သမိုင်းသည်
မှတ်စုမှတ်ရာတို့ကို သိပ်သည်းစွာ သိမ်းထုပ်ထားတတ်လွန်းလှ၏။ ယခုအခါ ရာစုနှစ် တစ်ခုကျော်
ကာလကို သမိုင်းက ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေပြီတည်း။ နှစ်သက္ကရာဇ်ပေါင်း
(၁၀၉)ပင် ရှိခဲ့လေပြီတကား။ နှစ်ဆယ်ရာစု စဆန်းပိုင်း ၁၉၀၃-ခုနှစ်က ဖြစ်၏။ ထိုနှစ်က
အရှင်မြတ်သည် မုံရွာအနီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်း လက်ပတောင်းတောင်၌
ဝါကပ်တော်မူခဲ့သည်။ တောင်တော်သို့ အရှင်မြတ် ကြွတော်မမူမီကပင် မုံရွာမြို့၌ သြဇာတိက္ကမ
ကြီးမားကြသည့် တပည့်တော် တပည့်ကျော် ငကြော့နှင့် ငစံလင်းတို့က အရှင့်အတွက် တောင်တော်၌ ၀ါဆိုကျောင်းတစ်ဆောင် စီစဉ်ခဲ့ကြသည်။ ဤသည်မှာ အရှင်၏
(၃၈)ကြိမ်မြောက် ၀ါတော်အတွက် ဖြစ်ခဲ့သည်။ ထိုနှစ် ၀ါတွင်းကာလ ဇူလိုင်လ၌
ဒီပနီကျမ်းပြု အရှင်မြတ်သည် ပါဠိပါဌ်သား အက္ခရာ စာလုံးတို့ကို စိစစ်ဖွင့်ဆိုသည့် နိရုတ္တိဒီပနီကျမ်းကြီးကို
ပြီးစီးအောင် စီရင်တော်မူနိုင်ခဲ့၏။
**********
လက်ပတောင်းတောင်သည်
အထီးကျန်မဟုတ်ပေ။ စံပယ်တောင်၊ မြရိပ်တောင်၊ ကြေးစင်တောင်၊ ကျောက်မြက်တောင်၊
ရွှေဘုံသာတောင်၊ ဖိုဝင်တောင်။ တောင်များစွာတို့သည် လက်ပတောင်းတောင်နှင့် ယှဉ်လျက်
မားမားခန့်ခန့် ရှိနေကြ၏။ တောင်မိသားစု၏ ပတ်ဝန်းကျင်၌ အရှင်မြတ်
ဆွမ်းခံကြွစရာ ဂေါစရဂါမ်ရွာများ ရှိ၏။ လက်ပတောင်းတောင်၏ အနောက်မြောက်ဘက်၌
ကျော်ရွာနှင့် တောင်ပလူရွာတို့ ရှိ၏။ အနောက်ဘက်၌
မိုးကြိုးပြင်ရွာ ရှိ၏။ တောင်ဘက်၌ တုံရွာ၊ ဖောင်းတကာရွာ၊ ဆားထုံးရွာတို့ ရှိကြ၏။
ဆားလင်းကြီးလည်း ရှိသေး၏။ အထူးသဖြင့် ကျော်ရွာနှင့် တောင်ပလူရွာတို့သည် အရှင်မြတ်အတွက်
အသင့်တော်ဆုံး ဆွမ်းခံရွာများ ဖြစ်ကြ၏။ အရှင်မြတ်ကို ပစ္စယာနုဂ္ဂဟဖြင့်
ပူဇော်ခွင့်ရသူ လူဒကာဒကာမတို့ ကံကောင်းခဲ့ကြ၏။
တောင်မိသားစုအနက်
လက်ပတောင်းတောင်ကို တောပျော် အရှင်မြတ်က အထူးနှစ်သက်တော်မူ၏။ အကြောင်းကား
တောင်တော်၌ အထွတ်ပေါင်း (၃၃)ခု ရှိပြီး တောင်မကြီးသုံးခု
ဖိုခနောက်ဆိုင် ထိဆက်လျက် ရှိနေခြင်း၊ တောင်ကြားလျှိုမြောင်တို့
မြောက်များစွာရှိခြင်း၊ ဂူပေါခြင်း၊ တောင်ဆင်ခြေလျှောတိုင်းတို့သည်
