သီတင်းကျွတ်တော့မယ် ဆိုတာနဲ့ ရိုးရာရုပ်လုံးတွေ လှုပ်လှုပ်ရွရွ
ကြွတက်လာတော့တာပဲ။ (ရခိုင်အရေးကလည်း ရခိုင်အရေးပေါ့။) သင်ပုန်းကြီး ဖတ်စာထဲကလို မိုးလေကြည့်ပြီး
မီးပုံးပျံလွတ်ကြဖို့။ ဟိုတေးတစ်ပုဒ်ထဲကလို မီးပုံးလှလှလေးတွေ . . .။ ဆီမီးတစ်ထောင်။
လူပြောင်လူနောက်တွေက ဗြောက်အိုးခွဲကြဖို့။ ဘုရားပွဲတော် တော်တော်များများ သီတင်းကျွတ်မှာ
ကျင်းပတာမို့ ပွဲဈေးလျှောက်ကြဖို့။ ကျောင်းပိတ်ရာသီမို့ ရပ်ဝေးမြေမှာ ပညာရှာသူတွေ
အိမ်ပြန်ကြဖို့။ နောက်ပြီး ၀ါကျွတ်ကန်တော့ဖို့။ နောက်ပြီး ကထိန်။ နောက်ပြီး ၀ါတွင်းငြိမ်
ရှင်ရဟန်းတွေ ခရီးပြန်စကြမယ့် ၀ါကျွတ်ခရီးစဉ်။ ပြီးတော့ တွေ့လိုက်မိတာ တစ်ခုက သီတင်းကျွတ်အထူးလျှော့ဈေးတဲ့။
၁၅-၁၀-၂၀၁၂ မှ ၁၀-၁၁-၂၀၁၂ အထိ။ ". . . . ." အဆင့်မြင့် ပရိဘောဂ ဖြန့်ချိရေး။
တစ်ယောက်အိပ်၊ နှစ်ယောက်အိပ်၊ မိသားစုအိပ်၊ စပရိန်မွေ့ယာ၊ ရေမြှုပ်မွေ့ယာ။ ခန်းဝင်ပစ္စည်း
အမျိုးမျိုး။ ကြော်ငြာဖတ်ရင်း သတိရလိုက်တာက ရင်းရဲက (စစ်ကိုင်း၊ ဒီပဲယင်း၊ ရင်းရဲက)
ဦးပန်။ သူက အိမ်ထောင်ကွဲ လူပျိုကြီး လွမ်းရသူကြီး။
ခံစားရသူကြီး။ အထူးသဖြင့် ၀ါကျွတ်တိုင်း ခံစားရသူကြီး။ ၀ါကျွတ်တာနဲ့ အပျိုလူပျိုတွေ
ကျွတ်လေ့ရှိတာလည်း ရိုးရာ အစဉ်အလာ မဟုတ်လား။
ဦးပန်ကနေ သတိရမိလိုက်သေးတယ်။ ဟိုတစ်နေ့က လူပျိုကြီး
သူငယ်ချင်းနဲ့တွေ့တော့ သူက မလုံ့မလဲ ခပ်တည်တည်နဲ့။ ကြွားတာလား နောက်တာလားတော့ မသိပါဘူး။
"ဒီတစ်ခါတော့ အမေ သဘောမတူလည်း ဇွတ်ယူမှာပဲ"တဲ့။ ပြောပြီး သူ့ဟာသူ ရယ်သေးတယ်။
ထောင်တန်တဲ့စကားတောင် ရယ်တော့ ပေါ့သွားတယ် ဆိုတာကိုး။ သူ့စကားကို ၀ိတ်ပြန်လျှော့ဖို့
ဟာသထိုးလိုက်တာ ဖြစ်နိုင်တယ်။
ဟာသသမားကြီး မဟုတ်ပေမယ့် ဦးပန်ရဲ့ စကားတွေကို ရွာကလူတွေ
ရယ်ကြတယ်။ သူ့ခမျာ တစ်ခါကွဲဖူးထားတော့ အစေ့အစပ် လမ်းစပျောက်နေတာပေါ့။ အိမ်ထောင်ကွဲ
လူပျိုကြီး သေသာသွားရော လူပျိုကြီးပဲ။ ၀ါကျွတ်တိုင်း သူပြောနေကျ စကားက “ငပန်တို့ တစ်ဝါကျွတ်ပြန်ပြီ”တဲ့။
သူကွဲဖူးတယ်ဆိုတာ လူကြီးတွေဆီက ကြားရတာ။ မသိခင်က လူပျိုကြီးစစ်စစ် ထင်နေတာ။ တကယ်က ကွဲခဲ့တာတဲ့။
ကွဲတုန်းကလည်း သူ့ဆန္ဒ အပြည့်အ၀ ပါတာ မဟုတ်ဘဲ ဆွေမျိုးတွေ ၀ိုင်းခွဲလို့ ကွဲခဲ့တာတဲ့။
သူ့ဘ၀ဖော်ရဲ့ အနေအထိုင်ကို ကြည့်မရတာနဲ့ ဆွေမျိုးတွေက စုပေါင်းစပ်ပေါင်း လျော်ကြေးပေးပြီး
ခွဲလိုက်တဲ့သဘော။ အဲ့ဒီတုန်းက သူ တကယ် ခံစားရလို့ ပြောတဲ့ စကားက ရွာမှာတော့ အစဉ်အဆက်
ပြောနေကျ ဟာသတစ်ပုဒ်လိုပဲ။ ကွဲခါစမှာ ကြေကြေကွဲကွဲ ညည်းရှာတယ်တဲ့။ "ကွဲပါ ကွဲပါလို့
ခွဲကြတော့ တစ်ဆွေလုံး တစ်မျိုးလုံး။ လွမ်းရတော့ ငပန် တစ်ယောက်တည်း"။ အဲ့ဒီကတည်းက
လူပျိုကြီး ဖြစ်သွားတာ ဘ၀ဆုံးတဲ့ အထိပဲ။ သူ့ဘ၀ နောက်ပိုင်းမှာ . . . အပျိုလေးတွေ အပျိုကြီးတွေ
တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြတိုင်း သူ့ကို ဆွဲဆွဲထည့်တတ်ကြတယ်။ သူနဲ့ ပေးစားကြတာလေ။
ငပန့်မယား၊ ဦးပန့်မယား၊ ညည့်လူပျို ငပန်၊ ညည့်ဘဲ ဦးပန်၊ ညည်း ငပန်နဲ့ ဘာညာဘာညာ ဖြစ်နေတာ
ငါတို့သိတယ် ဆိုတာမျိုး။ ဦးပန်ကို ရပ်ကရွာက လူမှုရေးအရ မပစ်ပယ်ကြပေမယ့် အိမ်ထောင်ရေး
ကဏ္ဍမှာတော့ သူ့ခမျာ အမျိုးသမီးတွေရဲ့ ရယ်စရာပျက်လုံး၊ အပြောင်အပျက် ပေးစားစရာ လူတစ်လုံး။
မိန်းကလေးချင်း သူနဲ့ ပေးစားကြတာကို ဦးပန်ကလည်း သိတာပေါ့။ အဲ့ဒါကို ဦးပန်က ကာလသားတွေရှေ့မှာ
ပြန်နောက်တတ်တယ်။ “ငပန်တို့များ နေ့ခင်းဆိုရင် ပေါလိုက်တဲ့ မယား။ ညကျရင် ငပန်နဲ့ ခေါင်းအုံးပဲ
ရှိတယ်”တဲ့။ ကာလသားတွေ ရယ်ကြပေမယ့် သူ့စကားက လွမ်းရိပ်လွမ်းငွေ့နဲ့။ ပျက်လုံးရှင် အူလှိုက်သည်းလှိုက်
မရယ်နိုင်တဲ့ ဟာသတွေ ရောင်စုံဖူးပွင့်လေ့ ရှိတတ်ပါလား။
သီတင်းကျွတ်တော့မယ် ဆိုတော့ ရိုးရာရုပ်လုံးတွေ လှုပ်လှုပ်ရွရွ
ကြွတက်လာနေပြီ။ မီးပုံပျံလွတ်ကြမယ့်သူတွေ၊ မီးပုံးလှလှလေးတွေ . . .။ ဆီမီးတစ်ထောင်
. . .။ ဗြောက်အိုးခွဲမယ့် လူနောက်တွေ။ ပွဲဈေးလျှောက်ချင်သူတွေ၊ ကျောင်းပိတ်ရာသီ အိမ်ပြန်ကြမယ့်
ကျောင်းသူကျောင်းသားတွေ။ ၀ါကျွတ်ကန်တော့ပွဲ ကထိန်ပွဲ ဆင်နွှဲကြမယ့်သူတွေ၊ နောက်ပြီး
ခရီးပြန်စကြမယ့် ၀ါတွင်းငြိမ် ရှင်ရဟန်းတွေ၊ သီတင်းကျွတ်အထူးလျှော့ဈေးနဲ့ ၀ယ်ကြခြမ်းကြမယ့်သူတွေ
(ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေ အပါအ၀င် အားလုံး) အူလှိုက်သည်းလှိုက် ရယ်မောနိုင်ကြပါစေကြောင်း
. . . . .။
:)
ရှင်အာစာရ
25Oct12
-----
Comment:
ဓာတ်ပုံ - ဒီဇိုင်နာ နဂါး
No comments:
Post a Comment