“သာရိပုတ္တရာ . . . ဟို ကျောက်ဖျာပေါ်မှာ အတ္တကိလမလ ကျင့်နေကြတဲ့ ဂျိန်းရဟန်း သုံးပါးကို မြင်ရဲ့လား။”
“မှန်ပါ။ တပည့်တော်လည်း မြင်ပါတယ် ဘုရား။”
“သာရိပုတ္တရာ . . . ငါလည်း တစ်ချိန်က ဝေသာလီမှာနေရင်း ဝိမုတ္တိ ရမယ်အထင်နဲ့ အဲဒီလို ခက်ခဲပြင်းထန်တဲ့ အကျင့်တွေ ကျင့်ခဲ့ဖူးတယ်။ ဘာကောင်းကျိုးမှ မရခဲ့ဘူး။ စက္ခုနှစ်ကွင်းသာ အလင်းပျောက်ခဲ့ရတယ်။ ငါ့မျက်နှာနဲ့ ငါ့ခေါင်းမှာလည်း အမွှေးတွေ ကျွတ်ကုန်ပြီး ထိခိုက်နာကျင်ခဲ့ရတယ်။ သဗ္ဗညုတဉာဏ် ရပြီးတဲ့နောက် ရာဇဂြိုဟ်ကို လာတဲ့အထိ ငါ့မျက်စိတွေ ကိုက်ခဲနာကျင်နေတုန်းပဲ။ ငါ ကျန်းမာလာအောင် ဇီဝက ပြုစုပေးခဲ့ရတယ်။ ဆေးကုပေးခဲ့ရတယ်။”
“အရှင်ဘုရား . . . ဂုရုကြီး သဉ္စယဆီမှာ တပည့်တော်တို့ နည်းခံခဲ့တုန်းကလည်း ဒီလိုပါပဲ။ တပည့်တော်နဲ့ ရှင်မောဂ္ဂလာန်တို့လည်း အဲဒါတွေ ကျင့်ခဲ့ရတာပါပဲ ဘုရား။ အဲဒီလို ခက်ခဲပြင်းထန်တဲ့ အကျင့်တွေကို ကျင့်ရတာဟာ အကျိုးမဲ့ပဲ၊ နေ့ခင်းကြောင်တောင်မှာ မျက်စိမှိတ်ရင်း လမ်းလျှောက်နေသလိုပဲလို့ အချိန်တို အတွင်းမှာ တပည့်တော်တို့ နားလည်သဘောပေါက်ခဲ့ပါတယ် ဘုရား”ဟု ရှင်သာရိပုတ္တရာ ရဟန္တာ သူမြတ်က ပြန်လည်လျှောက်ထား၏။
“အရှင်ဘုရား . . . ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေကြတဲ့ ဒီ ဂျိန်းရဟန်းတွေ ဉာဏ်အမြင်မှန် သမ္မာဒိဋ္ဌိနဲ့ နီးစပ်လာနိုင်ကြပါစေဘုရား”ဟု ရှင်မောဂ္ဂလာန် ရဟန္တာသူမြတ်က ဆုဆိုရင်း လျှောက်ထား၏။
ဘုရားရှင်သည် လမ်းမပေါ်မှ ဆင်းတော်မူ၍ ဂျိန်းရဟန်းသုံးပါဆီသို့ ကြွတော်မူပြီး စကားဆိုတော်မူ၏။
“အချင်းတို့ . . . ခြေတောက်တွေဟာ မြေပေါ်မှာ ရပ်ဖို့ပါ။ သဘာဝကျကျ ခြေတောက်နဲ့ ရပ်ကြစမ်းပါ။ ခေါင်းကို မြေမှာစိုက်ပြီး ခြေတောက်တွေကို မိုးပေါ် ထောင်မထားကြစမ်းပါနဲ့။ ငါ သင်တို့နဲ့ စကားပြောချင်ပါတယ်။”
“သင်ဟာ အရာအားလုံးကိုသိတဲ့ သဗ္ဗညုလား”ဟု ဘုရားရှင်နှင့် အနီးဆုံး ဂျိန်းရဟန်းက ပြန်မေး၏။ ဂျိန်းရဟန်းသည် မလှုပ်မရွေ့ပင် ရှိနေ၏။
“အချင်း . . . မြေပြင်ပေါ်မှာ ခေါင်းစိုက်ထောင်နေလို့ အမှန်တရားကို မမြင်နိုင်ပါဘူး။ ခြေတောက်နဲ့ ရပ်လိုက်စမ်းပါ။ မျက်လုံးတွေကို ပွတ်လိုက်စမ်းပါ။”
