မေး။ ။ “ကလေးတွေ စည်းကမ်းမရှိလို့ ဒေါသဖြစ်ရတာ ခဏခဏပဲ။ ကလေးဆိုပေမယ့်
စည်းကမ်းရှိဖို့ လိုတယ် မဟုတ်လား။ ကလေးတွေအပေါ် ဒေါသမဖြစ်ဘဲ ကလေးတွေ
စည်းကမ်းရှိအောင် ဘယ်လိုသွန်သင်ရမလဲ။”
:)
ရှင်အာစာရ
ဖြေ။ ။ “ကလေးတွေလည်း
စည်းကမ်းရှိဖို့ လိုတာပေါ့။ တရားသေ တိကျတဲ့ နည်းလမ်းတော့ မရှိနိုင်ပါဘူး။
ကလေးတွေဆိုတော့ . . . စည်းကမ်းက ဘာအတွက် ချမှတ်ထားတဲ့ ဘယ်လို
စည်းကမ်းလဲလို့ ပြန်မေးရပါလိမ့်မယ်။ ဘယ်လိုစည်းကမ်း ဘာစည်းကမ်းပဲဖြစ်ဖြစ်
ကလေး ဖြစ်နေတော့ စည်းကမ်းကို နားလည်ဖို့၊ စည်းကမ်းရဲ့ တန်ဖိုးကို
သိနိုင်ဖို့ အသိဥာဏ် နည်းအုံးမယ်၊ ထိန်းချုပ်ရတဲ့ စည်းကမ်းမျိုးအတွက်
ထိန်းချုပ်နိုင်စွမ်း နည်းအုံးမယ်။ ဒီတော့ ကလေးတွေအတွက် ချွင်းချက်တော့
ရှိသင့်ပါတယ်။ အပြည့်အ၀ မလိုက်နာနိုင်လို့ စည်းကမ်းဖောက်ဖျက်မိတာမျိး
ဆိုရင်တော့ ကလေးတွေကို သည်းခံခွင့်လွှတ်ရပါလိမ့်မယ်။ ကလေးတွေ နားလည်အောင်
ရှင်းပြဖို့လိုသလို အပြည့်အ၀ မလိုက်နာနိုင်သေးရင် အချိန်ယူ
စောင့်ဆိုင်းဖို့လည်း လိုအပ်ပါတယ်။
ဘယ်လိုစည်းကမ်းလဲ ဆိုတဲ့
ပြန်လှန်မေးခွန်းနဲ့ ပတ်သက်လို့ . . . ကလေးတွေ လိုက်နာရတဲ့
အိမ်တွင်းစည်းကမ်း ကျောင်းတွင်းစည်းကမ်းဖြစ်တယ် ဆိုပါစို့။ အဲ့ဒီလို
စည်းကမ်းဟာ ကလေးတွေရဲ့ ကောင်းကျိုးနဲ့ ဆက်စပ်နေဖို့ လိုအပ်ပါတယ်။ အဲ့ဒီ
စည်းကမ်းကို ကလေးတွေ လိုက်နာရတယ် ဆိုတာလည်း သူတို့အတွက် အကျိုးရှိရပါမယ်။
မလိုက်နာနိုင်တဲ့ အခါမှာ လူကြီးမိဘ ဆရာသမားက ငါချမှတ်ထားတဲ့ စည်းကမ်းကို
ဒင်းက မလိုက်နာရကောင်းလားရယ်လို့ စည်းကမ်းပျက်တဲ့ ကလေးကို ဒေါသထွက်တာမျိး
မဖြစ်သင့်ပါဘူး။ ကိုယ့်အတ္တက ရှေ့တန်းရောက်သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
ကလေးတွေ အလေ့အကျင့်ကောင်း ရစေချင်တဲ့ဆန္ဒ ပြဌာန်းထားဖို့ လိုပါတယ်။ အလေးအနက်
စဉ်းစားသင့်တာက . . . ကိုယ့်ဒေါသက ကလေးတွေ အလေ့အကျင့်ကောင်းရဖို့
အထောက်အကူ ဖြစ်ပါသလား။
ဒေါသနဲ့ ဟိန်းလိုက်ဟောက်လိုက်လို့၊
ရိုက်လိုက်နှက်လိုက်လို့ ကလေးက စည်းကမ်းလိုက်နာတယ် ဆိုပါစို့။
ရလဒ်တန်ဖိုးကို တွက်ကြည့်သင့်ပါတယ်။ ကိုယ့်ဒေါသကြောင့် ကလေး
စည်းကမ်းလိုက်နာတာ ဘယ်လောက်တန်ဖိုးရှိသလဲ။ ဘယ်လောက် ရေရှည်ခံမလဲ။
လိုလိုလားလား လိုက်နာတာလောက်တော့ တန်ဖိုးရှိမယ် မထင်ပါဘူး။ ကြောက်လို့
လိုက်နာရတယ်ဆိုရင် မကြောက်ရတဲ့ အခါ (ဥပမာ မမြင်ကွယ်ရာ)မှာ
စည်းကမ်းရှိနိုင်ပါ့မလား။
စည်းကမ်းချမှတ်တဲ့သူကို ကြောက်လို့
စည်းကမ်းလိုက်နာရတာထက် စည်းကမ်းချမှတ်သူကို ယုံကြည်တဲ့စိတ်၊ လေးစားတဲ့စိတ်၊
အားကိုးတဲ့စိတ်၊ အထင်ကြီးတဲ့စိတ်နဲ့ လိုက်နာတာက ပိုကောင်းပါတယ်။ ဘယ်ကလေးက
ဘယ်သူ့မှ ကြောက်တယ် ဆိုတာမျိုးဟာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။
နောက်တစ်ခုက ကလေးအပေါ် ဒေါသထွက်ခြင်းရဲ့ ဆိုးကျိုး ဖြစ်ပါတယ်။ ဒေါသကြောင့်
ကလေးရဲ့စိတ်မှာ ဒဏ်ရာရသွားနိုင်ပါတယ်။ အကြောက်တရား
လွှမ်းမိုးသွားနိုင်ပါတယ်။ ဒေါသထွက်တတ်တဲ့ အကျင့်က ကလေးဆီ
ရောက်သွားနိုင်ပါတယ်။ ကလေးဆိုတာ လူကြီးဆီက သင်ယူတာ သဘာဝပါ။ ကလေးတွေ
ကြီးလာရင် . . . သူတို့ငယ်ငယ်က ဒေါသထွက်ခံခဲ့ရတဲ့အတိုင်း . . .
သူတို့အောက်က ကလေးတွေကို ပြန်ပြီး ဒေါသထွက်ပါလိမ့်မယ်။ လူကြီးဆိုတာ
ဒေါသထွက်ရတယ်၊ ဆူရတယ်၊ ကြိမ်းရတယ်၊ ရိုက်ရနှက်ရတယ်လို့ ကလေးတွေ
သင်ယူမှတ်သားသွားရင် မကောင်းတော့ပါဘူး။
ကလေးတွေအပေါ်မှာ
မေတ္တာထားနိုင်ဖို့ အရေးကြီးပါတယ်။ သူစိမ်းတရံတွေမှ မဟုတ်ဘဲ။ ကိုယ့်တပည့်
ကိုယ့်သားသမီး ကိုယ့်တူ ကိုယ့်ညီ ကိုယ့်မောင် . . . ကိုနဲ့
နီးကပ်ဆက်စပ်နေသူတွေ၊ ကိုယ့်ကိုမှီခို ကိုယ့်ကိုအားကိုသူတွေ ဖြစ်နေတာ . . .
