Wednesday, October 5, 2011

တရားမင်းသခင် - ၂၉။ ဖခင်တည်းဟူသော ချစ်ခြင်းဖြင့်

(. . . . . မှ အဆက်)

ဘုရားရှင်သည် ယသောဓရာကို နှုတ်ဆက်ပြီးနောက် သာဝကကြီးနှစ်ပါး ခြံရံလျက် ဆွေတော်မျိုးတော်တို့ ဆောက်လုပ်လှူဒါန်းထားသည့် နိဂြောဓာရုံကျောင်းတော်သို့ ပြန်ကြွတော်မူ၏။ ယသောဓရာသည် နန်းဆောင်လေသာပြတင်းပေါက်၌ ရပ်လျက် နန်းတော်မှ ထွက်ခွာတော်မူသည့် ဘုရားရှင်ကို ငေးကြည့်နေ၏။ သူ့၏ အနီး၌ ရှိနေသော ရာဟုလာကိုပင် သတိမထားမိတော့ပေ။ သုဒ္ဓေါဒနမင်းကြီးနှင့် မှူးမတ်တို့ ဘုရားရှင်ကို ဗဟိုနန်းမဆောင်အထိ လိုက်ပို့ကြပြီး ထိုနေရာ၌ နေရစ်ခဲ့ကြသည်ကို ယသောဓရာ မြင်နေရ၏။ အတည်ငြိမ်ဆုံး အအေးချမ်းဆုံး အမူအရာဖြင့် ပြန်ကြွတော် မူနေသည့် ဘုရားရှင်ကိုလည်း မြင်နေရ၏။

လေအေးတစ်ချက် တိုက်ခတ်လိုက်သည်။ နေမင်းသည် အနောက်ကောင်းကင်၌ ကျဝင်လျက် ရှိနေ၏။ ထိုအခိုက်အတန့်အတွင်း လမ်းများပေါ်၌ လူသူကင်းဆိတ်နေ၏။

ထိုစဉ် ဘုရားရှင်၏ လက်တော်ကို ဆွဲကိုင်လျက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါနေသည့် ကလေးတစ်ယောက်ကို ယသောဓရာ ရုတ်တရက် လှမ်းမြင်လိုက်ရ၏။ ချက်ချင်းပင် နောက်ပြန်လှည့်၍ ကြည့်လိုက်သည်။ ရာဟုလာ မရှိတော့ပေ။ ယသောဓရာ တုန်လှုပ်ချောက်ချားသွား၏။ အခြွေအရံ အစေခံများကို ဟစ်အော်မြည်တွန်ရင်း နန်းဆောင်အပေါ်ထပ် တစ်ခုလုံးနှံ့အောင် ရာဟုလာကို လိုက်ရှာ၏။ နန်းဆောင်အပေါ်ထပ်၌လည်းကောင်း အောက်ထပ်၌လည်းကောင်း ရာဟုလာကို မတွေ့ရပေ။ နန်းတော်ဝင်းထဲ၌လည်း ရာဟုလာ မရှိပေ။ ယသောဓရာသည် နန်းဆောင်ပေါ် ပြန်တက်ပြီး ပြတင်းပေါက်မှနေ၍ ကြည့်ပြန်၏။ ဘုရားရှင်၏ လက်တော်ကို ဆွဲကိုင်လျက် ဘုရားရှင်၏ နောက်တော်သို့ လိုက်ပါနေသော ကလေးမှာ ရာဟုလာပင်ဖြစ်ကြောင်း တပ်အပ်သေချာ သိလိုက်သည်။ ချက်ချင်းပင် ကျွန်မခုဇ္ဇုတ္တရာကို ခေါ်၍ သုဒ္ဓေါဒနမင်းကြီးထံသို့ ပြေးလေ၏။

ယသောဓရာသည် မင်းကြီး၏ ရှေ့တော်မှောက်၌ စကားမပြောနိုင်ဘဲ ရှိနေ၏။ ယသောဓရာ ပူရပြန်လေပြီ။

“သမီးတော် . . .။ ဘာဖြစ်တာလဲ”ဟု မင်းကြီးက အလန့်တကြား မေး၏။

“ခမည်းတော် . . . ခမည်းတော် . . . ရာဟုလာ မရှိတော့ဘူး။”

သုဒ္ဓေါဒနမင်းကြီးလည်း ထိတ်လန့်တုန်လှုပ်သွား၏။

“ပြောစမ်းပါ သမီးတော်။ ရာဟုလာ ဘာဖြစ်တာလဲ။ မတော်တဆ တစ်ခုခု ဖြစ်သလား။”

“ခမည်းတော် . . .။ ရာဟုလာက သမီးတော် မသိလိုက်ခင်မှာ ဘုရားရှင်နောက် လိုက်သွားတာ . . .။ ခု သူ့အဖေရဲ့ လက်ကိုဆွဲပြီး နောက်ကလိုက်နေတယ်။ ခမည်းတော် . . . ရာဟုလာကို ပြန်ခေါ်နိုင်တာ ခမည်းတော် တစ်ယောက်ပဲ ရှိပါတယ် ဘုရား . . .။”

ဘုရားရှင်သည် ရာဟုလာကို ကျောင်းတော်သို့ခေါ်သွားပြီး ခေါင်းတုံးတုံး သင်္ကန်းဝတ်စေကာ ရှင်ပြုပေးလိုက်နိုင်သည်ဟု တွေးမိပြီး သုဒ္ဓေါဒနမင်းကြီး ရုတ်ချည်းပင် စိုးရိမ်စိတ် ဖြစ်မိ၏။ ဤသို့ တွေးမိပြီးနောက် အရွယ်ကြီးရင့်ပြီဖြစ်သော မင်းကြီးသည် သောကဖြင့် ရူးသွပ်သည်ဖြစ်၍ သူ၏ ခန္ဓာကိုယ် အခြေအနေကို သတိမမူမိတော့ဘဲ နန်းရှေ့ကွင်းပြင်သို့ ထွက်သွား၏။ ဘယ်သူ့ကိုမှ ဘာမှအမိန့်မပေးဘဲ တောင်ဝှေးထောက်လျက် တစ်ယောက်တည်း ထွက်သွားခြင်းဖြစ်သည်။

မင်းကြီးကို မြင်လိုက်ရသူတို့ အံ့သြတုန်လှုပ်သွားကြ၏။ ဘယ်တုန်းကမှ မင်းကြီးတစ်ပါးတည်း လမ်းပေါ်ထွက်မလျှောက်သည်ကို တိုင်းသူပြည်သားများ သိထားပြီး ဖြစ်ကြ၏။ သောကသည် မင်းကြီးသည် ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘဲ ဒယီးဒယိုင် ပြေးသွားရင်း အမောတကော ဖြစ်နေ၏။ နောက်မှ လိုက်လာသည့် ကာဠုဒါယီ သူ့ကို မမီသေးခင်မှာပင် မင်းကြီး ဆက်၍ မသွားနိုင်တော့ပေ။ ရပ်တန့်၍ အမောဖြေနေရ၏။ ကာဠုဒါယီသည် မင်းကြီး၏ အနီးသို့ ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်ပြီး မင်းကြီးကို တိုးလျှိုးတောင်းပန်၍ မြင်းပေါ်တင်ပေးလိုက်၏။

“အို . . . ကာဠုဒါယီ . . . ကာဠုဒါယီရယ် . . .။ ငါ့လောက် ကံဆိုးတဲ့ အဖေမျိုး ဒီ ကပိလဝတ်မှာ ရှိမယ် မထင်ပါဘူး . . .။ ငါ့စိတ် နာကျင်လှပြီ။ ငါ့စိတ်ဟာ တုတ်နဲ့ထိုးဆွခံရတဲ့ အနာလို၊ ခဲနဲ့ ပစ်ပေါက်ခံရတဲ့ အနာလို ဖြစ်နေပါပြီ။ ကာဠုဒါယီ . . . ငါ့မှာ မျှော်လက်ချက် တစ်ခုပဲ ရှိတာ . . .။ အဲဒီ မျှော်လင့်ချက်သာ ဆုံးသွားရင်တော့ ငါလည်း သွားပါပြီ။”

“အရှင်မင်းကြီး . . . ဘာမှ မဖြစ်ပါဘူး။ ဒီလောက်ထိလည်း စိုးရိမ်ကြောင့်ကြတော် မမူပါနဲ့ ဘုရား။ ရာဟုလာဟာ ကျောင်းတော်မှာ မင်းသားဝတ်လေးနဲ့ ရှိနေမယ် ထင်ပါတယ် ဘုရား။ မင်းသားလေးဟာ သွေးသားဆက်စပ်မှုနဲ့ ချစ်ခင်မြတ်နိုးမှုကြောင့် ဘုရားရှင်နောက် လိုက်သွားတာ ဖြစ်မှာပါ ဘုရား။ သနားကရုဏာပြည့်ဝပြီး အနှောင်အတွယ်ကင်းတဲ့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို ထိပ်တိုက်ရင်ဆိုင် ဖူးတွေ့လိုက်ရသူဟာ ဘုရားရှင်ကို ကျောမခိုင်းနိုင်တော့ပါဘူး ဘုရား”ဟု ကာဠုဒါယီက ဖြေသိမ့် လျှောက်ထား၏။

