ပေါလောဆိုရင်တော့ မြန်မာလို အဓိပ္ပာယ်ရှင်းပါတယ်။ ခုဟာက လောပေါဆိုတော့ တရုတ်နာမည်လား မသိပါဘူး။ ဟုတ်ပါတယ်။ သူက ပြည်ကြီးဖွား တရုတ်အစစ်ကြီးပါ။ နည်းနည်း သွပ်ချောင်ချောင် ပေါတောတောလို့ အများက ပြောကြပါတယ်။ သူနဲ့ ပတ်သက်တဲ့ မှတ်သားစရာ တစ်ခုကို ဆရာတော်ကြီးတစ်ပါး (ဦးကုဏ္ဍလ၊ အသောကာရာမကျောင်းတိုက်၊ မစိုးရိမ်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်) အမိန့်ရှိလို့ သိရတာပါ။
အဲဒီတုန်းက မြန်မာနိုင်ငံမှာ အသံမစဲ မဟာပဋ္ဌာန်းပွဲတွေ တော်တော်လေး ခေတ်စားခဲ့ပါတယ်။ နေ့ညဆက်တိုက် ရက်ရှည်ရွတ်ကြတာပါ။ ခုနစ်ရက်ထိ ရွတ်တာ တွေ့ဖူးပါတယ်။ ဒီထက်ကြာအောင် ရွတ်ကြတာလည်း ရှိတယ်လို့ ကြားဖူးပါတယ်။ ပဋ္ဌာန်းပွဲ တစ်ခု ဖွင့်တဲ့ပွဲမှာ ဆရာတော်ကြီးက အဖွင့်သြ၀ါဒ မိန့်ကြားပါတယ်။
“ပဋ္ဌာန်းပွဲတွေ နေရာတကာမှာ လုပ်နေကြတာဆိုတော့ ပဋ္ဌာန်းအကြောင်း ပြောကြဟောကြတာတွေ တော်တော်များများ သိပြီးသား ဖြစ်နေကြပါပြီ။ တပည့်တော်ကို အဖွင့်သြ၀ါဒပေးပါ ဆိုလို့သာ ပြောရမှာ အထူးအထွေ မပြောတတ်ပါဘူး။ ဘာပြောရမလဲ စဉ်းစားရင်းနဲ့ တရုတ်ကြီး လောပေါအကြောင်း သတိရမိတယ်။
ရေဦးက တရုတ်ကြီး လောပေါ။ သူက ခပ်ပေါပေါ။ ရူးတာတော့ မဟုတ်ပါဘူး။ လောပေါကြီးက ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာ မိတ်ဆွေတွေနဲ့ ဆက်ဆံနေတာဆိုတော့ ပဋ္ဌာန်းအကျိုး ခံစားလိုက်ရတယ်။
ဘာသာရေး လိုက်စားတဲ့ သူ့ မိတ်ဆွေတွေက ပဋ္ဌာန်းရွတ်ရင် ကုသိုလ်ရတယ်၊ စီးပွားတက်တယ်၊ ဘေးကင်းတယ် ဆိုတော့ လောပေါကြီး ပဋ္ဌာန်းရွတ်ဖို့ စိတ်ဝင်စားလာတယ်။ ဒါနဲ့ သူ့ကို ပဋ္ဌာန်းသင်ပေးဖို့ ပြောတယ်။ မိတ်ဆွေတွေကလည်း သင်ပေးပါတယ်။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘုရားဝေး တရားဝေး တရုတ်ကြီးက ပဋ္ဌာန်းရွတ်ချင်တာဆိုတော့ ပိုပြီးတော့ သင်ပေးချင်ကြတာပေါ့။ ပေါသွပ်သွပ် ဖြစ်နေတဲ့လူကို ကုသိုလ်ရစေချင်တဲ့ စေနတာလည်း ပါမှာပေါ့လေ။ ပဋ္ဌာန်းသင်ပေးကြတယ်။ တရုတ်လည်း တရုတ်၊ ဗုဒ္ဓဘာသာလည်း မဟုတ်၊ ဓာတ်ခံကလည်း ပေါတောတောဆိုတော့ သင်ပေးရတာ ခက်တာပေါ့။ ပစ္စယုဒ္ဒေသ ပစ္စည်းအကျဉ်းကို သုံးလေးလ နှုတ်တိုက် သင်ပေးတာတောင် မရနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ နေတော့ဆိုပြီး ရသလောက်နဲ့ပဲ ရပ်လိုက်ကြရတယ်။ အစ သုံးပစ္စည်းနဲ့ပဲ ပဋ္ဌာန်းစာမေးပွဲ အအောင်ပေးလိုက်ကြရတယ်။ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော။ ဒါပဲ။
