“ခု ဘာတွေ လုပ်နေလဲ။”
“ကလေး ကျောင်းကြိုကျောင်းပို့နဲ့ ဘာမှကို မလုပ်ရတော့ဘူး ဘုရား . . .။”
“မင့်ကလေးက စက်ဘီးနဲ့ မသွားနိုင်သေးဘူးလား။”
“အကြီးကောင်က သူ့ဟာသူ စက်ဘီးနဲ့ သွားတာ။ ခုဟာက . . . အငယ်ကောင် ဘုရား . . .။ သူငယ်တန်းရှိသေး . . . ကျောင်းကြီးရော ကျူရှင်ရော . . . တပည့်တော်ဖြင့် တစ်နေ့တစ်နေ့ ခြောက်ကြိမ် . . . . .။”
-----
ပပျောက်လို့ မရနိုင်သေးတဲ့ ကျူရှင်တွေလို့ သုံးသပ်မိတာပါပဲ။ ကလေးတွေအတွက် စာသင်ချိန်တွေ နှစ်ဆ ဖြစ်နေတာကတော့ ဆိုးတယ်။ ကျူရှင် နဲ့ ကျောင်း။ မိဘတွေ တစ်လွဲဆံပင်ကောင်းရုံသက်သက်၊ ဆရာဆရာမတွေ အပိုဝင်ငွေရှာရုံသက်သက်ကြောင့် ကျူရှင်တွေ ရှိနေရတာတော့ မဟုတ်ပါဘူး။ သားသမီးအတွက် ပညာရေးလောဘ တက်နေပုံ အပေါက်အလမ်း မတည့်တဲ့ မိဘတွေ ရှိနိုင်ပါတယ်။ ငွေတစ်မျက်နှာသာ ကြည့်တဲ့ ကျူရှင်ဆရာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် . . . ပြဿနာရဲ့ ဇစ်မြစ်က . . . ကျောင်းတွေမှာ သင်ကြားမှု သင်ယူမှု စမတ်မကျနိုင်တာပါ။
ဥပမာ တစ်ခု . . . သင်ရိုးတွေ သင်နည်းတွေ အသာထား . . . သိတဲ့ ဆရာတစ်ယောက် ပြောပြလို့ အထိတ်တလန့် သိလိုက်ရတာက သူသင်ရတဲ့ အခန်းထဲမှာ ကျောင်းသားကိုးဆယ် ရှိသတဲ့။ ဆရာတစ်ယောက်က ကျောင်းသားကိုးဆယ်ကို သင်နေရတာ . . . ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ ဆော့တတ် ဆူတတ်တဲ့ ကလေးတွေ ထားပါတော့ . . . သင်ယူမှု အားကောင်းတဲ့ လူကြီးတွေကို သင်တယ်ဆိုရင်တောင်မှ . . . ဆရာတစ်ယောက်နဲ့ ကျောင်းသားကိုးဆယ် . . .။
ဒီတော့ ကျူရှင်မှ မရှိရင် ဘာဖြစ်ကုန်မလဲ။ ဖြစ်နိုင်ရင် အစိုးရကျောင်းတွေ ပပျောက်ရမှာလို့ပဲ ရွဲ့တွေး တွေးမိလိုက်တော့တယ်။
စိတ်ထဲ မှန်းကြည့်လိုက်တယ်။ ကျောင်းသားကိုးဆယ်နဲ့ ဆရာတစ်ယောက် စာသင်ခန်း တစ်ခန်းထဲမှာ။ စာသင်တာထက် . . . ရှေ့ကနေ ကျောင်းသားတွေကို သီချင်းဆိုပြ ကပြတာကမှ ကောင်းအုံးမယ်။
သင်ကြားမှု သင်ယူမှု စမတ်မကျနိုင်တဲ့ စာသင်ခန်းတွေ ဘယ်လောက်ရှိနေပါလိမ့်? တစ်ခန်း ကျောင်းသားကိုးဆယ်ဆိုတာ အနည်းဆုံး အရေအတွက်များ ဖြစ်နေသလား?။
:)
ရှင်အာစာရ

No comments:
Post a Comment