“ကာဠုဒါယီ . . . ငါ တော်တော်ကြီးကို စိုးရိမ်ကြောက်ရွံ့နေတာ။ ငါ့သားတော်ဘုရား မွေးလာကတည်းက ရခဲ့တဲ့ စိုးရိမ်ကြောက်ရွံ့မှုဟာ ငါ့ကို နှိပ်စက်နေတယ်။ သုံးဆယ့်ခုနစ်နှစ်လုံးလုံး ငါ ဆင်းရဲပင်ပန်းလာခဲ့တာ။ ငါ့သားတော်က သူ့သာသနာအတွက်ပဲ သူ စဉ်းစာတယ်၊ ငါ့နေပြည်တော်အတွက် မစဉ်းစားဘူးလို့ ငါ ယူဆတယ်။”

“အဲဒီလိုလည်း မဟုတ်ပါဘူး . . . အရှင်မင်းကြီး . . .။ မင်းသားလေး သာသနာ့ဘောင် ဝင်ရောက်ဖို့ ဘုရားရှင်က ဖိအားပေးလိမ့်မယ်လို့ ကျွန်တော်မျိုးဖြင့် နည်းနည်းလေးမှ မတွေးမိပါဘုရား။ ဘုရားရှင်ဟာ သားသမီးနဲ့ ဇနီးမယားတွေ စိုးရိမ်ပူဆွေးရအောင် အိမ်ထောင်သည် ယောက်ျားတွေကို ရဟန်းပြုပေးတဲ့သူ မဟုတ်ပါဘုရား။ ဘုရားရှင်ဟာ အားလုံးအပေါ်မှာ တရားမျှတပါတယ် ဘုရား . . .။”

“မဟုတ်ဘူး။ ကာဠုဒါယီ . . . ရာဟုလာက သူ့သားဖြစ်နေတော့ ကလေးကို သူ ရှင်ပြုပေးလိုက်လိမ့်မယ်လို့ ငါ ထင်တယ်။

မြန်မြန်လုပ်ပါ ကာဠုဒါယီ . . .။ မြင်းကို မြန်မြန်မောင်းစမ်းပါ။”ဟု မင်းကြီးက အော်၍ အမိန့်ပေး၏။

၎င်းတို့နှစ်ဦးသား ကျောင်းတော်အနီးသို့ ရောက်ကြလေပြီ။

ရှေးဦးစွာ ကာဠုဒါယီသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး မင်းကြီးကို မြင်းပေါ်မှ ချပေး၏။ ထို့နောက် မင်းကြီးသည် တောင်ဝှေးထောက်လျက် ကျောင်းတော်ဆီသို့ ဒယီးဒယိုင် လျှောက်သွားလေသည်။

ဘုရားရှင်သည် ကျောင်းတော်အတွင်း၌ ရှိနေ၏။ သူ့အတွက် သီးခြား ပြင်ဆင်ထားသည့် ညောင်းစောင်း၌ နေ့သန့်စင်တော်မူူနေ၏။ ရာဟုလာကိုကား မတွေ့ရပေ။ မင်းကြီး ထိတ်လန့်သွား၏။ အလန့်တကြား ဟစ်အော်လိုက်သည်။

“သားတော်ဘုရား။ မြေးတော်လေး ရာဟုလာ ဘယ်မှာလဲ။”