သဘာဝပေါက်ပင်များဖြင့် စိမ်းစိုညို့မှိုင်းနေခြင်း၊ ကျေးငှက်သာရကာနှင့် သားသမင်တို့
နားခိုပေါက်ဖွား ကျက်စားရာ ဘေးမဲ့တောသဖွယ် ဖြစ်နေခြင်း၊ ရေရလွယ်ခြင်း စသည်တို့ကြောင့်တည်း။
**********
ချင်းတွင်းကား
လှိုင်းတအိအိနှင့် လှနေ၏။ မြစ်တွင်း၌ လေသမ္ဗာန်တို့ သွားလာကူးခတ်လျက် ရှိ၏။
သစ်ဖောင်များလည်း မျောလျက် ရှိ၏။ မုံရွာမှ လက်ပတောင်းသို့ အရှင်မြတ် ကြွှချီတော်မူလေရာ
လိုက်ပါပို့ဆောင်သူ အရှင်မြတ်၏ တပည့်သာဝကတို့ မုံရွာဘက်ကမ်း၌ ရွှင်လန်းတက်ကြွနေကြ၏။ မြစ်ကို ကူးရန် စီစဉ်ကြစဉ်
အရှင်မြတ်က ဗျာဒိတ်တော် ချွေ၏။
“တို့များ ခုနေခါတော့ မြစ်ကူးရတာ ခက်သပေါ့ကွယ်။
နောင်ခါမှာတော့ ဒီနေရာမှာ ချင်းတွင်းတံတားရယ်လို့ ပေါ်လာလိမ့်မယ်ကွယ့်။ တံတားကို
အကြောင်းပြုပြီး သတ္တ၀ါတွေ ချမ်းသာကြအုံးမှာပေါ့ကွယ်။ ကံကောင်းကြအုံးမှာပေါ့ . . .။”
“အခုလည်း ဆရာတော် ကြွလာတဲ့အတွက်
ဆွမ်းလောင်းလှူခွင့် ရကြလို့ ကံကောင်းကြမှာပါပဲ ဘုရား”ဟု ရှင်ပဏ္ဍိတက
ဖြည့်စွက်လျှောက်ထား၏။
“အိမ်း . . . လက်ပတောင်း ဒေသမှာ သတ္တ၀ါတွေ ဘေးလည်း
သင့်ကြလိမ့်အုံးမယ်ကွ ငကြော့ရ။ အဆိပ်ဘေး၊ လက်နက်ဘေး၊ ဒဏ်ဘေး၊ ရန်ဘေးတွေ
ထူပြောချိန် ရောက်လိမ့်အုံးမယ်။”
အရှင်မြတ်၏
မျက်နှာတော်ကား
ဗြာဟ္မစိုရ်အလင်းဖြင့် ခန့်ခန့်ငြားငြားကြီး ၀င်းလက်နေသော်လည်း အရှင်မြတ်၏
ဗျာဒိတ်စကား ကြားလိုက်ရသူ သာဝကများ၏ အပျော်ဓာတ်ကား သောကလှိုင်းကြားတွင် ငုတ်လျှိုးသွားတော့၏။
ဗျာဒိတ်တော် မြွက်ကြားပြီးနောက် အရှင်မြတ် နှုတ်ဆိတ်နေလေရာ သာဝကများလည်း အလိုက်သင့်
နှုတ်ပိတ်နေကြရလေ၏။ မောင်ရောင်နီနှင့် မောင်မြို့တို့သည် မြစ်ကူးရန်သာ
စိတ်လေးလေးနှင့် စီစဉ်နေကြရလေတော့၏။ ရှင်ပဏ္ဍိနှင့် ရှင်ကိတ္တိတို့၏ စိတ်အစဉ်၌ ထိတ်လန့်သံဝေဂတို့ ပေါက်ဖွားနေဟန် တူ၏။
**********
(ဆက်ရန်
. . . . .)
:)
ရှင်အာစာရ
-----
Comment:
အချက်အလက်ကို
အခြေခံသော သဒ္ဓါစိတ်ကူးမျှသာ ဖြစ်ပါသည်။
-----
ဓာတ်ပုံ
-
မနောရမ္မစင်္ကြ
ံကျောင်း(လယ်တီပြတိုက်)အတွင်းပိုင်း
မဟာလယ်တီကျောင်းတိုက်၊
မုံရွာ
ဆက်ရန်တွေ အတော်လေး များနေပါလားဘုရား။း))
ReplyDelete