Wednesday, November 9, 2011

Retreat - နားနေချိန်

ထိုင်းနိုင်ငံရဲ့ မုတ်သုန်ရာသီဟာ ဇူလိုင်လကနေ အောက်တိုဘာလအထိ ဖြစ်ပါတယ်။ အဲဒီ မိုးတွင်းကာလမှာ ရဟန်းတော်တွေဟာ ခရီးမသွားကြတော့ပါဘူး။ လုပ်ငန်းဆောင်တာတွေကိုလည်း ရပ်နားလိုက်ကြပါတယ်။ စာပေကျန်းဂန် လေ့လာဆည်းပူးခြင်းနဲ့ တရားဓမ္မအားထုတ်ခြင်းတို့မှာပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလိုက်ကြပါတော့တယ်။ အဲဒီကာလကို “၀ါတွင်း” ဒါမှမဟုတ် “မိုးတွင်း”လို့ ခေါ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ထိုင်းနိုင်ငံ တောင်ပိုင်းက နာမည်ကြီးတဲ့ တောရကျောင်းတိုက်ကြီး တစ်ခုမှာ ကျောင်းထိုင်ဆရာတော်ကြီးဟာ ကျောင်းဆောင်သစ်တစ်ခု ကြီးကြပ်ဆောက်လုပ်နေပါတယ်။ ဆောက်လုပ်ရေး မပြီးခင် ၀ါတွင်းကာလ ရောက်လာတော့ ဆရာတော်ကြီးက ဆောက်လုပ်ရေး စီမံကိန်းကို ရပ်နားလိုက်ပါတယ်။ ဆောက်လုပ်ရေးသမားတွေ အားလုံးကို ကျောင်းတိုက်ကနေ ပြန်လွှတ်လိုက်ပါတယ်။ ကျောင်းတိုက်တွင်းမှာ အေးချမ်းတိတ်ဆိတ်ရမယ့် အချိန် ရောက်လာပြီကိုး။

လေးငါးရက်လောက်နေတော့ အဲဒီ ကျောင်းတိုက်ထဲ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ ဧည့်သည်က ဆောက်လက်စ ကျောင်းဆောင်သစ်ကို မြင်တော့ ကျောင်းထိုင်ဆရာတော်ကို ကျောင်းဆောင်သစ် ဘယ်တော့ပြီမှာလဲလို့ မေးလျှောက်ပါတယ်။ “ကျောင်းက ပြီးနေပြီပဲ”လို့ ဆရာတော်က ချက်ချင်း ပြန်ဖြေတော်မူပါတယ်။

ဧည့်သည် နားမလည်နိုင်ဘူးပေါ့။ ဒီတော့ မေးလျှောက်ပြန်တယ်။
“အရှင်ဘုရား . . . ကျောင်း ပြီးနေပြီဆိုတာ ဘာကို ဆိုလိုတာလဲ။ အမိုးတောင် မမိုးရသေးဘူး။ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေလည်း မတပ်ရသေးဘူး။ သစ်သားတွေ၊ ဘိလပ်မြေအိပ်တွေလည်း နေရာအနှံ့ ရှိနေသေးတာပဲ။ ဒါတွေကို ဒီတိုင်းပဲ ထားလိုက်တော့မှာလား။ မရိုသေစကား လျှောက်ရအုံးမယ်။ အရှင်ဘုရား ပုံမှန်မှ ဟုတ်သေးရဲ့လားလို့ စိတ်ပူမိသေးတယ် ဘုရား။ ကျောင်း ပြီးနေပြီဆိုတာ ဘာကိုဆိုလိုတာလဲ ဘုရား . . .”တဲ့။

ဆရာတော်ကြီးကတော့ ခပ်ပြုံးပြုံးပါပဲ။ သိမ်သိမ်မွေ့မွေ့ မိန့်ကြားတော်မူလိုက်တယ်။
“အခု ပြီးခဲ့သလောက် ပြီးပြီပေါ့”တဲ့။
ပြောပြောဆိုဆိုပဲ ဆရာတော်ကြီး ထွက်သွားတယ်။ ကျောင်းထဲဝင်ပြီး တရားထိုင်တော်မူတယ်။

ဟုတ်ပါတယ်။ ဒီနည်းနဲ့ပဲ နားနားနေနေ နေနိုင်မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ အလုပ်ကနေ နားရတော့မှာ မဟုတ်ပါဘူး။ အလုပ်တွေ ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး။ “လုပ်ခဲ့သလောက် ပြီးပြီ”လို့ သဘောထားနိုင်မှပဲ အလုပ်ကိုစွန့်ပြီး နားနေချိန် ရပါလိမ့်မယ်။

:)
ရှင်အာစာရ

------------
Ref: pp 12-13, What’s Done is Finish, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies

No comments:

Post a Comment