မင်းကြီးသည် ပြောပြောဆိုဆိုနှင့် ကြမ်းပြင်ပေါ် လှဲချလိုက်၏။

“ခမည်းတော် . . .။ ရာဟုလာ ရှိပါတယ်။”ဟု ဘုရားရှင်က ပြန်လည် ဖြေကြားတော်မူ၏။

“အို . . . သားတော်ဘုရား။ ဘာဖြစ်လို့များ ခမည်းတော်ရဲ့ ဒဏ်ရာဟောင်းကို ပိုဆိုးအောင် ဆွရတာလဲ။ အို . . .  နတ်ဒေဝါတို့ . . .။ ဒီအဖိုးကြီးကို နှစ်သိမ့်နိုင်မယ့်အရာ မရှိတော့ဘူးလား။ ခမည်းတော်ဟာ သားတော် ရဟန်းပြုလေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နှစ်ဆယ့်ကိုးနှစ်လုံးလုံး စိတ်ဒဏ်ရာ ရခဲ့တာပါ။ သားတော် ကပိလဝတ် ပြန်မလာမချင်း သောကသည်ကြီး ဖြစ်နေခဲ့တာပါ။ သားတော်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရပြီးတဲ့နောက် စိတ် အနယ်ထိုင်အောင် ကြိုးစားနေရတုန်းပါ။ ခမည်းတော်ရဲ့ ဖခင်မေတ္တာဟာ ခမည်းတော်ရဲ့ အသားစိုင်ထဲ၊ သွေးကြောတွေထဲ၊ အရိုးတွေထဲ၊ ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်ပြန့်နံှ့နေတာပါ။ ခမည်းတော် ဆင်းရဲပင်ပန်းလွန်လှပါတယ် သားတော်ဘုရား . . .။ သားတော်ဘုရား . . . ရာဟုလာကို ပြန်ပေးပါ။ မင်းဆက်မပြတ်အောင် ကာကွယ်ပေးပါ့မယ်လို့ သားတော် ကတိပေးထားတာပဲ။ အောက်ထစ်ဆုံး ဒီ ကတိတော့ တည်ပါဦး။ သားတော်ဘုရား . . . ရာဟုလာဟာ ငယ်ပါသေးတယ်။ ခမည်းတော်ရဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ သူ့ဆီမှာ ရှိတာပါ။ ရာဟုလာကို ပြန်ပေးပါ။ အို . . .  ရာဟုလာကို ပြန်ပေးပါ”ဟု မင်းကြီးက တိုးလျှိုးတောင်းပန်၏။

“ခမည်းတော် . . . သားတော်က ရာဟုလာကို ခေါ်ခဲ့တာ မဟုတ်ပါဘူး။ ရာဟုလာဟာ သူ့အမေတောင် မသိလိုက်ဘဲ ထွက်လာခဲ့ပြီး သားတော်ကို မီအောင်လိုက်လာခဲ့တာပါ။ ခမည်းတော် . . . သားတော်က ခရီးတစ်ခု စထွက်လိုက်ပြီဆိုရင် နောက်ပြန်မလှည့်ပါဘူး။ ဒါကြောင့် ကျောင်းတော်ကို တန်းပြန်လာခဲ့တာပါ။ သားတော်ဟာ ကလေးတွေကို အဓမ္မ သိမ်းပိုက်ပြီး မိဘတွေ ပူပင်ရအောင် လုပ်တဲ့သူ မဟုတ်ပါဘူး။ ရာဟုလာဟာ ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာနဲ့အတူ ရှိနေပါတယ်။ ရာဟုလာကို ဘုရား တရား သံဃာဆိုတဲ့ သရဏဂုံ သုံးပါးပဲ ဆောက်တည်ပေးထားလိုက်ဖို့ ရှင်သာရိပုတ္တရာကို သားတော် ပြောထားပါတယ်။ ခမည်းတော် . . . ရာဟုလာကို ပြန်ခေါ်သွားနိုင်ပါတယ်။ သူအရွယ်ရောက်လို့ သူ့ဆန္ဒအတိုင်း သာသနာ့ဘောင်မှာ ရှင်ရဟန်း ပြုချင်တယ် ဆိုရင်တော့ သားတော်အနေနဲ့ ဒီလိုမျိုး ရပ်တည်နိုင်မှာ မဟုတ်တော့ပါဘူး။ ခမည်းတော် . . . မျက်ရည်တွေ သုတ်လိုက်ပါ။ လုပ်ပါ . . . ခမည်းတော်။ ထလိုက်စမ်းပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

သုဒ္ဓေါဒနမင်းကြီး ပျော်ရွှင်သွား၏။ ဝတ်ရုံစ အစွန်းတစ်ခုဖြင့် မျက်ရည်သုတ်ရင်း မတ်တတ် ရပ်လိုက်သည်။

