Monday, May 11, 2015

နိဗ္ဗာန်ကို တောင့်သသည့်စိတ်


မေး။   ။ “ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ဆု တောင်းသင့်တယ်ဆိုတာတော့ ဟုတ်ပါပြီ။ လောကုတ္တရာဆု တောင်းမှပြည့်တယ် ဆိုတာနဲ့ ပတ်သက်လို့ စဉ်းစားမိတာက . . .။ ကျင့်နည်းမှန်မှန်နဲ့ သတိပဋ္ဌာန်တရား ပွားများအားထုတ်တယ်၊ တရားထိုင်တယ်၊ တရားမထိုင်ခင် နိဗ္ဗာန်ချမ်းသာ ရရပါလို၏လို့ ဆုမတောင်းခဲ့ဘူး ဆိုပါစို့။ အဲ့ဒီလို အားထုတ်တဲ့သူဟာ ပါရမီ ရင့်ကျက်နေရင် တရားထူးရနိုင်မယ် ထင်ပါတယ်။ မရနိုင်ဘူးလား။”


ဖြေ။   ။ “ရနိုင်ပါတယ်။ ဟုတ်တိပတ်တိ တရားထိုင်တယ်ဆိုရင် တရားထိုင်တဲ့သူရဲ့ ကုသိုလ်စိတ်ထဲမှာ သံသရာက လွတ်မြောက်လိုစိတ် ပါမှာပါ။ တစ်ထိုင်တည်းနဲ့ မလွတ်မြောက်နိုင်ရင်တောင်မှ လွတ်မြောက်ဖို့ ပါရမီမျိုးစေ့ ဖြစ်စေချင်တဲ့ ကုသိုလ်ဆန္ဒ ရှိမှာပါ။ နိဗ္ဗာန်ချမ်းသာကို တောင့်တတဲ့စိတ် ဆိုပါစို့။



စိန္တိတံ သတ္တသင်္ချေယျံ ဆိုတဲ့ ဘုရားလောင်း ဘုရားဆုတောင်းတာနဲ့ ပတ်သက်တဲ့စကား ကြားဖူးမှာပါ။ ဘုရားဖြစ်ဖို့ စိတ်ထဲက ဆုတောင်းတာ ခုနစ်သင်္ချေ ကြာတယ်လို့ ဆိုပါတယ်။ ဘုရားဖြစ်ဖို့ စိတ်ထဲက တောင့်တတာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း နိဗ္ဗာန်ချမ်းသာ ရရပါလို၏လို့ နှုတ်ကနေ ဆုမတောင်းလည်း စိတ်ညွတ်လိုက်ရင် ဆုတောင်းတယ်လို့ ဆိုရမှာပါပဲ။



နောက်တစ်ခုက . . . . .။ သံသရာ ၀ဋ်ဆင်းရဲက ထွက်မြောက်ဖို့ (သံသာရ၀ဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ) ရဟန်းပြုခဲ့တဲ့ ရှင်ဟန်းတွေအတွက် ကျောင်းဝတ်ကန်ဝတ် ဖြည့်ကျင့်တာမျိး နေ့စဉ်ဘ၀ထဲက အသေးအဖွဲ ကိစ္စတွေ ဆောင်ရွက်တဲ့ အခါမှာ နိဗ္ဗာန်ကို အထူးမတောင့်တဘဲ အမှတ်တမဲ့ ဆောင်ရွက်တာ ဖြစ်ရင်တောင်မှ မဂ်ဖိုလ်ရဖို့ အားကြီးတဲ့ အထောက်အပံ့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်ရဟန်းဘ၀ အစကတည်းက သံသရာက လွတ်မြောက်ဖို့ ရည်ရွယ်ချက် ရှိပြီးသား ဖြစ်ပါတယ်။ အလားတူပဲ . . . ဆရာ့ဆီက တရားနည်းခံ တရားတောင်းပြီး အားထုတ်တာမျိုးမှာ သံသရာ ၀ဋ်ဆင်းရဲက ထွက်မြောက်ဖို့ တရားပေးပါစတဲ့ ဆုတောင်းဆန်ဆန် စကားမျိုး ပါတတ်ပါတယ်။ အဲ့ဒီလို ကနဦးဆုတောင်း၊ ကနဦးစိတ်ထားက နိဗ္ဗာန်ဆီ ညွတ်ကိုင်းထားတယ်ဆိုရင် နောက်နောက်အားထုတ်မှုတွေမှာ အထူးတလည် ဆုတောင်းစရာ မလိုတော့ဘဲ မဂ်ဖိုလ်ရဲ့ ဥပနိဿယ ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။”