“ငါတို့ရဲ့ ဂုရုကြီးဟာ သဗ္ဗညုပဲ။ သူဟာ အရာရာကို သိတယ်။ ငါတို့ခြေတောက်တွေ မိုးပေါ်ထောင်နေပေမယ့် ငါ့တို့ရဲ့ ဉာဏ်အမြင်ဟာ ကောင်းတယ်။ မပျက်စီး မထိခိုက်နိုင်ဘူး။ ငါတို့ကို လာ နှောင့်ယှက်ရအောင် သင်က ဘာမို့လဲ။ ငါတို့ဟာ အတိတ်ဘဝတွေက ကျူးလွန်းခဲ့တဲ့ မကောင်းမှုတွေ ကျေပျက်သွားအောင် အတ္တကိလမထ အကျင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ခတ်နေကြတာပဲ။”
“အချင်းတို့ . . . ငါ ကျောက်ဖျားနားမှာ ရှိနေတာပဲ။ သင်တို့နားမှာ ရှိနေတာပဲ။ ငါ ဘယ်သူလဲ ဆိုတာကို သင်တို့ရဲ့ ထိုးထွင်းနိုင်စွမ်းရှိတဲ့ ဉာဏ်အမြင်နဲ့ သိသင့်တာပေါ့။ ခေါင်းစိုက်ထောင်နေရင်း နေကို စူးစူးဝါးဝါး ကြည့်နေပေမယ့် သင်တို့ရဲ့ ဉာဏ်အမြင် မပျက်စီးဘူးဆိုရင် ငါ ဘယ်သူလဲဆိုတာ သိမြင်နိုင်စွမ်း ရှိသင့်တာပေါ့။ ပြောစမ်းပါ ငါ ဘယ်သူလဲ။”
ဦးခေါင်းကို အောက်စိုက်ထားပြီး မျက်လုံးများ ပြောင်းပြန်ဖြစ်နေကြသော ဂျိန်းရဟန်းတို့သည် ဘာကိုမှ မမြင်ကြရပေ။ အမှောင်ထုကိုသာ မြင်ကြရ၏။
“အချင်းတို့ . . . ဘာ မြင်ကြရသလဲ။”
“အမှောင်။ အရပ်ဆယ်မျက်နှာမှာ အမှောင်။”
“သင်တို့ရဲ့ ဉာဏ်အမြင်နဲ့ ကြည့်လိုက်ကြစမ်းပါ။”
“မှောင် နေတုန်းပဲ။”
“စောစောက ငါ ပြောသလို ခြေတောက်နဲ့ ရပ်လိုက်ကြစမ်းပါ။ မျက်လုံးတွေကို ပွတ်လိုက်ကြစမ်းပါ။”
ဂျိန်းရဟန်းတို့သည် လက်များ ဆန့်လိုက်ပြီး ခြေတို့ကို မြေသို့ ပြန်ချလိုက်ကြ၏။ ခြေဖြင့် မတ်မတ်ရပ်ရင်း မျက်လုံးများကို လက်နှင့် ပွတ်လိုက်ကြ၏။ ထိုအခါ ဘုရားရှင်က မေးတော်မူ၏။
“အချင်းတို့ . . . ခု သင်တို့ ငါ့ကို မြင်ကြပြီလား။”
“မြင်ပြီ။ သင့်ကို မြင်ရပြီ။”
“ငါ ဘယ်သူလဲဆိုတာ ပြောနိုင်မလား။”
“သင်ဟာ ရဟန်းတစ်ပါးပဲ။”
“စောစောက ငါ ဘယ်သူလဲဆိုတာ ဘာဖြစ်လို့ မပြောနိုင်တာလဲ။”
“ငါတို့က ခေါင်းတွေကို အောက်စိုက်ထားပြီး ခြေတောက်တွေကို မိုးပေါ်ထောင်ထားကြလို့ပေါ့။”
“အမှန်တရားက သွေဖည်လှည့်ဖျားတတ်သလား။”
“မလှည့်ဖျားတတ်ဘူး။”
“အလှည့်ဖျားခံနေရရင် မလှည့်ဖျားတတ်တဲ့ အမှန်တရားကို ရှာတွေ့နိုင်ကြပါ့မလား။”
ဂျိန်းရဟန်းတို့ နှုတ်ဆိတ်နေကြလေ၏။ ထိုစဉ် ဘုရားရှင်က မေးတော်မူပြန်၏။
“အချင်းတို့ . . . သင်တို့ဆရာ ဘယ်သူလဲ။”
“သဗ္ဗညု နာဋပုတ္တပါ။”
“သူက ဘာတွေ ဟောကြားသွန်သင်ပေးသလဲ။”
