Tuesday, November 8, 2011

တရားမင်းသခင် - ၃၅။ ညဆိုးများ

(. . . . . မှ အဆက်)

သုဒ္ဓေါဒနမင်းကြီး နတ်ရွာစံသောအခါ နန်းတော်၏ အခြေအနေမှာ ဆိုးဆိုးဝါးဝါး ဖြစ်လာ၏။ ယောက်ျားမိန်းမ ငယ်ရွယ်သူ အစေအပါး အားလုံးတို့သည် မဟာနာမ်မင်းကြီး၏ နန်းတော်သို့ ပြောင်းရွှေ့၍ တာဝန်ထမ်းဆောင်ကြလေ၏။ သုဒ္ဓေါဒနမင်းကြီး စိုးစံတော်မူခဲ့သည့် နန်းတော်ဟောင်း၌ကား တံခါးစောင့် တစ်ယောက်တစ်လေမျှပင် မကျန်ရစ်ခဲ့တော့ပေ။ နန်းတော်ဟောင်း အတွင်း၌ အမိန့်မနာခံမှုတို့သာ များပြာလာလေ၏။ နန်းတော်ဟောင်း ၀င်းကြီးသည် ညအခါ ကျက်စားသည့် ကျွဲနွားများ၏ ဇိမ်ကျကျ မှေးစက်ရာ ဖြစ်နေတော့သည်။ မြင်းဇောင်းများ နွားခြံများ၌လည်း မြင်းတစ်ကောင် နွားတစ်ကောင်မျှပင် မရှိတော့ပေ။ နန်းတော်မုခ်ဦး၌လည်းကောင်း၊ နန်းတော်ဝင်း အတွင်း၌လည်းကောင်း ဆီမီးတိုင်များ ထွန်းညှိထားခြင်း မရှိတော့ပေ။ စိုစိုပြေပြေ စည်စည်ဝေေ၀ မရှိတော့ဘဲ အသရေ ယုတ်လျော့နေတော့၏။

မိဖုရားဟောင်းကြီး ပဇာပတိသည် သမီးတော် ရူပနန္ဒာ၊ သုဘာ၊ လက်စွဲတော် ကျွန်မကြီးတို့နှင့်အတူ စိုးတထိတ်ထိတ်နှင့် တစ်နေကုန် အိမ်တွင်းပုန်းလုပ်နေရ၏။ သူနှင့် သူ့သမီးတော်တို့အတွက် အကာအကွယ် အစောင့်အရှောက် ပေးနိုင်မည့် ယောက်ျားသား တစ်ယောက်မျှ မရှိပေ။ သကျ-ကောလိယ ငြိမ်းချမ်းရေး သဘောတူညီချက် ရခဲ့သည့်ည၌ ငြိမ်းချမ်းရေး မလိုလားသူတို့က ပဇာပတိတို့ နေထိုင်ရာ နန်းတော်ဟောင်းပေါ်သို့ ခဲမိုးရွာချကြလေ၏။ ယသောဓရာနှင့် ရာဟုလာတို့ နေထိုင်ရာ အဆောင်ပေါ်မှာလည်း အလားတူပင် ခဲမိုးရွာလေသည်။

ထိုနှစ်ဆောင်၌ နေထိုင်ကြသော အမျိုးသမီးတို့ ညည၌ နှစ်ခြိုက်ခြိုက် မအိပ်ကြရပေ။ အနံ့ဆိုးဆိုး လင်းနို့တို့သည် မှောင်ရိပ်လွှမ်းရာ နေရာတို့မှာသာမက အိပ်ခန်းများထဲထိပင် ၀င်ရောက်ကျက်စားလျက် ရှိနေကြ၏။ နန်းတော်ဟောင်း ၀င်းထဲရှိ ပူဇော်ပသရာ သစ်ပင်ကြီးတို့၌ အိပ်တန်းဝင်သည့် ဇီးကွက်ငှက်များ အော်မြည်နေကြသည်။ တစ်ချက်တစ်ချက်၌ အဆောင်များပေါ်သို့ ကျောက်ခဲများ ကျလာတတ်၏။ စေ့စေ့ပိတ်ထားသည့် ပြတင်းများ တံခါးများပေါ်သို့ ပစ်ပေါက်ကြခြင်း ဖြစ်သည်။ ငှက်အော်သံ၊ ခဲကျသံများ တိတ်ဆိတ်နေချိန်၌ အဆောင်တွင်းမှ ခြေသံများ ထွက်ပေါ်လာတတ်သည်။

