Saturday, June 6, 2015

အောင်မြင်ခြင်း နှင့် တိုးတက်ခြင်း

ဆယ်တန်းကျတာများကွာ . . . . .။ ပြန်ဖြေရမှာပေါ့ကွ . . . မင့်အသက် ငယ်သေးတာပဲ။ အင်း . . . အိမ်ကမထားဘူး ဆိုရင်တော့လည်း ဘယ်တတ်နိုင်မှာလည်းကွာ။ ဒါပေါ့ . . .။ အိမ်က အခြေအနေကိုလည်း နားလည်ပေးရမှာပေါ့။ အေး . . . အဲ့ဒါပဲကွ။ အဲ့ဒါ မင့်ရဲ့ တိုးတက်မှုပဲ။ အခု . . . အောင်မြင်တာ နဲ့ တိုးတက်တာကို ခွဲပြီး မြင်လိုက်မိတယ်။ မင်း စာမေးပွဲ ကျတယ်။ မအောင်မြင်ဘူး။ ဒါပေမယ့် မင်း တိုးတက်လာပါတယ်။ မင်း စာမေးပွဲကျတော့ မင့်အိမ်က မင့်ကို နောက်တစ်နှစ်ဆက်ပြီး ကျောင်းမထားနိုင်တော့ဘူး။ ဒါကို . . . မင်းက နားလည်းတတ်တယ်။ မင့်အိမ်ရဲ့ စီးပွားရေး၊ နောက်တက်လာမယ့် မင့်ညီလေး ညီမလေးတွေရဲ့ ပညာရေး . . . ဒါတွေကို မင်း နားလည်တယ်။ စာမေးပွဲ ကျတော့ မင်းလည်း ကျောင်းပြန်တက်ချင်မှာပေါ့။ ဒါပေမယ့် တက်ခွင့် မရနိုင်တော့တဲ့ အခြေအနေကို မင်းလက်ခံနိုင်တယ်။ အဲ့ဒါ မင့်ရဲ့ ရင့်ကျက်မှု။ မင့်ရဲ့ တိုးတက်မှုပဲ။ မင်း မအောင်မြင်ပေမယ့် တိုးတက်ပါတယ်။

ဟုတ်တယ် . . .။ အခြေခံပညာ လိုတာပေါ့။ ဘွဲ့မရတောင် ဆယ်တန်းအောင်ထားရင် မဆိုးသေးဘူးပေါ့။ အသက်မွေးဝမ်းကြောင်း ပညာ ကောင်းကောင်း သင်ခွင့်ရဖို့ အမှတ်ကောင်းရမယ်လို့ သတ်မှတ်ထားတာကလည်း ရှိသေးတယ်။ ရွေးစရာလမ်းမှ မရှိတော့တာ။ ဒီလို သတ်မှတ်ချက် မရှိတဲ့ တစ်ခြား အသက်မွေးဝမ်းကြောင်း ပညာ သင်ပေါ့ကွာ။ စာမေးပွဲနဲ့ ပတ်သက်လို့ မအောင်မြင်ပေမယ့် တစ်ခြားနည်းနဲ့ အောင်မြင်နိုင်တာပဲ။ ဘယ်နယ်ပယ်မှာမှ မအောင်မြင်နိုင်ဘူး ထားဦးတော့ တိုးတက်အောင်တော့ ကြိုးစားရမယ်။ မင်း ဆယ်တန်းကျတာကို . . . ကျောင်းဆက်မထားနိုင်တော့တဲ့ မိသားစုရဲ့ အခြေအနေကို နားလည်လက်ခံနိုင်တဲ့ တိုးတက်မှုမျိုးပေါ့။ မင်း ငယ်ငယ်ကဆိုရင် လိုချင်တာ မရရင် ငိုမှာပေါ့။ မရမက တောင်းဆိုမှာပေါ့။ အခုလို ကျောင်းဆက်တက်ခွင့် မရတော့တဲ့ အခြေအနေမျိုးဆိုရင် အရမ်း ကြေကွဲဝမ်းနည်းရမှာပေါ့။ ဒါမှ မဟုတ် ဘာပဲဖြစ်ဖြစ် ကျောင်းဆက်ထားရမယ်လို့ မိဘတွေကို မရမက တောင်းဆိုမှာပေါ့။ ကလေးဆန်တာပေါ့လေ။ အများနည်းတူ အများသတ်မှတ်တဲ့ အောင်မြင်မှု လိုချင်တာပေါ့။

အောင်မြင်မှုက ဘေးလူတွေ အသိအမှတ်ပြုပေးဖို့ လိုအပ်ပေမယ့် တိုးတက်မှုကတော့ ဘယ်သူမှ အသိအမှတ် ပြုစရာ မလိုဘူးကွ။ ဘယ်သူမှ အသိအမှတ်ပြုမပေးလည်း တိုးတက်လို့ရတယ်။ အသိအမှတ် ပြုချင်လည်း ပြုလို့ရတယ်။ ဆိုပါစို့ . . . မင့်ရဲ့ ကိုယ်ကျင့်တရား တိုးတက်မှု။ မင့်ရဲ့ ဇွဲသတ္တိ တိုးတက်မှု။ မင့်ရဲ့ စိတ်နေသဘောထား တိုးတက်မှု။ . . . . . ဒါတွေက . . . ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု တိုးတက်လို့ ရတာပဲ။

အထူးသဖြင့် စာမေးပွဲနဲ့ ပတ်သက်တဲ့ အောင်မြင်မှုမှာ ဘေးလူရဲ့ ဆုံးဖြတ်ချက်တွေ အများကြီးပါတယ်။ ကြိုးစားတိုင်း အောင်မြင်တာ မဟုတ်ဘူး။ ဥာဏ်ရည်ထက်မြက်ပြီး ကြိုးစားတဲ့သူတောင် စာမေးပွဲ ကျနိုင်သေးတာပဲ။ ဆိုပါစို့ မင်း ဥာဏ်ကောင်းတယ်။ ကြိုးလည်းကြိုးစားတယ်။ စာမေးပွဲလည်း ဖြေနိုင်တယ်။ ဒါပေမယ့် စာမေးပွဲကျတယ်။ စာစစ်တဲ့ ဆရာကြောင့်လည်း စာမေးပွဲ ကျနိုင်တာပဲ။ ဆရာက စာမစစ်ခင် အိမ်က အမျိုးသမီးနဲ့ စကားများပြီး ဒေါသဖြစ်ခဲ့မယ်။ စာစစ်ခန်းရောက်တဲ့ထိ စိတ်မပြေသေးဘူး။ ဆရာကလည်း ဒေါသချည်းပဲ။ ဘာမှ စဉ်းစားမနေဘူး။ မင့်အဖြေလွှာကို စစ်တော့ . . . ခြစ်ချင်ရာ ခြစ်ထည့်လိုက်တယ်။ မင်းစာမေးပွဲ ကျပြီပေါ့။ အေးပါ . . . ဟုတ်ပါတယ်။ ဥပမာ ပြောတာပါ။

ဘာပဲဖြစ်ဖြစ်ကွာ မင့်ဘ၀ တစ်လျှောက်လုံး ဆယ်တန်းထက် အရေးကြီးတာတွေ လုပ်ရအုံးမှာပါ။ ဆယ်တန်းအောင်တာထက် ပိုကောင်းတဲ့ အောင်မြင်မှုတွေ ရနိုင်ပါသေးတယ်။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ တိုးတက်မှု ရှိအောင်သာ ကြိုးစားပေတော့။

:)
ရှင်အာစာရ

No comments:

Post a Comment