Friday, December 30, 2011

ရင်းရဲသူရာ

လွန်ခဲ့တဲ့ နှစ်ဆယ့်တစ်ရာစု စောစောပိုင်း တုန်းကပေါ့။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ဒီပဲယင်းမြို့နယ်မှာ ရင်းရဲဆိုတဲ့ ကျေးရွာကြီးတစ်ရွာ ရှိခဲ့ပါသတဲ့။ အဲဒီ ကျေးရွာကြီးရဲ့ အလယ်မှာ မန်ကျည်းပင်ကြီးတစ်ပင် ရှိပါသတဲ့။ အဲဒီ မန်းကျည်းပင်ကြီးကို ရွာလယ်ခုံမန်းကျည်းပင်လို့ ခေါ်ကြပါသတဲ့။ အဲဒီ မန်းကျည်းပင်ကြီးရဲ့ အောက်မှာ မျက်လှည့်ပွဲ၊ ကြက်ပွဲ စတဲ့ ပွဲလမ်းသဘင်တွေ ကျင်းပလေ့ ရှိသပါတဲ့။

နှစ်ဟောင်းတစ်ခုရဲ့ နောက်ဆုံးနေ့ တစ်နေ့မှာ ကျေးရွာဥက္ကဋ္ဌကြီး ဦးရွှေမန်း အကြံဆန်းတစ်ခု ရလိုက်ပါသတဲ့။ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ ရွာလယ်က မန်းကျည်းပင်ကြီးရဲ့ အောက်မှာ သူရာသောက်ပွဲ ကျင်းပဖို့ စိတ်ကူးရတာပါတဲ့။ ဥက္ကဋ္ဌကြီးရဲ့ အကြံကို ရွာသူရွာသား အားလုံးက သဘောတူ လက်ခံကြပါသတဲ့။ ထူးထူးခြားခြား ပြုလုပ်မယ့် ပျော်ပွဲရွှင်ပွဲမို့ အသောက်အစား ကင်းသူတွေကပါ သဘောတူကြပါသတဲ့။

အားလုံး သဘောတူကြပြီဆိုတော့ ရွာထဲမှာ ရှိရှိသမျှ စဥ့်အိုးကြီးတွေကို မန်ကျည်းပင်ကြီးအောက်မှာ သူရာရည်ထည့်ဖို့အတွက် စုချထားလိုက်ကြပါသတဲ့။ အဲဒီ စဥ့်အိုကြီးတွေထဲမှာ အိမ်တိုင်းအိမ်တိုင်း သူရာရည် တစ်အိုးစီ ထည့်ဝင်ကြဖို့ သဘောတူကြပါသတဲ့။ သူရာသောက်ပွဲကို ညဆယ့်နှစ်နာရီ တိတိမှာ စတင်ဖို့ သဘောတူကြပြီး သူရာရည်တွေကို မနက်လင်းကတည်းက စတင်လက်ခံကြပါသတဲ့။ ရွာသူရွာသားတွေဟာ သူရာရည် စုဆောင်းနေတုန်းမှာကိုပဲ ပျော်ရွှင်တက်ကြွနေကြပါသတဲ့။

အကြံထူးပြီး ဥာဏ်မြူးတဲ့ ရွာသားတစ်ယောက်က သူတစ်ယောက်တည်း လုပ်လိုက်ရုံနဲ့ မသိသာပါဘူးလို့ အောက်မေ့ပြီး တာဝန်ကို ခိုကပ်လိုက်ပါသတဲ့။ သူရာရည် မထည့်ဘဲ ဟန်ပြအနေနဲ့ ရေတစ်အိုး ထည့်လိုက်ပါသတဲ့။

သတ်မှတ်ချိန်ရောက်လို့ သောက်တတ်သူတွေ သောက်ကြမယ် ပျော်ကြမယ်လုပ်တော့ စဥ့်အိုးကြီးတွေထဲမှာ သူရာရည်ရယ်လို့ တစ်စက်မှ မပါဘဲ ရေတွေချည်းပဲ ဖြစ်နေတာကို တွေ့လိုက်ကြရပါသတဲ့။ ဘယ်သူမှ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့တဲ့ ဧရာမ ပြဿနာကြီးပေါ့။

ပြဿနာကြီးပေမယ့်၊ လူတွေလည်း အကြံထူး ဥာဏ်မြူးကြပေမယ့် ရင်းရဲ ကျေးရွာသူ ကျေးရွာသားတွေခမျာ ပြဿနာကြီးရဲ့ ရင်းမြစ်ကို ခုချိန်ထိ မဖော်ထုတ်နိုင်ကြသေးပါဘူးတဲ့။


(နှစ်သစ်မှာ ရေလိုက်ငါးလိုက် ပျော်ရွှင်နိုင်ကြပါစေ။)

:)
ရှင်အာစာရ
-----

Comment:
ရွာဦးကျောင်းဆရာတော်ကြီးရဲ့ အိုင်ပက်ထဲက တွေ့ရတဲ့ မှတ်တမ်းတစ်ခု။

No comments:

Post a Comment