ထိတ်စရာ ညလယ်၌ ယသောဓရာ လန့်နိုး၍ ထထိုင်လိုက်တိုင်း ရာဟုလာလည်း နိုးထတတ်မြဲဖြစ်၏။ ရာဟုလာသည် သူ့ခမည်းတော်၏ အမွေဖြစ်သည့် လက်စွဲတော် သံလျက်ကို ခေါင်းအုံးအောက်၌ ထား၍ အိပ်၏။ ယသောဓရာ လန့်နိုးတိုင်း ရာဟုလာက သန်လျက်ကို ထုတ်ယူဆွဲကိုင်၍ အားပေးတတ်သည်။

“မေမေ . . . အိပ်ပါ။ မေမေ့ကို သား ကာကွယ်မယ်။ တစ်ယောက်ယောက် အထဲထိ ၀င်လာလို့ကတော့ သား ခုတ်ဖြတ်လိုက်မှာပေါ့။”

“သားရယ် . . .။ သား အိပ်ပါ . . .။ မေမေ စောင့်နေမယ် . . .။”

“မရဘူး မေမေ။ မေမေ အိပ်ပါ။ ဘာမှ မကြောက်နဲ့။”

ယသောဓရာ၏ အိပ်ယာဘေး ကြမ်းပြင်ပေါ်၌ ကျွန်မ ခုဇ္ဇုတ္တရာ အိပ်မောကျနေ၏။ အခန်းတွင်းသို့ လင်းနို့တစ်ကောင် ၀င်ရောက်လာသည်။ လင်းနို့သည် အတန်ကြာအောင်ပင် ဆူညံစွာ ဟိုဟိုသည်သည် တိုးတိုက်ပျံသန်းနေပြီး တစ်ခန်းလုံး နေရာအနှံ့ အနံ့ဆိုးချန်ခဲ့ကာ ပြန်ထွက်သွား၏။ နှင်းမှုန်နှင်းဖတ်တို့သည် အကွဲအပျက် အအက်အပေါက်တို့မှ တစ်ဆင့် အဆောင်တွင်းသို့ ၀င်လာနေကြ၏။ အိပ်ယာပေါ်၌ ထိုင်နေရင်း ဖခင်၏အမွေ သန်လျက်ကို စွဲကိုင်ထားသူ ရာဟုလာသည် ခေါင်းတညိတ်ညိတ် ရှိနေ၏။ ယသောဓရာသည် ရာဟုလာ၏ လက်မှ သန်လျက်ကို အသာအယာ ယူလိုက်ပြီး ရာဟုလာ၏ ဦးခေါင်းကို ခေါင်းအုံးပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲချပေးလိုက်၏။ ယသောဓရာသည် သားငယ်၏ ဦးခေါင်းကို ညင်ညင်သာသာ ပုပ်ပေးနေ၏။ ယသောဓရာ၏ မျက်လုံးတို့၌ မျက်ရည်များ အလိုလို ပြည့်လျှမ်းလာသည်။ ယသောဓရာသည် ပခုံးပေါ်သို့ စီးကျသည့် မျက်ရည်များကို သုပ်လိုက်ပြီးနောက် အနှောင်အတွယ် ကင်းမဲ့သည့် ဘုရားရှင်၏ မျက်နှာတော်ကို ကြိုးစား၍ အာရုံပြုနေ၏။ ထိုစဉ် အိပ်ပျော်နေသူ ရာဟုလာသည် ယသောဓရာကို ပွေ့ဖက်လာ၏။ ယသောဓရာသည် သားငယ်၏ ဦးခေါင်းကို တယုတယ ပုပ်ပေးနေပြန်သည်။ ယသောဓရာ မျက်လုံးများကို အတင်းမှိတ်၍ အိပ်ပျော်ရန် ကြိုးစားနေစဉ် ရာဟုလာသည် ယောင်ရမ်း၍ ရယ်လေ၏။ ထို့ပြင် ထထိုင်၍ လက်ခုပ်တီးလေသည်။

“အို . . . သား . . .။ သား . . . ဘာဖြစ်တာလဲ . . .။ သား . . . အိပ်မက် မက်တာလား . . .။”

“မေမေ . . . အိပ်မက်ထဲမှာ သား ဖေဖေ့ကို တွေ့တယ်။ ဖေဖေ သားဆီကို လာတာ . . .။ ဖေဖေက သားကို လက်နှစ်ဘက်နဲ့ ပွေ့ယူပြီး ကြမ်းပြင်ပေါ် ချတယ်။ သားက ဖေဖေ့နောက် လိုက်ရင်း ပျော်လွန်းလို့ လက်ခုပ်တွေ တီးတယ် . . .။”

