Sunday, May 10, 2015

တန်ဖိုးရှိတဲ့ ကုသိုလ်

မေး။ ။ “ကုသိုလ်တစ်ခုခု ပြုပြီဆိုရင် တန်ဖိုးရှိအောင် ဘယ်လိုပြုရမလဲ။”
ဖြေ။ ။ “ပါရမီကုသိုလ်ဖြစ်အောင် ပြုပါ။”

မေး။ ။ “ပါရမီကုသိုလ်ဆိုတာ ဘယ်လိုကုသိုလ်ကို ပြောတာလဲ။” 

ဖြေ။ ။ “၀ိဝဋ္ဋကုသိုလ်ကို ပြောတာပါ။”

မေး။ ။ “ပိုရှုပ်သွားပြီ။ ၀ိဝဋ္ဋကုသိုလ်ဆိုတာ ဘယ်လိုကုသိုလ်ကို ပြောတာလဲ။”

ဖြေ။ ။ “သံသရာဝဋ်က လွတ်မြောက်ချင်တဲ့စိတ်နဲ့ ပြုတဲ့ကုသိုလ်၊ နိဗ္ဗာန်ကို ရည်မှန်းပြီး ပြုတဲ့ကုသိုလ်ကို ပါရမီကုသိုလ်လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ရည်မှန်းပြီး ပြုလုပ်တဲ့ ကောင်းမှုမှန်သမျှကို ပြောတာပါ။ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်တဲ့ ကုသိုလ်ကို ပြောတာပါ။” 

မေး။ ။ “လူချမ်းသာ နတ်ချမ်းသာစတဲ့ လောကီချမ်းသာ၊ သံသရာ ၀ဋ်ထဲကချမ်းသာ တစ်မျိုးမျိုးကို ဆုတောင်းတယ်ဆိုရင် ပါရမီကုသိုလ် မဟုတ်တော့ဘူးလား။”

ဖြေ။ ။ “လောကီချမ်းသာကိုလည်း ဆုတောင်းတယ်၊ နိဗ္ဗာန်ကိုလည်း ဆုတောင်းတယ် ဆိုရင်တော့ ပါရမီကုသိုလ် ပါပဲ။”
မေး။ ။ “လောကီ လောကုတ္တရာ နှစ်မျိုးလုံး ဆုတောင်းရမှာလား။”

ဖြေ။ ။ “ဟုတ်ပါတယ်။ ပါရမီကုသိုလ် ဖြစ်ချင်တယ်ဆိုရင် နိဗ္ဗာန်ကို အာရုံပြုရပါမယ်။ ပရမာနံ ကမ္မံ ပါရမီဆိုတဲ့ စကားအရ သူမြတ်တို့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှု မှန်သမျှဟာ နိဗ္ဗာန်ကို ဆုမတောင်းပေမယ့် ပါရမီမြောက်တယ်လို့ ဆိုစရာတော့ ရှိပါတယ်။ ပရမာနံ ကမ္မံ ပါရမီဆိုတဲ့ စကားအရ ပါရမီဆိုတာ သူမြတ်တို့ရဲ့ အလုပ်ကို ခေါ်တာပါ။ ဒါပေမယ့် သူတော်သူမြတ်တွေ ကုသိုလ်ပြုရင် နိဗ္ဗာန်ကို ဆုတောင်းကြတာပါပဲ။ ဒီတော့ ၀ဋ်ဆင်းရဲက လွတ်ချင်တဲ့စိတ်၊ နိဗ္ဗာန်ချမ်းသာကို လိုချင်တဲ့စိတ်နဲ့ ပြုလုပ်တဲ့ ကုသိုလ်ကိုပဲ ပါရမီကုသိုလ်လို့ မှတ်သားရမှာပါ။”

မေး။ ။ “လောကုတ္တရာဆု နိဗ္ဗာန်ပဲ တောင်းမယ်၊ လောကီဆု မတောင်းဘူးဆိုရင် လောကီအကျိုးရော၊ လောကကုတ္တရာ အကျိုးရော ရနိုင်မလား။ ပါရမီမပြည့်ခင် သံသရာက မကျွတ်လွတ်နိုင်သေးခင်မှာ လူချမ်းသာ၊ နတ်ချမ်းသာတွေ ရပါသေးတယ်။”

ဖြေ။ ။ “လောကုတ္တရာဆု တောင်းတယ်ဆိုရင် လောကီအကျိုးလည်း ပြည့်ပါတယ်။ လောကီဆု သက်သက်ပဲ တောင်းတယ်ဆိုရင်တော့ လောကီဆုပဲရပါမယ်။ နိဗ္ဗာန်ရဖို့ အထောက်အပံ့ မဖြစ်နိုင်ပါဘူး။ ”

