Monday, January 9, 2012

သူခိုးမှတ်စု


ပီကာဆို၏ လက်ရာ ဖြစ်သည်။ အေသင် အမျိုးသား ပြတိုက်သို့ ပီကာဆို ကိုယ်တိုင် ပေးအပ်လှူဒါန်းခဲ့သည့် "အမျိုးသမီး၏ ဦးခေါင်း" အမည်ရှိ ပန်းချီကား ဖြစ်သည်။ နာဇီဂျာမဏီကို ခုခံတိုက်ခိုက်ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် ၁၉၄၉-ခုနှစ်က ဂရိနိုင်ငံသို့ ပေးအပ်ခဲ့သော ပန်းချီကား ဖြစ်သည်။ အဆိုပါ ပန်းချီးကားသည် တစ်ခြား အနုပညာလက်ရာ နှစ်ခုနှင့်အတူ တနင်္လာနေ့က အခိုးခံလိုက်ရသည် ဆို၏။ ဒေသစံတော်ချိန် ငါးနာရီ မတိုင်မီ ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ပြီး ခုနစ်မိနစ်အတွင်း အခင်းဖြစ်ပွားခဲ့သည် ဆို၏။ ပန်ချီးကား၏ တန်ဖိုးကို မဆုံးဖြတ်နိုင်သေးပေ။
(http://www.bbc.co.uk/news/entertainment-arts-16470459)

အနုပညာကို မြတ်နိုး၍ ယူခြင်းမဟုတ်ဘဲ အနုပညာ၏ နောက်ကွယ်မှ ငွေကြေးကို ခိုးယူခြင်း ဖြစ်ပေလိမ့်မည်။

----------

ဗုဒ္ဓစာပေ ၀ိနည်းကျမ်းစာများ၌ ခိုးနည်းအမျိုးမျိုး တွေ့ရသည်။ အချို့သော ခိုးနည်းများမှာ ခိုးမှန်း သိသာ၏။ မလိမ့်တပတ် ခိုးနည်းများလည်း ပါဝင်သည်။  အချို့သော ခိုးနည်းများဖြင့် ခိုးမှန်းမသိ ခိုးလိုက်မိတတ်၏။ မသိမသာ သူခိုး ဖြစ်သွားတတ်သည်။ သတိမူစရာ ကောင်းလှ၏။

- မတရား အမှုဆင်၍ သူတစ်ပါး၏ သက်ရှိသက်မဲ့ ပိုင်ဆိုင်မှုများကို အနိုင်ထက် ယူခြင်း၊
- ခြံမြေအပိုရအောင် နယ်ခြားမှတ်တိုင် ပြောင်း၍ စိုက်ထူခြင်း၊
- သူတစ်ပါး သယ်ဆောင်လာသည့် ပစ္စည်းကို ရလို၍ လိမ်ညာပြောဆို စွပ်စွဲကာ ပစ္စည်းကို အချခိုင်းခြင်း၊
- သူတစ်ပါး သယ်ဆောင်လာသည့် ပစ္စည်းကို သယ်ယူသူနှင့်တကွ သမ်းပိုက်ခြင်း၊
- သူတစ်ပါး အပ်နှံထားသည့် ပစ္စည်းကို မအပ်ခဲ့ပါဟု ငြင်းခြင်း၊ သို့မဟုတ် ပြန်မပေးနိုင်ကြောင်း လှည့်ပတ်ပြောခြင်း၊
- ပစ္စည်း တစ်ခုခုကို ခိုးလိုစိတ်ဖြင့် မူလနေရာမှ ရွေ့စေခြင်း၊ နေရာပြောင်းခြင်း၊
- ပစ္စည်းတစ်ခုခုကို နောက်မှယူမည်ဟု စိတ်ကူး၍ တစ်ခုခုဖြင့် ဖုံးအုပ်ကာကွယ်ခဲ့ခြင်း၊
- ပစ္စည်းများ အခွန်ကောက်သည့် နေရာဌာနကို ရှောင်ကွင်း၍ ပစ္စည်း သယ်ယူခြင်း၊ အခွန်ရှောင်ခြင်း၊
- မမှန်ကန်သည့် ချိန်ခွင်, အလေး, တင်းတောင်း စသည်ကို အသုံးပြု၍ မတရား ရောင်းဝယ်ခြင်း၊
- အဖွဲ့အစုနှင့် ခိုးကြရန် သဘောတူ တိုင်ပင်ထားပြီး လက်တွေ့ခိုးသောအခါ မပါဝင်ခြင်း၊
- သူတစ်ပါးကို အခိုးခိုင်းခြင်း၊
- အခွင့်သာချိန်မှာ ခိုးခဲ့ပါဟု သူတစ်ပါးကို အမိန့်ပေးခဲ့ခြင်း၊
- ဓားပြတိုက်ခြင်း၊ အာဏာဖြင့် မတရား သိမ်းပိုက်ခြင်း၊
- မဲချရာ၌ မဲကောင်းရအောင် မတရားလုပ်ခြင်း၊
- သူတစ်ပါးပိုင် ပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်အောင် ကိုယ့်တံဆိပ်၊ ကိုယ့်နာမည် ပြောင်းတပ်ခြင်း
- အမေ့ အဟန့်စသော ပညာကိုသုံး၍ ခိုးခြင်း၊
- တန်ခိုးဖြင့် ခိုးယူခြင်း . . . စသည်။

----------

ယနေ့ခေတ်၌ အနုပညာကို ခိုးယူခြင်း၊ အတတ်ပညာကို ခိုးယူခြင်းများကိုလည်း တားမြစ်ထား၏။ သူတစ်ပါးဖန်တီးထားသည့် စာပေ အစရှိသော အနုပညာ လက်ရာများကို မိမိ ဖန်တီးထားလေဟန် မရိုးမသား မပြုမူရဟု တားမြစ်ထားသည်။ သူတစ်ပါး တီထွင်၍ ထုတ်လုပ်ရာင်းချသည့် အပျော့ထည် အမာထည် နည်းပညာ ပစ္စည်းများကို မ၀ယ်ယူဘဲ ခိုး၍ အသုံးမပြုရန် တားမြစ်သည်။

----------

ကိုင်တွယ်သုံးသပ်နိုင်သည့် သက်ရှိသက်မဲ့ ပစ္စည်းများ ခိုးယူခြင်း၏ အထင်ရှားဆုံး ဆိုးကျိုးမှာ ဆင်းရဲမွဲတေခြင်း၊ အငတ်ငတ် အပြတ်ပြတ် မပြည့်မစုံ ဖြစ်ခြင်းဟု ဘုရားရှင် ဟောတော်မူခဲ့၏။ မကိုင်တွယ် မသုံးသပ်နိုင်သည့် စာပေစသော အနုပညာများ၊ တီထွင်ဖန်တီးမှု နည်းနာများကို ခိုးယူခြင်း၏ ဆိုးကျိုးမှာ ဥာဏ်ထိုင်းခြင်း၊ တီထွင်ဥာဏ်ကန်းခြင်း၊ ဥာဏ်ရူးခြင်း စသည်တို့ ဖြစ်နိုင်၏။

---------

အပြစ်မသိသူ၊ အပြစ်မကြောက်သူတို့ မည်သို့ပင် ခိုးကြစေကာမူ လူလိမ္မာတို့ ခိုးမှုမှ ရှောင်သင့်၏။


:)
ရှင်အာစာရ

No comments:

Post a Comment