Friday, January 6, 2017

စိတ်လျှော် ကုသိုလ်ဆွမ်း (Jan 3, 2017)

"ကုသိုလ်ကောင်းမှု ပြုလုပ်တယ်ဆိုတာ စိတ်သန့်ရှင်းဖို့၊ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်။ စိတ်အည်အကြေးကို ကုသိုလ်နဲ့ လျှော်ရတယ်။ ဘာကုသိုလ်ပဲလုပ်လုပ် ဒီလိုရင်း ရောက်ပါစေ။
စိတ်သန့်ရှင်းဖို့နဲ့ ပတ်သက်လို့ မြတ်စွာဘုရားက စိတ်ကို အဝတ်အထည်နဲ့ ဥပမာပေးပါတယ်။ အင်္ကျီ ပုဆိုး အဝတ်တွေဟာ ညစ်ပေတတ်တယ်။ ဘယ်လောက် သန့်ရှင်းအောင်နေနေ ညစ်နွမ်းတာပဲ။ ရွှံ့ထဲဗွက်ထဲ ဖုန်ထဲမှာ ပေပေတေတေ နေရင်တော့ ပြောစရာကို မလိုတော့ဘူး။ အဝတ်အထည်နဲ့တူတဲ့ စိတ်ကလည်း ညစ်ပေတတ်တဲ့သဘောရှိတယ်။ လောဘကြောင့် ညစ်ရတယ်။ ဒေါသကြောင့် ညစ်ရတယ်။ မာနကြောင့် ညစ်ရတယ်။ သဘာဝအားဖြင့် အကုသိုလ်မှာ မွေ့လျှော်တဲ့စိတ်ဟာ အကုသိုလ် အမျိုးမျိုးကြောင့် ညစ်ပေရတယ်။ ဘယ်လောက်သန့်ရှင်းအောင်ထားထား စိတ်ကိုဘယ်လိုထိန်းထိန်း ပုထုဇဉ်စိတ်ဟာ ညစ်ပေတာပဲ။ စိတ်အလိုလိုက်ပြီး ပစ်ထားရင်တော့ စိတ်တွေ ဘယ်လောက် ညစ်ပတ်မယ်ဆိုတာ ပြောစရာကို မလိုတော့ဘူး။ ညစ်ပတ်တတ်တဲ့စိတ်ကို ကုသိုလ် အမျိုးမျိုးနဲ့ ဆေးကြောပေးရတယ်။ အဝတ်လျှော်သလိုပေါ့။
အဝတ်လျှော်တော့ ဆပ်ပြာနဲ့ လျှော်ရတယ်။ ဆပ်ပြာမှာ အတောင့် အခဲ၊ အမှုန့်၊ အရည်။ အမျိုးမျိုးရှိတာ။ အတောင့်အခဲမှာလည်း အတောင့်အခဲ အမျိုးမျိုး၊ အမှုန့်အမျိုးမျိုး၊ အရည်အမျိုးမျိုး။ အနံ့အမျိုးမျိုး၊ အရည်အသွေး အမျိုးမျိုး။ အမျိုးမျိုး ကွဲပေမယ့် ကြေးညှော်ကင်းအောင် လုပ်ပေးနိုင်တဲ့ အစွမ်းက အဓိကပဲ။ စိတ်ကို စင်ကြယ်အောင် လုပ်ပေးတဲ့ ကုသိုလ်လည်း အမျိုးမျိုး ရှိရတာပဲ။ ဝါသနာအလျှောက်၊ စရိုက်အလျှောက်၊ ပါရမီအလျှောက် ကုသိုလ်အမျိုးမျိုး ပြုကြတယ်။ ဘာကုသိုလ်ပဲလုပ်လုပ် စိတ်မှာ အညစ်အကြေးကင်းဖို့ အဓိကဖြစ်တယ်ဆိုတာ သတိထားပါ။
စိတ်ဓာတ် ကြည်လင်သန့်ရှင်းဖို့ ကုသိုလ်ပြုတဲ့နေရာမှာ သဒ္ဓါတရားကို အခြေခံရတယ်။ သဒ္ဓါတရားကို အခြေခံပြီး မွေးနေ့ကုသိုလ် ပြုလုပ်တယ်။ လောကီကိစ္စ အာဝါဟ ဝိဝါဟ မင်္ဂလာဆောင်တာတောင်မှ ကုသိုလ်ရေးပါဝင်တယ်။ မွေးဖွားချိန်ကနေ ကွယ်လွန်ချိန်အထိ။ ကွယ်လွန်သူအတွက် ရည်စူးကုသိုလ် ပြုပေးတဲ့အထိ။ ကုသိုလ်အမျိုးမျိုး ပြုကြတယ်။ ဘာအထိမ်းအမှတ် ဘာပွဲမှ မရှိလည်း။ သဒ္ဓါရှိလို့ ဆွမ်းကပ်တယ်။ အဲ့ဒါကို သဒ္ဓါဆွမ်းလို့ ခေါ်ကြတာ။ ရဟန်းသံဃာအပေါ်မှာ မေတ္တာစေတနာ ထားနိုင်လို့ ဆွမ်းကပ်တယ်။ မေတ္တာဆွမ်း။ သနားလို့ ဆွမ်းကပ်တာလည်း ရှိတယ်။ ဒီကိုယ်တော်လေးတွေ ငါမှ ဆွမ်းမကပ်ရင် ဘယ်သူမှ ကပ်မှာမဟုတ်ဘူး။ သနားပါတယ် ဆွမ်းကပ်လိုက်အုံးမှ။ အဲ့ဒါ ကရုဏာဆွမ်း။ ဆွမ်းဘုဉ်းပေးတာကို ကြည့်ပြီး ကြည်နူးနေတယ်။ ဘုဉ်းပေးနိုင်လိုက်ကြတာ ဆိုပြီး ပျော်နေတယ်။ ဝမ်းသာနေတယ်။ မုဒိတာဆွမ်း။ တစ်ခါတစ်ခါကျတော့ ဆွမ်းဟင်းတွေ အများကြီးနဲ့ ဆွမ်းပွဲကြီး ပြင်ထားပေမယ့် ဆွမ်းဘုဉ်းပေးမယ့် ဘုန်းကြီးက မရှိဘူး။ ဦးဇင်းလည်း မရှိတော့ ဥပေက္ခာပြုလိုက်ရတယ်။ ငါတို့က လှူသားပဲ သူတို့က မဘုဉ်းပေးတာ။ ဥပေက္ခာပြုပြီး ကိုရင်တွေကို ကပ်လိုက်ရတယ်။ ဥပေက္ခာဆွမ်း။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတာ ကုသိုလ်တွေပဲ။ သဒ္ဓါတရားကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဗြဟ္မစိုရ် ကုသိုလ်တွေ။ ဒီထက်မက ကုသိုလ်တွေ အမျိုးမျိုး ရနိုင်တယ်။ အဝတ်လျှော် ဆပ်ပြာတွေ အမျိုးမျိုး ရှိသလို စိတ်လျှော်ကုသိုလ်တွေ အမျိုးမျိုး ရှိတယ်။ ရအောင် ယူတတ်ဖို့ပဲ။
 
:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

No comments:

Post a Comment