မိဘက သားသမီးကို၊
ညီအစ်ကို မောင်နှစ်မက ညီအစ်ကို မောင်နှစ်မကို၊ ဆွေမျိုးသားချင်းက
ဆွေမျိုးသားချင်းကို၊ သူငယ်ချင်းက သူငယ်ချင်းကို၊ ရပ်ကွက်သူ ရပ်ကွက်သား
အချင်းချင်း၊ ရွာသူရွာသား အချင်းချင်း၊ မြို့သူမြို့သား အချင်းချင်း၊
ဝန်ထမ်း အချင်းချင်း၊ အလုပ်ရှင်က အလုပ်သမားကို၊ အစိုးရက
တိုင်းသားပြည်သူကို၊ တရားယောဂီက တရားယောဂီကို၊ သီတင်းသုံးဖက် ရှင်ရဟန်း
အချင်းချင်း၊ ကျောင်းထိုင်ဆရာတော် အချင်းချင်း၊ စာချဆရာတော် အချင်းချင်း၊
ဆရာတော်က တပည့်တပန်းကို၊ ဆရာက တပည့်ကို
စသည်အားဖြင့် ထိုထိုထိတွေ့ဆက်ဆံမှု နယ်ပယ်တိုင်း၌ မေတ္တာတရားနှင့်
လေးစားခန့်ငြားမှု တရားကောင်းတို့ ထွန်းကားခဲ့ပါလျှင် ၀န်းကျင်အသီးသီး၌
ချစ်ပင်ကြီး၍ ချစ့်ပွင့်ချစ်သီးများ ဝေဆာလျက် ငြိမ်းချမ်းသာယာသော ယဉ်ကျေးမှု
နယ်မြေများ ခိုင်မာကျယ်ပြန့် ပေလိမ့်မည်။
သားသမီးက မိဘကို၊ တပည့်က ဆရာကို စသည်အားဖြင့် လေးစားသမှု ပြုရသော
ဝတ်လမ်းကြောင်းသည် ယေဘုယျအားဖြင့် အထက်သို့ ဆန်တက်၏။ သို့သော်
မုချကိန်းသေကား မဟုတ်ပေ။ အဆိုပါ ၀တ်လမ်းကြောင်း ဆန်တက်သည် ရှိသကဲ့သို့
စုန်ဆင်းသည်လည်း ရှိရပေမည်။ မိဘက သားသမီးကို လေးစားခြင်း၊ ဆရာက တပည့်ကို
လေးစားခြင်း စသည်အားဖြင့် ကြီးရာမှ ငယ်ရာသို့၊ မြင့်ရာမှ နိမ့်ရာသို့ ငုံ့၍
လျှော၍ လေးစားသမှု ပြုပါလျှင်လည်း ငရဲကြီးမည် မဟုတ်ပေ။ ကြီးရာမှ ငယ်ရာသို့၊
မြင့်ရာမှ နိမ့်ရာသို့ ငုံ့၍ လျှော၍ လေးစားသမှု ပြုသင့်သည် ဆိုရာ၌ မိဘက
သားသမီးကို၊ ဆရာက တပည့်ကို စသည်အားဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရမည်ဟု မဆိုလိုပေ။
ကြီးသူမြင့်သူပင် ဖြစ်လင့်ကစား ငယ်သူနိမ့်သူ၏ အခြေအနေ အကြောင်းခြင်းရာ
အမျိုးမျိုးကို ချင့်ချိန်ထောက်ဆ၍ မနောကံဖြင့် စာနာလေးစားလျက် ချိုချစ်သော
ကာယကံ ၀စီကံတို့ဖြင့် ပြောဆိုပြုမူ ဆက်ဆံလျှင် လုံလောက်ပေပြီ။
စုန်အားကောင်းရန် လိုအပ်သကဲ့သို့ ဆန်အားမပျက်ရန်လည်း အရေးကြီး၏။
နယ်ပယ်အသီးသီး၌ အစုန်ရော အဆန်ပါ အစဉ်မပြတ် စီးဆင်းနေသင့်၏။
သို့သော်ငြားလည်း မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ မိတ်ဆွေနှင့် မိတ်ဆွေ
စသည်အားဖြင့် အနီးဆုံး အကြင်ဆုံး ဖြစ်ရမည့် အခြေအနေများမှာပင်
အစိမ်းဝါးဆုံး ဆဲဆိုကြိမ်းမောင်း ပြစ်တင်ဆူပူခြင်း၊ ရိုက်ပုတ်ထိုးသတ်
လှီးဖြတ်ခြင်း အမင်္ဂလာ တရားများ သီးတတ်ပွင့်တတ်သေး၏။ တင့်လည်းမတင့်
ဖွယ်လည်းမဖွယ်ပေ။ ထိုသို့ မတင့်မတယ် မဖွယ်မရာ ဖြစ်မှုများအတွက်
သင့်သောအကြောင်း မရှိနိုင်ပေ။ ခိုင်သော အကြောင်း အကျဉ်းကား လောဘ၊ ဒေါသနှင့်
မောဟတို့သာ ဖြစ်ကြ၏။
မြတ်စွာဘုရား ဟောကြားသည်ကား ရှင်း၏။ လွယ်၏။
မတင့်တယ်မှု အားလုံးအတွက် အကြောင်းရင်း တရားဆိုး အနှစ်ချုပ်ကား လောဘ၊
ဒေါသနှင့် မောဟတို့သာ ဖြစ်၏။ ခက်သည်ကား လောဘလည်း မထိန်းနိုင်၊ ဒေါသလည်း
မသိမ်းနိုင်၊ မောဟလည်း မငြိမ်းနိုင်ဘဲ မေတ္တာတရားနှင့် လေးစားခန့်ငြားမှုတို့
ပျောက်ဆုံးလျက် ဆူပွက်ကာ ညှိုးနွမ်းပူဆာ ခြောက်သွေ့ခြင်းတို့
ပြူတက်လာတတ်ခြင်း ဖြစ်၏။
တရားပူ တရားဆိုး တရားချိုးတို့ကို
ထုတ်နှုတ်ပယ်ခွာ ရှင်းလင်း၍ တရားအေး တရားကောင်းများ
ကြဲချစိုက်ပျိုးနိုင်ပါမှ ယဉ်ကျေးခြင်း နယ်မြေများ ခိုင်မာကျယ်ပြန့်
နိုင်ပေလိမ့်မည်။
:)
ရှင်အာစာရ
No comments:
Post a Comment