Saturday, April 8, 2017

အဝေးပြေးလမ်း နှင့် သိမ်သမုတ်ချိန်

(March 23, 2017)

"ကိုးနာရီကားတောင် အတားခံရတယ် . . . . .။"
"တောက်။ တော်တော် အတ္တကြီးတဲ့ ဘုန်းကြီးတွေပဲ။"

-----

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၆၀)လောက် ဖြစ်မည် ထင်သည်။ မန္တလေးက ထွက်ခဲ့ပြီး ကျောက်စိမ်းဘုရား ကျော်ခဲ့သည်မှာ မကြာသေးပေ။ အမြန်လမ်းပေါ်၌ ရပ်ထားရသည့် ကားတန်းကြီးမှာ နှစ်မိုင်ကျော်လောက်သည်။ ဘုန်းကြီးပါသော ကားများ ရပ်ထားရသည်။ ရှေ့နယ်အတွင်း၌ နယ်ခံ ဘုန်းကြီးများ သိမ်သမုတ်နေသောကြောင့် သံဃာမဝင်ရဟု တားမြစ်နေခြင်း ဖြစ်သည်။
နယ်ခံ ရဟန်းများ သိမ်သမုတ်နေချိန်၌ ဧည့်သည်ရဟန်းများ နယ်တွင်းသို့ မဝင်ရောက်ရသည်မှာ မှန်သည်။ သိမ်သမုတ်ခြင်း အောင်မြင်အောင် ကူညီသည့် အနေဖြင့် နယ်၏ အပြင်ဘက်မှ စောင့်ပေးရမည်။ ဤကား ဧည့်သည် ရဟန်းတို့၏ တာဝန်။ သိမ်သမုတ်သည့် နယ်ခံရဟန်းများ ဘက်ကလည်း . . . အသွားအလာ ကင်းဆိတ်ချိန်မှာမှ သိမ်သမုတ်သင့်သည်။
ကိုးနာရီ ဆိုသည်မှာ သိမ်သမုတ်ရန် စောလွန်းသေးသည်။ အထူးသဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း၌ ညကားများကို ဤကဲ့သို့ တားမြစ်နေသည်မှာ လွန်လွန်းသည်။

----

"၁၂ နာရီ လောက်မှ သိမ်သမုတ်တော့ ဘာဖြစ်မှာမို့လဲ။"
"သူတို့ အိပ်ရေးပျက်မှာစိုးလို့ ဖြစ်မယ်။"
"တောက်။ တော်တော် အတ္တကြီးတဲ့ ဘုန်ကြီးတွေပဲ။"
"သာသနာတော်ကြီး တော်တော်ကြီး ကြီးပွားအုံးမှာပဲ။"

-----

ရန်ကုန်-မန္တလေး အမြန်လမ်း နယ်အတွင်း ညကိုးနာရီအချိန် သိမ်သမုတ်ခြင်းသည် အဆိုပါ သံဃာ့ကံကို ဦးဆောင်ညွှန်ကြားသူက ခရီးသွား သံဃာကို မငဲ့မညှာ နှိပ်စက်ရာရောက်သည်။ ခရီးသွား ပြည်သူများကို ထီမထင်ရာလည်းရောက်သည်။
အမျိုးအတွက် ဖြစ်စေ၊ ဘာသာအတွက် ဖြစ်စေ၊ သာသနာအတွက် ဖြစ်စေ တစ်ဘက်သတ် အခွင့်အရေး မယူလွန်းသင့်။ အခြားတစ်ဘက်သို့ ရောက်ရှိမည့် သက်ရောက်မှုကိုလည်း ထည့်သွင်းစဉ်းစားကာ လူကြီးလူကောင်းစိတ် မွေးမြူသင့်သည်။

No comments:

Post a Comment