ကလေးတို့ ငယ်ဘ၀ ကလေးချင်း ဆက်ဆံကြသော
ကလေးကမ္ဘာကျဉ်း၌ ကြုံရသော ကလေးသဘာဝ ကလေးစရိုက်များကို လူကြီးချင်း ဆက်ဆံရသော
လူကြီးဘ၀ လူကြီးကမ္ဘာကျယ်၌ ပုံစုံအမျိုးမျိုးနှင့် တွေ့နိုင်ပေသည်။
၎င်းတို့ကို ကလေးကျင့် ကလေးကြံဟု ဆိုခြင်းထက် လူ့သဘာဝဟု ခေါ်ဆိုခြင်းက ပို၍
သင့်မြတ်ပေမည်။
ဥပမာ ကလေးတစ်ယောက်က
အခြား ကလေးတစ်ယောက် မသိခိုက် အဆိုပါ ကလေးက ထိုကလေး၏ ဦးခေါင်းကို လက်နှင့်
ပုတ်လိုက်ပြီး တစ်ဘက်သို့လှည့်ကာ မသိဟန် မလုပ်ဟန် ဆောင်နေမည်။
ခေါင်းပုတ်ခံရသော ကလေးက ခေါင်းပုတ်သူကို ရှာမည်။ ခေါင်းပုတ်သည့် ကလေး
(တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် အုပ်စု)က ခပ်တည်တည် နေမည်။
ခေါင်းပုတ်ခံရသော ကလေး ဘာတတ်နိုင်မည်နိုင်နည်း။
ခေါင်းပုတ်ခံရသော
ကလေးက အကင်းပါသူ ဖြစ်ခဲ့လျှင်၊ သို့မဟုတ် ကံကောင်းခိုက်နှင့် ကြုံလျှင်
ဒုတိယအကြိမ်၊ သို့မဟုတ် တတိယအကြိမ်၊ သို့မဟုတ် တစ်ကြိမ်ကြိမ်၌
ခေါင်းပုတ်သူကို ဖမ်းမိမည်။ ဖမ်းမိလျှင်လည်း “စတာပါကွာ”ဟူသော
နှစ်သိမ့်ဆုကိုသာ ရရှိမည်။ ဤပွဲမျိုးသည် ပရိသတ်အတွက် နှစ်ထောင်းအားရစရာ
ဖြစ်နိုင်သော်လည်း ခံရသူ ကလေးအတွက် မနှစ်မျို့စရာပင် ဖြစ်သည်။
စိတ်မထိန်းနိုင်သော ကလေးများ ပေါက်ကွဲရမည်။ စိတ်မခိုင်သော ကလေးများ ပူးဆွေး
ငိုကြွေးရတတ်သည်။ ဤ အဖြစ်မျိုးသည် ပရိသတ်အတွက် နှစ်ထောင်းအားရစရာ
ပိုကောင်းလာနိုင်သည်။
ထူသောကလေးများ အနေဖြင့် ကြုံခဲလှသော
ကံကောင်းခိုက်နှင့် ဝေးကွာလျက် ခေါင်းပုတ်သူကို တစ်ရံတစ်ဆစ်မျှ
မဖမ်းမိနိုင်ဘဲ အလျဉ်းမသင့်တိုင်း မျက်နှားပုတ်သိုးသိုး ဖြစ်နေရုံသာ
ရှိရတော့မည်။ ပေါက်ကွဲရသော ကလေးရူးလျှင်လည်း ဖြစ်ရပေမည်။
ဥပမာ
နောက်တစ်မျိုးမှာ ဤသို့ ဖြစ်သည်။ ကလေး တစ်ယောက်က ကလေးတစ်ယောက်၏ နားရွက်ကို
တံတွေးဆွတ်သည်။ “မိုက်တဲ့သူ နားရွက်တံတွေးဆွတ်”ဟူသော ခရာတုတ်သံ အဆုံး၌
ကလေးတစ်ယောက်က အခြားတစ်ယောက်၏ နားရွက်ကို တံတွေး ဆွတ်မည်။ ကလေးတို့ အပြိုင်
ဆွတ်ကြပါမည်။ ပါးစပ်းထဲက တံတွေး အနည်းငယ် (သို့မဟုတ် ခပ်များများ)ကို
လက်ချောင်းနှင့် တို့(ကလော်)ယူ၍ ပြိုင်ဘက်ကလေး၏ နားရွက်ကို
တံတွေးစွပ်စေမည်။ ပွဲကြည့်သူတို့ ပျော်စရာ ဖြစ်နိုင်သော်လည်း
အပြိုင်နှစ်ဘက်တို့ အတွက်ကား အနိုင်ရလိုမှု သက်သက်ဖြင့် စွန့်စားရသော
လေ့ကျင့်ခန်း တစ်ခုသာ ဖြစ်၏။
ဤ ဥပမာတို့သည် ဖွံ့ဖြိုးပြီး
ဖွံ့ဖြိုးဆဲ မြန်မာ့ပြဿနာများ ဖြစ်ကြသော အနောက်ခြမ်းမှ ခိုးဝင်
ဘင်္ဂါလီများနှင့်လည်းကောင်း အရှေ့ဘက် ယွန်းယွန်းမှ စီးဝင်မှု၊ ထိုဘက်သို့
စိမ့်ထွက်မှု များနှင့်လည်းကောင်း လုံးဝမသက်ဆိုင်ဟု မဆိုနိုင်သကဲ့သို့
၎င်းတို့ကိုသာ ဆိုလိုသည်ဟုလည်း မမှတ်သင့်ပေ။ အမှန်မှာ ဥပမာတို့သာ ဖြစ်၏။
အရာကျယ်သော လူကြီးကမ္ဘာ
မြေပြင်အရပ်ရပ်၌ တမင်သက်သက်ဖြစ်စေ၊ အလိုက်သင့် အလိုအလျေက်ဖြစ်စေ
လေ့ကျင့်ထူထောင်မိတတ်သော လူ့အကျင့် လူ့အကြံ လူ့စရိုက်တို့ အကောင်း များပါမှ
ဝန်းကျင်ကောင်း၊ ကမ္ဘာကောင်းကို ထူထောင်နိုင်ကြမည်ဟုကား ဆိုနိုင်၏။
ထိုသို့ မထူထောင်နိုင်လင့်ကစား အစဉ်ထာဝရ ခေါင်းပုတ်ခံရသည်ချည်း
ဖြစ်မနေအောင်၊ နားရွက်တံတွေးဆွတ်ခံရသည်ချည်းလည်း ဖြစ်မနေအောင် ဖျတ်လတ်သော
အတွင်းအား အမျိုးမျိုးကိုမူ ထူထောင်ထားသင့်ပေသည်။
:)
ရှင်အာစာရ
No comments:
Post a Comment