ရှင်သာမဏေတွေနဲ့
ရဟန်းတော်တ်ေတွေကို အိမ်မှာပင့်ပြီး ဆွမ်းခဲဖွယ်ဘောဇဉ်တွေ
ဆက်ကပ်လှူဒါန်းတဲ့အတွက် ရရှိတဲ့ ထင်ရှားတဲ့ အကျိုးတစ်ခုက ရုပ်ခန္ဓာ
ဖွံ့ဖြိုးတာပဲ။ ရုပ်ခန္ဓာ ဖွံ့ဖြိုးဖို့ လိုအပ်သလို
နာမ်ခန္ဓာဖွံ့ဖြိုးဖို့လည်း လိုအပ်တယ်။ စိတ်ဓာတ်ရင့်ကျက်ဖို့၊
စိတ်ဓာတ်ဖွံ့ဖြိုးဖို့က ပိုပြီးတော့တောင် အရေးကြီးသေးတယ်။ အခုလို ဆက်ကပ်တဲ့
ဆွမ်းအာဟာရကို ဘုဉ်းပေးသုံးဆောင်ပြီး စိတ်ဓာတ်ရင့်ကျက်ဖွံ့ဖြိုးအောင်၊ သီလ
သမာဓိ ပညာ တိုးတက်အောင် အားထုတ်ကြရတယ်။
ရုပ်ခန္ဓာ ဖွံ့ဖြိုးတာက သိသာတယ်။ ပိန်တယ်၊ ဝတယ်၊ ပုတယ်၊ ရှည်တယ် သိသာတယ်။
စိတ်ဓာတ်ဖွံ့ဖြိုးမှုကျတော့ မသိသာဘူး။ ဒါပေမယ့် မရင့်ကျက် မဖွံ့ဖြိုးသေးတဲ့
ကလေးစိတ်နဲ့ နှိုင်းယှဉ်ကြည့်လို့ရတယ်။ လူကြီးပေမယ့် ကလေးစိတ်၊ လူကသာ
အရွယ်ရောက်တယ် အိုလာတယ် စိတ်က ကလေးစိတ် ဆိုတာမျိုး။ အဲ့ဒါ စိတ်ဓာတ်
မဖွံ့ဖြိုးသေးတဲ့ သဘောပဲ။
မဖွံ့ဖြိုးသေးတဲ့ ကလေးစိတ်ရဲ့ ထူးခြားမှုတွေထဲမှာ တစ်ခုက . . . ပေါက်ကွဲမှု ကြီးမားတာပဲ။ ကလေးတွေ အလိုမကျရင် ပေါက်ကွဲတတ်တယ်။ အော်ငိုပြီး ပေါက်ကွဲတယ်။ စူးစူးဝါးဝါး အော်ပြီတော့ ပေါက်ကွဲတယ်။ ရှိတဲ့ပစ္စည်း ပေါက်ခွဲတယ်။ နီးရာလူကို ရိုက်နှက် ကုတ်ဖဲ့တယ်။ မဖွံ့ဖြိုးသေးတဲ့စိတ်ကြောင့် ပေါက်ကွဲတာ။ ရင့်ကျက်တဲ့ လူကြီးတွေကျတော့ ထိန်းချုပ်ကြရတယ်။
နောက်တစ်ခုက အတ္တကြီးတယ်။ ကလေးစိတ်က . . . သူဖြစ်ချင်တာပဲ သူသိတယ်။ သူတစ်ပါးကို မငဲ့ဘူး။ ကလေးတွေ သူတို့ စားချင်တာ စားရမှ။ သွားချင်ရာ သွားရမှ။ လိုချင်တာ ရမှ။ ဖြစ်ချင်တာ ဖြစ်ရမှ။ သူတို့စိတ်ချည်းပဲ။ မိသားစုထဲမှာဆိုရင် မောင်ငယ်ကို အစ်မတွေက အလိုလိုက်ရတယ်။ သားသမီးတွေကို မိဘက အလိုလိုက်ရတယ်။ လူကြီးရဲ့ စိတ်သဘောကတော့ အလျှော့ပေးတယ်။ အလိုလိုက်တယ်။ အဖိုးအဖွားတွေဆိုရင် မြေးတွေကို ပိုပြီးတော့ အလိုလိုက်တယ်။ လူကြီးစိတ်က အတ္တနည်းတယ်။ ကလေးစိတ်က အတ္တကို ရှေ့တန်းတင်တယ်။
နောက်တင်ခုက မဖွံ့ဖြိုးသေးတဲ့ ကလေးစိတ်ဟာ အငြိုးအတေးကြီးတယ်။ ခွင့်မလွှတ်နိုင်ဘူး။ သူတို့ အသားနာအောင်၊ သူတို့ စိတ်နာအောင် လုပ်ထားတဲ့သူဆိုရင် ကလေးတွေက တေးမှတ်ထားတတ်တယ်။ ခွင့်မလွှတ်ဘူး။ အပြောင်အပျက် စတယ်ဆိုရင်တောင်မှ စတဲ့နောက်တဲ့သူကို ကလေးက မှတ်ထားတယ်။ အဲ့ဒီလိုလူကို မခေါ်နဲ့၊ မကျွေးနဲ့၊ မပေးနဲ့၊ အပေါင်းအသင်း မလုပ်နဲ့ဆိုပြီး ကလေးစိတ်နဲ့ အမျိုးမျိုး ဆန့်ကျင်တယ်။ ခွင့်မလွှတ်နိုင်ဘူး။
ဒါတွေဟာ မဖွံ့ဖြိုးသေးတဲ့ ကလေးစိတ်၊ ကလေးသဘာဝ နမူနာပဲ။ အများကြီးရှိအုံးမယ်။ ဒီသုံးမျိုးကို သတိထားနိုင်ရင်ကိုပဲ စိတ်ဓာတ် မရင့်ကျက်မဖွံ့ဖြိုးသေးရင် ရင့်ကျက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အထောက်အပံ့ ရပါတယ်။ ပေါက်ကွဲတာ အားမကြီးအောင် လျှော့ပါ။ ကိုယ်ဖြစ်ချင်တာ ရှေ့တန်းမတင်ဘဲ သူတစ်ပါးကိုလည်း ထည့်စဉ်းစားပြီး အတ္တကို လျှော့ပါ။ အငြိုးအတေး မထားဘဲ ပြေပြေပြစ်ပြစ် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
အသက်နဲ့အတူ၊ ရုပ်ခန္ဓာနဲ့အတူ စိတ်ဓာတ်ပါ ရင့်ကျက်ဖွံ့ဖြိုး လာပါစေ။ ကလေးကြီးတွေ မဖြစ်ပါစေနဲ့။
:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:
Post a Comment