“အို . . . သားတော်ဘုရား . . .။ ခမည်းတော်ဖြင့် လန့်ဖျပ်သွားတာပဲ . . .။ ခမည်းတော် ကျေနပ်နှစ်သက်အောင် လုပ်ပေးတဲ့အတွက် သားတော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါရစေ သားတော်ဘုရား . . .။ သားတော် . . . ယသောဓရာလည်း သူ့သားအတွက် ငိုနေရှာတာ။ ရာဟုလာကို ခေါ်ပြီး ပြန်ပါတော့မယ်။ ရာဟုလာကို ခေါ်ပေးပါ သားတော် . . .။”

မင်းသားလေး ရာဟုလာသည် ရဟန္တာအရှင်မြတ် ရှင်သာရိပုတ္တရာ၏ သင်္ကန်းစွန်းကို ဆွဲလျက် လိုက်ပါလာ၏။ မင်းကြီးက လက်နှစ်ဘက် ဆန့်တန်း၍ ရာဟုလာကို ကြိုလေရာ ရာဟုလာသည် ရှင်သာရိပုတ္တ၏ သင်္ကန်းစကို လွှတ်ကာ ဘုရားရှင်၏ ညောင်စောင်း နောက်ကွယ်သို့ သွားရောက်၍ ပုန်းလေ၏။

မင်းကြီးမှာ ပြုံးရမလိုလို မဲ့ရမလိုလို ဖြစ်သွားပြီး အကူအညီ တောင်းသည့်အနေဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို ကြည့်လိုက်၏။

ဘုရားရှင်သည် ရာဟုလာကို ခေါ်တော်မူ၏။

“ရာဟုလာ . . . ငါ့ရှေ့ လာခဲ့ပါ။”

ရာဟုလာသည် ဘုရားရှင်၏ ရှေ့တော်မှောက်သို့ ထွက်လာခဲ့ပြီး ငိုနေ၏။

“ရာဟုလာ . . . ကလေးကို ရှာမတွေ့လို့ ကလေးအမေ ငိုနေပြီ။ ကလေး . . . ကလေးအမေဆီ သွားလိုက်ပါဦး။ ဘိုးဘိုးကြီးက ကလေးကို လာခေါ်တာ။ လိုက်သွားလိုက်ပါ။ မျက်ရည်တွေ သုတ်လိုက်ပါဦး။”

“ဘဘ ဘုန်းဘုရား . . .။ ဘုန်းဘုရားရဲ့ အရိပ်က အေးချမ်းပါတယ် ဘုရား။ ဘုန်းဘုရားရဲ့ အရိပ်ကို ခိုနေပြီး ဘုန်းဘုရား ဘယ်သွားသွား ဘုန်းဘုရားရဲ့ လက်ကိုဆွဲပြီး နောက်ကလိုက်နေချင်ပါတယ် ဘုရား။”

“မဟုတ်သေးဘူး ရာဟုလာ။ ကလေးကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ကလေးအမေရဲ့ အရိပ်က ပိုအေးရမှာ . . .။ ကလေးက ငယ်လွန်းသေးတယ်။ ပြုစုစောင့်ရှောက်မှုတွေ လိုအပ်နေသေးတယ်။”

“ဘဘ . . . သားလည်း လူကြီးဖြစ်လာမှာပဲပေါ့။”

“ဟုတ်ပါတယ် ရာဟုလာ။ ကလေးလည်း တစ်နေ့နေ့မှာ လူကြီး ဖြစ်လာမှာပေါ့။”

“ဘဘ ဘုန်းဘုရား . . . ဒါဆိုရင် . . . သား လူကြီးဖြစ်လာတော့ အေးချမ်းတဲ့ ဘုန်းဘုရားရဲ့ အရိပ်ကို လာခိုလို့ ရမလား။”

“ရာဟုလာ . . .။ အဲဒါတော့ ကလေးရဲ့ သဘောပေါ့။”

မင်းသားလေး ရာဟုလာသည် အဘိုးဖြစ်သူ သုဒ္ဓေါဒနမင်းကြီး၏ လက်ကိုဆွဲလျက် လိုက်ပါနေရင်း ဘုရားရှင်ဆီသို့ မကြာခဏ ပြန်လှည့်၍ ကြည့်နေ၏။ ဘယ်ဘက်လက်ဖြင့် မင်းကြီး၏ လက်ကို ဆွဲကိုင်ထားပြီး အဝေးမှာ ကျန်ရစ်ခဲ့သော ဘုရားရှင်ကို ညာဘက်လက်ဖြင့် ဝှေးရမ်းနှုတ်ဆက်လျက် ရှိနေလေ၏။


:)
ရှင်အာစာရ


Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment