Friday, May 29, 2015

စံပယ် ဆယ်ထပ်၊ သာသနာ ဆယ်ထပ်

မန္တလေးမှာ နေ့အပူချိန် ပြန်မြင့်နေတယ် ငါ့ရှင်ရေ . . . . .။ မနေ့ညနေတုန်းက အပူချိန်ကျလို့ လူးသာလှုပ်သာ ရှိလာတော့ အပြင်ထွက်ပြီး လမ်းလျှောက်ဖြစ်တယ်။ အပူကျတာတောင် ကိုးနာရီထိ အရှိန်က ကောင်းကောင်း မသေသေးဘူး။ ခြေညောင်းလက်ဆန့် လမ်းလျှောက်ဖို့လောက်ကတော့ သိပ်မဆိုးတဲ့ ရာသီဥတုလို့ ဆိုရမှာပါ။ ဒါတောင် သိပ်ဝေးဝေး လမ်းမလျှောက်ချင်သေးဘူး။ အဆောင်ဘေးနားက စံပယ်ရုံတန်း ကွင်းပြင်တစ်ဝိုက်ပဲ ပတ်လျှောက်ဖြစ်တယ်။ ရာသီပန်း စံပယ်တွေက တစ်နေကုန် ခူးကြတာတောင် မကုန်သေးဘူး ငါ့ရှင်ရေ . . . . .။ ဟုတ်တယ် . . .။ စီးပွားဖြစ်ကို ခူးကြတာ။ စီးပွားဖြစ် ခူးကြတာ ဆိုပေမယ့် လုခူးရင်း ရန်ဖြစ်ကြတာတော့ မရှိဘူး။ သူတို့ ရောင်းဖို့ ခူးပြီးတဲ့ အပင်တွေပေါ်က လက်ကျန်ကိုကပဲ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်ပေါ်လာနေတာ လမ်းလျှောက်ရင်း မြင်မြင်နေရတယ်။ မျက်နှာချင်းဆိုင်ဘက်က လက်ကျန်စံပယ်တွေ ရှာခူးရင်း လျှောက်လာနေတဲ့ ကလေးတစ်ယောက်က စံပယ်တွေ ယူအုံးမလားဆိုပြီး လာပေးသေးတယ်။ မယူတော့ဘဲ သူနဲ့ ရှောင်ပြီး ဆက်လျှောက်ဖြစ်တယ်။ သူခူးခဲ့တဲ့ ဘက်မှာလည်း စံပယ်တွေ ကျန်ခဲ့သေးတာပဲ။ သူ မမြင်ခဲ့တာတွေပေါ့ ငါ့ရှင်ရယ် . . . . .။ သူ့မျက်စိနဲ့ တိုးမိတာကိုပဲ သူခူးသွားတာပေါ့။ အခု သူနဲ့ ထိပ်တိုက် ပြောင်းပြန် လျှောက်လာတဲ့ မျက်စိထဲ လာတိုးတဲ့ စံပယ်တွေက သူ့မြင်ကွင်းထဲ မ၀င်ခဲ့တာတွေလေ။

အနှေးလျှောက်ရင်း “မှိုဆယ်ထပ်၊ ပျားဆယ်ထပ်”ဆိုတဲ့ စကားကို သတိရလိုက်မိသေးတယ်။ မှိုကျင်းတို့ ပျားအုံးတို့ ရှာတယ်ဆိုရင် အထပ်ထပ် ပြန်ရှာရတာတဲ့။ မမြင်ဘဲ ကျော်သွားတတ်တဲ့ သဘောပေါ့။ အခုလည်း . . . စံပယ်လည်း ဆယ်ထပ် ဆိုပါစို့။ စံပယ်ရုံတန်း ကွင်းပြင်ကို ဆယ်ခေါက် ပတ်လျှောက်ပြီး စံပယ်ခူးတယ် ဆိုရင်လည်း အခေါက်တိုင်း အခေါက်တိုင်း စံပယ်တွေ တွေ့နေမှာပေါ့။ တစ်ခေါက်နဲ့တစ်ခေါက် စံပယ်တန်းနဲ့ အနီးအဝေး အမျိုးမျိုးနဲ့ လျှောက်လမ်းကြောင်း မတူရင် ပုန်းနေတဲ့ စံပယ်တွေ ပိုတွေ့နိုင်တာပေါ့ ငါ့ရှင်ရယ် . . . . .။

ဒါနဲ့ . . . သာသနာလည်း ဆယ်ထပ်လို့ ပြောရမယ် ထင်ပါတယ်။ သာသနာပြုလုပ်ငန်းနဲ့ ပတ်သက်လို့  ပြောတာပါ။ လုပ်စရာတွေ . . . လုပ်စရာတွေ။ လုပ်ကြည့်ရင်းနဲ့ အမျိုးမျိုး မြင်နိုင်တာပေါ့။ ဒီနေ့ခေတ် သာသနာရေးအလုပ်က ဓူရနှစ်ဖြာထက် ကျော်လွန်လာပြီလေ။ ငါ့ရှင်တစ်ပါးက ပညာရေးပရဟိတ၊ ငါ့ရှင်တစ်ပါးက ကျန်းမာရေးပရဟိတ၊ ငါ့ရှင်တစ်ပါးက စာသင်တိုက်၊ ငါ့ရှင်တစ်ပါးက ရိပ်သာ၊ ငါ့ရှင်တစ်ပါးက လူမှုရေ။ . . . . . ဘယ်မှာ ကုန်နိုင်လို့လဲ။ အမျိုးမျိုး လုပ်ကြတာ မကောင်းဘူးလား။ ဒါနဲ့ကိုပဲ . . . . . ခက်တော့ခက်သားပါလား ငါ့ရှင်ရယ် . . .။  စွမ်းနိုင်တဲ့ ငါ့ရှင်တွေ စွမ်းဆောင်နေကြတာ ချီးကျူးစရာ ဖြစ်ပေမယ့် . . . . . လုပ်ရင်းလုပ်ရင်းနဲ့ အထိုက်အလျောက် အောင်မြင်လာတော့ တစ်ကိုယ်တော်ပဲ လက်စွမ်းပြချင်ပြီး တစ်ခြား ငါ့ရှင်တစ်ပါးပါး သက်ဝင်လှုပ်ရှားလာမှာကို မလိုလားတဲ့ ငါ့ရှင်တွေလည်း ရှိတတ်သေးတယ် ငါ့ရှင်ရယ် . . .။ ငါ့ရှင်တစ်ပါးပါးရဲ့ ဂေါစရဂါမ်ထဲ တစ်ခြားငါ့ရှင် တစ်ပါးပါး ၀င်လာရင် မူလငါ့ရှင်က သူ့လုပ်ငန်း သူ့တန်းခိုး သူ့အောင်မြင်မှုတွေ လျော့သွားမှာ စိုးပူတာမျိုးတွေ ကြားရကြုံရတာ စိတ်ပျက်စရာ မကောင်းဘူးလား။ ပူစရာ မဟုတ်တာ ငါ့ရှင်ရယ် . . . . .။ လာဘတွေ သက္ကာရတွေ သိလောကတွေ အသာထားပြီး ငါ့ရှင်တို့ တကယ်မြတ်တဲ့စိတ်နဲ့ လုပ်နိုင်မယ်ဆိုရင် လုပ်စရာတွေ အောင်မြင်မှုတွေက ဆုံးတယ်လို့ကို ရှိမှာမဟုတ်ပါဘူး။ တစ်မြို့မြို့ တစ်ရွာရွာမှာ ငါ့ရှင်များစွာ သက်ဝင်လှုပ်ရှား နေကြတယ် ဆိုရင်တောင်မှ ငါ့ရှင်တစ်ပါး မမြင်မိ မလုပ်မိတဲ့ ရပ်ရေးရွားရေး မြို့ရေးပြရေးကို တစ်ခြား ငါ့ရှင်တစ်ပါးပါးက လုပ်လိုက်နိုင်တာပေါ့။ မဟုတ်ဘူးလား။

 ဖြည်းဖြည်းမှန်မှန် လျှောက်ရင်းနဲ့ ခူးမကုန်နိုင်တဲ့ စံပယ်တွေ အထပ်ထပ် တွေ့နေရသလို . . . . . . . . . .။ သူတို့တွေ စီးပွားဖြစ် စံပယ်ခူးကြတာတောင်မှ ခူးသူချင်း သင့်သင့်မြတ်မြတ် ရှိနိုင်ကြသေးတာ . . . . . . . . . .။ လက်ထဲက ခူးပြီးသား စံပယ်ကိုတောင် မျှဝေပေးချင်သေးတာ . . . . . . . . . .။

:)
ရှင်အာစာရ

No comments:

Post a Comment