆင်းချိန်၌ မောင်အောင်ကျော်ဇောသည် သရက်သီးဝယ်နေ၏။ ဆိုင်မှာ သရက်သီး တစ်လုံးသာ
ကျန်တော့သည်။ ဆွမ်းကျန်ကောက်သူ ဦးမြအေး၏ ဇနီးဖြစ်သူ ဒေါ်လှမေ၏ မုန့်စုံဆိုင်မှာ ဖြစ်သည်။
:)
ရှင်အာစာရ
No comments:
Post a Comment