Wednesday, February 8, 2017

အဆဲသန်တဲ့ရွာ

(6Feb2017)
-----

မြို့ဖြစ်ချင်ပြီး မယဉ်ကျေးတာ
နေရင်းထိုင်ရင်း ထထဆဲတာ အဲ့ဒီရွာကြီးပေါ့
တရားဥပဒေနဲ့ ညီသလိုလိုနဲ့ ဆဲတယ်
ဘုရားဟောနဲ့ ညီသလိုလိုနဲ့ ဆဲတယ်
ထောင့်မတ်ကျရော လျှောစောက်ရော
လော်ဂရသမ်ကြီး ကြည့်ကြည့်ပြီး ဆဲတယ်
မျက်စောင်းတစ်ဘက် အပြုံးတစ်ဘက်နဲ့
လက်ဆွဲနှုတ်ဆက်လိုက် လက်သီးပုန်းပစ်လိုက်နဲ့
ပရိသတ်နဲ့ အသံချဲ့စက်နဲ့ မိုက်ခရိုဖုန်းနဲ့
တရားပလ္လင်ကို ဆဲတိုင်ထင်တာလည်း ရှိတတ်တယ်
အမိယုတ်သလား အဖယုတ်သလား မသေချာဘူး
ဆဲတာကတော့ အသေအလဲကို သေချာတယ်
တစ်ခါဆဲရင် ခုနစ်ရက်ကျော် ကြာတတ်တယ်
အရှေ့ခုနစ်ရွာ အနောက်ခုနစ်ရွာ ကြားရတတ်တယ်
သဘာဝ သယံဇာတ ရေငံတွေ လျှံထွက်ပြီး
မြက်ခြောက်တွေ လန်ထွက်နေတဲ့ကြားက
ဘိုးဘွားပိုင် ဒီပနီကျမ်းစာတွေ မှိုတက်ပြီး

မေတ္တာစာတွေ ဟန်ပျက်နေတဲ့ကြားက
ရွာဆိုပေမယ့် အသံကဆယ်ပါး မကဘူး
ကြက်ပျံမကျ ဆဲတာ
မြို့ဖြစ်ချင်ပြီး မယဉ်ကျေးတာ
နေရင်းထိုင်ရင်း ထထဆဲတာ အဲ့ဒီရွာကြီးပေါ့။


:)
ရှင်အာစာရ
6Feb2017

No comments:

Post a Comment