“အို . . . သားရယ် . . .”ဟုဆိုရင်း ယသောဓရာ မျက်ရည်မဆည်နိုင်တော့ပေ။ သားငယ်ကို ရင်ခွင်၌ သိမ်းကြုံးပွေ့ဖက်ထားရင်း မျက်ရည်ဖြိုင်ဖြိုင်ကျအောင် ငိုလေ၏။

“သား . . . မင့်ဖေဖေ ဗုဒ္ဓရှင်တော်ကလွဲလို့ . . . မေမေတို့မှာ အားကိုးစရာ မရှိတော့ဘူး . . .။ ဒီလို အထီးကျန်မွဲ ဆင်းရဲခြင်းတွေ . . . နိဂုံးချုပ်သင့်ပါပြီ သားရယ် . . .။ သားရယ် မေမေရယ် နှစ်ယောက်ထဲတင် . . . ဘယ်ကမလဲ . . .။ မင့်ဘွားဘွားကြီးနဲ့ မင့်ဒေါ်ဒေါ်တို့လည်း . . . ခိုကိုးရာမဲ့ ဖြစ်နေကြတာပဲ . . .။ သား . . . ဗုဒ္ဓရှင်တော်နဲ့တူတဲ့ ကိုးကွယ်အားထားရာ . . . မရှိဘူး။ သား အိပ်ကွယ် . . .။ သား ဖေဖေ့အကြောင်း . . . စဉ်းစားရင်းနဲ့ အိပ်တော့ . . .။ ဒါဆိုရင် သား အိပ်မက်ကောင်းတွေ . . . မက်လိမ့်မယ်။ အိပ်ကွယ် . . .။ သား . . . အိပ်တော့ . . .။”

“မေမေ . . . ဖေဖေ ဘုန်းဘုရားက ဘာဖြစ်လို့ သားတို့နဲ့ အတူလာပြီး မနေတာလဲ . . .။”

“သား . . . ရသေ့ရဟန်းတွေက ဂဟပတိအိမ်မှာ မနေကြဘူး . . . ကွယ့်။”

“မေမေ . . . ဂဟပတိအိမ်ဆိုတာ ဘာလဲ။”

“မေမေတို့အိမ်ဟာ ဂဟပတိအိမ်ပေါ့ သားရယ် . . .။ ဂဟပတိအိမ်ဆိုတာ မီးလောင်နေတဲ့အိမ်လို့ . . . ရသေ့ရဟန်းတွေက ပြောကြတယ် . . .။”

“မေမေ . . . သားတို့အိမ်ကို မီးလောင်နေတာလား . . .။”

“ဟုတ်တယ် သား . . .။ ဒီမီးကြောင့်ပဲ မေမေတို့ အိမ်ပေါ်မှာ . . . ကျောက်ခဲတွေ ကျကျလာတာပေါ့။ ဒါကြောင့် မေမေတို့ . . . လန့်လန့်နိုးကြရတာလေ။ တစ်ခြား ဆင်းရဲဒုက္ခတွေလည်း . . . ခံစားကြရတာပေါ့ကွယ် . . .။”

ရာဟုလာသည် မိခင်ကို ဘာမှ ဆက်မမေးတော့ပေ။ အချိန်အတော်ကြာအောင်ပင် ရာဟုလာ စဉ်းစားနေ၏။ ထို့နောက် ခေါင်းတညိတ်ညိတ် လုပ်နေလေသည်။

ယသော်ဓရာသည် သားငယ်၏ ဦးခေါင်းကို ခေါင်းအုံးပေါ် ဆွဲချပေးလိုက်ပြီးနောက် သားငယ်ကို ခြေဆုံးခေါင်းဆုံး စောင်လုံအောင် ခြုံပေး၏။ နောက်ဆုံး၌ အပြစ်ကင်းသည့် သားငယ်၏ ချစ်စဖွယ် မျက်နှာလေးကို နမ်းရှိုက်ရင်း . . .

“သား . . . ဗုဒ္ဓရှင်တော်ရဲ့ ဘုန်းတန်ခိုးကြောင့် မေမေ့သားလေး ကောင်းချီးမင်္ဂလာတွေနဲ့ . . . ပြည့်စုံပါစေကွယ် . . .”ဟု ဆုချွေနေလေ၏။



:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment