Friday, July 3, 2015

ကြက်ဋီကာ

အိုးမဲတစ်ချက် မသုတ်ရဘဲ
ရှင်ချင်းခွပ်ကြတဲ့ ဇာတ်ဝင်ခန်းတွေက
အိမ်ကြက်ဖြစ်တောင် မတွန်ဝံ့စရာ။

“တကယ် နားမလည်တာလား။ ဒီလိုလေကွာ . . . ရှင်ချင်းခွပ်ကြတဲ့ ဇာတ်ဝင်ခန်းတွေ ဆိုတဲ့စကားက နည်းနည်းတော့ ရိုင်းတာပေါ့။ ရှင်ဆိုပေမယ့် ရဟန်းရှင်လူ အကုန်ယူလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် . . . တမင်လုပ်ကြံ အဖြစ်ဖွဲ့တာ မဟုတ်ဘဲ အရှိကို လက်တို့အသိပေးတဲ့ စကားဆိုတော့ . . . မဆိုးလှပါဘူး။ ခွပ်တာက ကြက်တွေမှ ခွပ်တာကိုးကွ။ ဒါတောင် ကြက်တိုင်းတော့ မခွပ်ဘူးပေါ့။ အိမ်ကြက်ချင်း အိုးမဲသုတ် . . .ဆိုတဲ့ စကားကွာ။ အတူကျက်စားနေကျ ကြက်တွေ အိုးမဲသုတ်ပေးလိုက်တော့ ခွပ်ကြရောတဲ့။ သူတို့ အချင်းချင်း မြင်လိုက်တာနဲ့ အပြန်အလှန် စဉ်းစားကြမှာပေါ့။ ဘယ်က ကြက်မဲကြီးပါလိမ့်။ ဒီကောင် နယ်ချဲ့တာ။ စားကျက်လုတာ။ မခန့်လေးစားနဲ့ ငါတို့ဆီ ရောက်လာတာ။ ဆော်ကွာ။ ချကွာ။ အဲ့ဒါနဲ့ပဲ . . . ခွပ်ကြရော။ သူတို့က အဟိတ် တိရစ္ဆာန်တွေကိုး။ အိုးမဲသုတ်တာလည်း ခံထားရတယ်လေ။ ခုဟာက အဟိတ်တိရစ္ဆာန် ကြက်လည်းမဟုတ်၊ အိုးမဲလည်း အသုတ်မခံရဘဲနဲ့ ကြက်တွေးတွေးတဲ့ ဇာတ်ဝင်ခန်းမျိုးကို တင်စားတာဆိုတော့ . . . ရိုင်းတယ်ဆိုတော့လည်း . . . ရိုင်းတယ်ပဲ ထားပါတော့ ကွာ။

အိုးမဲတစ်ချက် မသုတ်ရဘဲ ဆိုတာက . . . သေနပ်တစ်ချက် မဖောက်ရဘဲ သိမ်းပိုက်တယ် ဆိုတဲ့ စကားကွာ။ အဲ့ဒီလိုပဲ . . . ခြိမ်းခြောက်ဖို့၊ တိုက်ခိုက်ဖို့ သေနပ်မပစ်လိုက်ရဘဲ သိမ်းပိုက်သလို . . . အမြင်တွေကွဲ အထင်တွေလွဲပြီး ခွပ်ကြပါစေတော့လို့ အိုးမဲမသုတ်ရဘဲ သိသိကြီးနဲ့ ခွပ်ကြတာကို ပြောတာ။

အိမ်ကြက်ဖြစ်တောင် မတွန်ဝံ့စရာ ဆိုတဲ့စကားက ရှေ့ကအပိုင်းကို ရှင်းအောင် ပြန်ဖော်လိုက်တာ။ ရှေ့စကား . . . အိုးမဲသုတ်တာနဲ့ ခွပ်တာကို အိမ်ကြက်နဲ့ ဆက်စပ်ပြီး အိပ်ကြက်ချင်း အိုးမဲသုတ် ဆိုတဲ့ စကားပုံကို သတိရအောင်ပေါ့ကွာ။ အဲ့ဒီ ဖော်တဲ့ အပိုင်းမှာလည်း စကားပုံ အရိပ် ပါတာပဲ။ လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ ဆိုတဲ့ စကားလေကွာ။ ရှက်ရတဲ့သဘော၊ လန့်ရတဲ့သဘောကို ပြောတာပေါ့။ လိပ်ဖြစ်ရင်တောင် ခေါင်းမပြူဝံ့ . . . ခုဟာက ရှေ့ပိုင်းမှာ ခွပ်တဲ့ကြက်တွေကို ပြောခဲ့တာဆိုတော့ . . . အိမ်ကြက်ဖြစ်တောင် မတွန်ဝံ့ ပေါ့။ သဘောပေါက်ပြီလား။”

“Yes, Sir.”

:)
ရှင်အာစာရ

No comments:

Post a Comment