လောပေါကြီး အဲဒီသုံးပစ္စည်းပဲ ရွတ်တယ်။ နေ့လည်းရွတ်၊ ညလည်းရွတ်၊ စိတ်ကူးပေါက်တိုင်းရွတ်။ စိတ်ရူးပေါက်ရင်လည်း ရွတ်တာပဲ။ တစ်ညတော့ အိပ်ယာထဲ ပဋ္ဌာန်းရွတ်နေတယ်။ သုံးပစ္စည်းထဲပဲ အပြန်ပြန် အလှန်လှန် ရွတ်နေတာ။ အဲဒီအချိန်မှာ သူ့အိမ်ထဲ သူခိုး ၀င်လာတယ်။ လောပေါကြီးလည်း သူ့ဈာန်နဲ့သူ ရွတ်နေတယ်။ တရုတ်မို့ စကားမပီရတဲ့ကြားထဲ လူက တော်တော်ဆိုတော့ ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်တယ်။
ဟေ့လူ ပစ်မယ်နော၊ အားရပါးရ ပစ်မယ်နော၊ မထိတထိ ပစ်မယ်နော။
လောပေါကြီး ပဋ္ဌာန်းရွတ်နေတာ သူခိုးက သူကို ပစ်မယ်ပြောတယ်ထင်လို့ ကြောက်ပြီး ထွက်ပြေးသွားတယ်။
ပဋ္ဌာန်းက တကယ်စွမ်းပါတယ်။ ပေါတောတော တရုတ်ကြီး ဟုတ်တိပတ်တိ ရွတ်တာ မဟုတ်ဘဲနဲ့တောင် သူခိုးဘေးက လွတ်ခဲ့ပါသေးတယ်။ အရှင်ဘုရားတို့ စေတနာထားပြီး ယုံကြည်ကြည်နဲ့ ရွတ်ကြပါ။ ပါးစပ် ဆီစိုရုံ လုပ်တာမျိုး မဖြစ်ကြပါစေနဲ့။”
ဆရာတော်ကြီး အမိန့်ရှိတဲ့ ပါးစပ်ဆီစိုဆိုတာ စားပေါက်ထွင်တာကို ပြောတာပါ။ ပဋ္ဌာန်းပွဲတွေထဲက ထွက်လာတဲ့ စားပေါက်တွေထဲမှာ ကောင်းတဲ့ဘက်ကကြည့်ရင် ကောင်းတာတွေလည်း ပါပါတယ်။ ပဋ္ဌာန်းအကျိုး၊ သာသနာပြုဆိုတာတွေ ထားပါဦး။ မြင်သာတာကိုပဲ ကြည့်ရအောင်ပါ။ ပဋ္ဌာန်းပွဲတွေမှာ ပဋ္ဌာန်းရွတ်ကြတာက မြို့စာသင်တိုက်တွေမှာ စာသင်နေကြတဲ့ စာသင်သား ကိုရင်တွေ ဦးဇင်းတွေပဲ များပါတယ်။ ဒီတော့ အများအားဖြင့် သူတို့ ကျောင်းပိတ်ချိန် နွေရာသီမှာ ပဋ္ဌာန်းပွဲတွေ လုပ်ကြပါတယ်။ ပဋ္ဌာန်းသိမ်းပွဲတွေမှာ ငွေးကြေး န၀ကမ္မလှူကြတော့ စာသင်သားတွေ စရိတ်ရတာပေါ့။ စာသင်သားတွေမှာ စရိတ်ရဖို့ လွယ်တာမှတ်လို့။ ဒါက ကောင်းကျိုး။ မသင့်တော်တာတွေလည်း ပါတာပေါ့။
နောက်တစ်ခုက ဆရာတော်ကြီးက စားခန်းသောက်ခန်း၊ ဆွမ်းကွမ်းကိစ္စကို တိုက်ရိုက်ရည်ရွယ်တာပါ။ ပဋ္ဌာန်းပွဲအတွင်း ပဋ္ဌာန်းရွတ် သံဃာတွေ ဆွမ်းဟင်းကောင်းကောင်း ဘုဉ်းပေးကြရတာကို ပြောတာပါ။ ဆွမ်းဟင်းတွေ ကောင်းလွန်းလို့ တစ်ချို့ရွာသားတွေကတောင် အပြောင်အပျက် သဘောနဲ့ သရော်ကြပါသေးတယ်။ “တပည့်တော်တို့ ရွာမှာ ပဋ္ဌာန်းပွဲတွေ ကျင်းပလာတာ နှစ်တွေလည်း မနည်းတော့ဘူး ဘုရား။ တပည့်တော် သတိထားမိတယ် . . .။ အသံမစဲ ပဋ္ဌာန်းပွဲတွေပြီးရင် ကြက်တွန်သံ တိတ်တိတ်သွားတယ်”တဲ့။ ဆင်ခြင်စရာပါ။
ဦးလောပေါနဲ့ စပ်မိလို့ ပြောစရာ ဒါပါပဲ။
ဒါပေမယ့် မိပုဆိုတဲ့ တရုတ်မလေး တစ်ယောက်က ပဋ္ဌာန်းမြန်မာပြန် ဖတ်ချင်တယ်ဆိုလို့ ဆက်လိုက်ပါအုံးမယ်။
၁။ ဟေတုပစ္စယော
ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၂။ အာရမ္မဏပစ္စယော
အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၃။ အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၎။ အနန္တရပစ္စယော
အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၅။ သမနန္တရပစ္စယော
ကောင်းစွာ အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၆။ သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၇။ အညမညပစ္စယော
အချင်းချင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၈။ နိဿယပစ္စယော
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၉။ ဥပနိဿယပစ္စယော
အားကြီးသောမှီရာ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၀။ ပုရေဇာတပစ္စယော
ရှေးဦးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၁။ ပစ္ဆာဇာတပစ္စယော
နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၂။ အာသေ၀နပစ္စယော
အဖန်ဖန် ထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၃။ ကမ္မပစ္စယော
ကံဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၄။ ၀ိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၅။ အာဟာရပစ္စယော
ထောက်ပံ့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၆။ ဣန္ဒြိယပစ္စယော
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၇။ ဈာနပစ္စယော
စူးစူးစိုက်စိုက် ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၈။ မဂ္ဂပစ္စယော
အကျင့်နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၁၉။ သမ္ပယုတ္တပစ္စယော
ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၂၀။ ၀ိပ္ပယုတ္တပစ္စယော
မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၂၁။ အတ္ထိပစ္စယော
ရှိသေးသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၂၂။ နတ္ထိပစ္စယော
မရှိတော့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၂၃။ ၀ိဂတပစ္စယော
ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
၂၄။ အ၀ိဂတပစ္စယော
မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား၊
ဒါကတော့ ပစ္စယုဒ္ဒေသဆိုတဲ့ ပစ္စည်းအကျဉ်းပါ။ နည်းနည်းပိုကျယ်တဲ့ ပစ္စယနိဒ္ဒေသတော့ နောက်မှ . . . . .။
:)
ရှင်အာစာရ
No comments:
Post a Comment