မေတ္တာထားနိုင်ရမှာပေါ့။”
မေး။ ။ “စည်းကမ်းပျက်တယ်ဆိုတာ . . . ရှောင်ရန်ဆောင်ရန်တွေတင် မကဘဲ မတန်မရာ တောင်းဆိုတာမျိုးလည်း . . . . .။”
ဖြေ။ ။ “သဘောပေါက်ပြီ။ ပစ္စည်းအကောင်းစား လိုချင်တာမျိုး၊
အစားကောင်းကောင်း စားချင်တာမျိုး၊ တစ်ဘက်သတ် အသားစီး ရချင်တာမျိုးကို
ဆိုလိုတာ မဟုတ်လား။ အကန့်အသတ် ရှိရမှာပေါ့။ ကလေးတွေအပေါ် မေတ္တာထားရမယ်ဆိုတာ
သူတို့တောင်းဆိုသမျှ ဖြည့်ဆည်းပေးရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဆိုပါစို့။
ကလေးက မူလတန်း။ အိုင်ဖုန်း ပူဆာတယ်။ ပူဆာတိုင်း ၀ယ်ပေးလို့ ဘယ်ဖြစ်မလဲ။
လိုတာမရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ စိတ်မကျေနပ်မှုကို ခံနိုင်ရည်ရှိအောင်
လေ့ကျင့်ပေးရမှာပေါ့။ မိဘမို့ ဆရာသမားမို့ အရာရာ လိုက်လျောပေးနေတယ်ဆိုရင်
အကျင့်ဆိုး ရသွားမှာပေါ့။ ငယ်ဘ၀မှာ မိဘဆရာသမားက လိုက်လျောနိုင်ပေမယ့်
အရွယ်ရောက်လာရင် ပတ်ဝန်းကျင်က လိုက်လျောမှာ မဟုတ်တော့ပါဘူး။ သုံးသင့်တာ
သုံးတတ်ဖို့၊ စားသင့်တာ စားတတ်ဖို့၊ သွားသင့်ရာ သွားတတ်ဖို့ မေတ္တာနဲ့
လမ်းညွှန်ပေးရမှာပေါ့။
ဆောင်ရန်ရှောင်ရန် စည်းကမ်းနဲ့ ပတ်သက်တာ
ပြန်စရရင် . . . နှစ်ဘက်ယှဉ်ပြိုင်ရတဲ့ ကစားနည်း တစ်ခုခုကို
ကစားခိုင်းတာဟာလည်း ကလေးတွေ စည်းကမ်းရှိအောင် သွန်သင်ဆုံးမခြင်း
တစ်မျိုးဖြစ်ပါတယ်။ ဆုပေးဒဏ်ပေးနည်း တစ်မျိုးဖြစ်ပါတယ်။ စည်းကမ်း
လိုက်နာတတ်ဖို့တင် မကဘဲ . . . တရားသဖြင့် ယှဉ်ပြိုင်တတ်ဖို့၊ အနိုင်အတွက်
အားထုတ်ဖို့၊ ရှုံးခဲ့ရင် အရှုံးကို လက်ခံရင်ဆိုင်တတ်ဖို့ အစရှိတဲ့
စရိုက်ကောင်းတွေ ရှိလာအောင် လေ့ကျင့်ပေးရာလည်း ရောက်ပါတယ်။ စည်းကမ်းရှိဖို့
ဆူပူကြိမ်းမောင်း ရိုက်နှက်ပုတ်ခတ်ပြီး ဆုံးမတာထက် အများကြီး သာတဲ့နည်း
ဖြစ်ပါတယ်။ ကစားရင်းနဲ့ ပြိုင်ဘက်ကို ညစ်ပတ်ပြီး အနိုင်ယူရာကနေ အနိုင်ရဖို့
ညစ်ပတ်တဲ့အကျင့် ပါမသွားအောင်တော့ ထိန်းကွပ်ဖို့ လိုတာပေါ့။
လိုရင်းကတော့ . . . ဒေါသအဆိပ်အတွက် ဖြေဆေးဖြစ်တဲ့ မေတ္တာတရား
ဖွံ့ဖြိုးအောင်လုပ်ဖို့နဲ့ စိတ်ရှည်ရှည်ထားပြီး . . . နားလည်အောင်
ရှင်းပြခြင်းအားဖြင့် ကလေးတွေ စည်းကမ်းရှိလာအောင် သွန်သင်ပေးဖို့
အကြံပြုချင်တာပါ။ ကလေးရဲ့ စရိုက်အပေါ် မူတည်ပြီး နားလည်အောင်ရှင်းပြဖို့
မလွယ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ စိတ်မရှည်နိုင်လောက်အောင် ခဏခဏ
ပြောနေရတာမျိုးလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် . . . ကိုယ့်အတ္တကို
ရှေ့တန်းမတင်မိဖို့နဲ့ သူ့တို့ကောင်းကျိုး ဦးတည်ထားနိုင်ဖို့ပါပဲ။
:)
ရှင်အာစာရ
No comments:
Post a Comment