မေး။ ။ “ဘာမှ ဆုမတောင်းဘဲ အမှတ်တမဲ့ပဲ ကုသိုလ်ပြုလိုက်မယ်ဆိုရင် ဘယ်လို အကျိုးပေးမလဲ။”

ဖြေ။ ။ “ဆုမတောင်းလည်း ကုသိုလ်ကတော့ ကောင်းကျိုးပေးမှာပါပဲ။ ဒါပေမယ့် ဆုမတောင်းဘဲ အမှတ်တမဲ့ ပြုတဲ့ ကုသိုလ်က လောကီအကျိုးပဲ ပေးနိုင်ပါတယ်။ နိဗ္ဗာန်အကျိုးကတော့ . . . နိဗ္ဗာန် ဆုတောင်းမှ နိဗ္ဗာန်ရဖို့ အထောက်အပံ့ ဖြစ်ပါမယ်။”

မေး။ ။ “လောကီကုသိုလ်က နိဗ္ဗာန်ရဖို့ အထောက်အပံ့ပဲ ဖြစ်တာလား။”

ဖြေ။ ။ “ဒါနစတဲ့ လောကီကုသိုလ်ဟာ နိဗ္ဗာန်ရဖို့ အထောက်အပံ့သာ ဖြစ်ပါတယ်။ နိဗ္ဗာန်က လောကုတ္တရာတရား ဖြစ်နေတဲ့ အတွက်ကြောင့် တိုက်ရိုက် အကျိုးမပေးနိုင်ပါဘူး။ အထောက်အပံ့ ဆိုပေမယ့် အထင်သေးစရာ မဟုတ်ပါဘူး။ ဥပနိဿယဆိုတဲ့ အားကြီးသော အထောက်အပံ့ ဖြစ်ပါတယ်။ သန်မာကြီးထွားတဲ့ သစ်ပင်ကြီးတစ်ပင်ကို မိုးကြိုးတစ်ချက် ပစ်လိုက်တယ်ဆိုရင် သစ်ပင်ကြီး ဘယ်လောက်ကြီးကြီး တဖြည်းဖြည်း ခြောက်သွားပြီး နောက်ဆုံး သေရပါတယ်။ အလားတူပါပဲ။ ၀ဋ်ဆင်းရဲကင်းဖို့ ရွယ်ရွယ်ပြီး ပြုလုပ်တဲ့ ကုသိုလ်က ကြီးမားတဲ့ ကိလေသာ ထုထည်ကို အားနည်းသွားအောင် လုပ်လိုက်နိုင်ပါတယ်။ ကြီးကြီးကျယ်ကျယ် လုပ်ရတဲ့ ကုသိုလ်မှ မဟုတ်ပါဘူး။ ၀ဋ်ဆင်းရဲကင်းဖို့ ရွယ်ရွယ်ပြီး ပြုလုပ်တယ်ဆိုရင် အလွယ်တကူ ပြုလုပ်နိုင်တဲ့ ကုသိုလ်လည်း အစွမ်းထက်ပါတယ်။”

မေး။ ။ “ဟုတ်ပါပြီ။ လောကုတ္တရာဆု တောင်းလိုက်ရင် လောကီလောကုတ္တရာ အကျိုးနှစ်မျိုး ရနိုင်တယ်၊ လောကုတ္တရာဆုကတော့ တောင်းမှ ရတယ်၊ အမှတ်တမဲ့ ကုသိုလ်ပြုရင် လောကီအကျိုးပဲ ရမယ်။ ဒီတော့ ကုသိုလ်ပြုရင် နိဗ္ဗာန်ကို အာရုံပြုသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဟုတ်လား။”

ဖြေ။ ။ “မှန်ပါတယ်။ တန်ဖိုးရှိတဲ့ ကုသိုလ် ဖြစ်ဖို့အတွက် ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ဆု တောင်းသင့်ပါတယ်။ ဘယ်လိုကုသိုလ် ပြုလုပ်တာပဲဖြစ်ဖြစ် လောဘ ဒေါသ စတဲ့ ကိလေသာတွေ ကုန်စေချင်တဲ့စိတ်၊ ဘ၀သံသရာမှာရှိတဲ့ ဆင်းရဲမျိုးစုံကနေ လွတ်မြောက်ချင်တဲ့ စိတ်နဲ့ ပြုသင့်ပါတယ်။”

:)

ရှင်အာစာရ

(မှီး - ပါရမီဒီပနီ၊ လယ်တီဆရာတော်)

No comments:

Post a Comment