မေး။   ။ “ဟုတ်ပါပြီ။ ဘာမှ ဆုမတောင်းဘဲ အမှတ်တမဲ့ ပြုလုပ်တဲ့ ကုသိုလ်ဆိုတာ ဘယ်လို ကုသိုလ်မျိုးလဲ။ ကနဦးဆုတောင်းလည်း မရှိ၊ နိဗ္ဗာန်ဆီ စိတ်ညွတ်တာလည်း မရှိတဲ့ အမှတ်တမဲ့ ကုသိုလ်ဆိုတာ ဘယ်လို ကုသိုလ်မျိုးလဲ။”



ဖြေ။   ။ “မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာစိတ်၊ သားသမီးက မိဘအပေါ် ထားတဲ့ မေတ္တာစိတ်မျိုးပေါ့။ ကိုယ့်သားသမီးမို့၊ ကိုယ့်မိဘမို့ နူးညံ့တဲ့ မေတ္တာစိတ် ဖြစ်ပေါ်တာပါ။ ချမ်းသာတစ်ခုခု အကျိုးတစ်ခုခုအတွက် မေတ္တာပွားတာ၊ ကုသိုလ်ပြုတာ မဟုတ်ပါဘူး။ ဘာမှ ဆုမတောင်းဘဲ အမှတ်တမဲ့ပြုတဲ့ ကုသိုလ်ဆိုတာ အဲ့ဒီလို ကုသိုလ်မျိုးကို ပြောတာပါ။ ၀ဂါမိကုသိုလ်ထဲ အကျုံးဝင်ပါတယ်။ ဘာအကျိုးမှ မမျှော်လင့်၊ ဘာကိုမှ စိတ်မညွတ်ပေမယ့် ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိဆိုတဲ့ လောကီအကျိုး ရနိုင်ပါတယ်။”



မေး။   ။ “နောက်တစ်ခုက . . .။ သဒ္ဓါ သီလ သုတ စာဂ ပညာ တရားငါးမျိုး ရှိတဲ့သူဟာ ဘ၀တစ်ခုခုကို တောင့်တရင် တောင့်တဲ့အတိုင်း ဘ၀ပဋိသန္ဓေကို ရနိုင်တယ်။ မတောင့်တရင်တော့ ဘယ်ဘ၀ ရောက်ရမယ်ဆိုတာ မသေချာဘူးလို့ ဆိုထားတာ ရှိပါတယ်။ အဲ့ဒီတော့ . . . အခု လောကုတ္တရာ ချမ်းသာကို တောင့်တရင် လောကီချမ်းသာကိုပါ ရစေနိုင်တယ်ဆိုတဲ့ နေရာမှာ . . . လောကီဆု မတောင်းတဲ့အတွက်၊ ဘ၀တစ်ခုခုကို မတောင့်တတဲ့အတွက် ကောင်းမြတ်တဲ့ဘ၀ ရဖို့ သေချာပါ့မလား။”



ဖြေ။   ။ “လောကုတ္တရာ ချမ်းသာကိုသာ တောင့်တပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ လွန်ကဲထူးမြတ်တဲ့ ကုသိုလ်၊ ဥက္ကဋ္ဌတမ ကုသိုလ် ဖြစ်တဲ့အတွက်ကြောင့် သင့်တော်တဲ့ ဘ၀တစ်ခုခုရောက်အောင် ပို့ပေးမှာပါ။ ဘ၀ဆု မတောင်းတဲ့အတွက် နိမ့်ကျတဲ့ဘ၀ ရောက်ရလေမလားလို့ ပူပင်စရာ မလိုပါဘူး။”



:)

ရှင်အာစာရ



(မှီး - ပါရမီဒီပနီ၊ လယ်တီဆရာတော်)

No comments:

Post a Comment