“လူသားဟာ အတိတ်ဘဝတွေက ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီဘဝမှာ ဆင်းရဲဒုက္ခ ခံစားရတယ်။ လက်ရှိဘဝမှာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ပြီး အတ္တကိလမထကို ကျင့်သုံးရင် အတိတ်ဘဝတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ကျေပျောက်တယ်။ နောက်ဘဝမှာ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းပြီး နတ်ချမ်းသာကို ခံစားရနိုင်တယ်။ ဒါဟာ ဂုရုကြီးရဲ့ သွန်သင်ချက်ပဲ။ မကောင်းမှုကို ကိုယ်နှုတ်စိတ်နဲ့ မကျူးလွန်ရဘူးလို့လည်း သူက သွန်သင်တယ်။”
“သင်တို့ရဲ့ ဂရုကြီးဟာ ကြီးမြတ်သူပဲ။ ကံတရားနဲ့ ပတ်သက်တဲ့ ဟောကြားချက်ကတော့ ငါ့တရားနဲ့ မတူဘူး။ သောကဒုက္ခ ချုပ်ငြိမ်းကြောင်း အကျင့်လမ်းကလည်း ငါ့ရဲ့ အကျင့်လမ်းနဲ့ မတူဘူး။ နောက်ပြီး . . . အချင်းတို့ . . . အတိတ်ဘ၀ ရှိခဲ့သလား မရှိခဲ့ဘူးလားဆိုတာကို သင်တို့ အတိအကျ ပြောနိုင်သလား။”
“ဒါတော့ ငါတို့ မသိဘူး။”
“ဒါဆို အတိတ်ဘဝက ပြစ်မှု ကျူးလွန်ခဲ့သလား မကျူးလွန်ခဲ့ဘူးလား ဆိုတာကိုရော သင်တို့ သိသလား။”
“ဒါလည်း ငါတို့ မသိဘူး။”
“အချင်းတို့ . . . အတိတ်က ပြစ်မှုတွေအကြောင်း ဘာမှ မသိနိုင်ဘဲနဲ့ အတိတ်က ပြစ်မှုတွေကို ချေဖျက်ဖို့ဆိုပြီး ဒီလို ခက်ခဲပြင်းထန်တဲ့ အကျင့်တွေကို ဘာဖြစ်လို့ ကျင့်နေရတာလဲ။ သင်တို့ လုပ်နေကြပုံကို ကြည့်ပါအုံး။ ငှက်တွေကို ဇောက်ထိုးဆွဲခဲ့တဲ့ ငှက်ခတ်သမားရဲ့ ပြစ်မှုမျိုး အတိတ်ဘဝတုန်းက ကျူးလွန်မိခဲ့လို့ ကံကြွေးဆပ်နေကြတာနဲ့ မတူဘူးလား။”
“သင် ဘယ်သူလဲ။ ရုပ်ဆင်းအင်္ဂါကတော့ ငါတို့ ဂုရုကြီးနဲ့ တူသလိုပဲ။”
“ငါ ဘယ်သူလို့ သင်တို့ ထင်သလဲ။”
“သင်ဟာ ရှင်ကြီးဂေါတမပဲ ဖြစ်ရမယ်။”
ဘုရားရှင်သည် နှုတ်ဆိတ်နေတော်မူ၏။ သို့ဖြစ်၍ ဂျိန်းရဟန်းက ဆိုပြန်၏။
“ရှင်ကြီးဂေါတမ။ ငါတို့ ဂုရုကြီးက သင့်ထက်သာတယ်။ အမျိုးလည်း သင့်ထက် ပိုမြတ်တယ်။ သာယာစရာတွေ ခံစားနေလို့ ချမ်းသာသုခကို မရရှိနိုင်ဘူးလို့ ဂရုကြီးက ပြောတယ်။ နောက်ပြီး . . . ဆင်းဆင်းရဲရဲ ကျင့်နိုင်မှ ချမ်းသာသုခကို ရရှိမယ်တဲ့။”
“အချင်းတို့ . . . သင်တို့ကို ပုဂ္ဂိုလ်လေးမျိုး ပြောပြမယ်။
တစ်ယောက်က သူ့ကိုယ်သူ နာကျင်အောင်လုပ်တယ်။ ဒါပေမယ့် သူတစ်ပါးကိုတော့ နာကျင်အောင် မလုပ်ဘူး။
တစ်ယောက်က သူတစ်ပါးကို နာကျင်အောင်လုပ်တယ်။ သူ့ကိုယ်သူကိုတော့ နာကျင်အောင် မလုပ်ဘူး။
တစ်ယောက်က သူ့ကိုယ်သူလည်း နာကျင်အောင်လုပ်တယ်။ သူတစ်ပါးကိုလည်း နာကျင်အောင်လုပ်တယ်။
တစ်ယောက်က သူ့ကိုယ်သူလည်း နာကျင်အောင်မလုပ်ဘူး။ သူတစ်ပါးကိုလည်း နာကျင်အောင်မလုပ်ဘူး။
အချင်းတို့ . . . ဒီလေးမျိုးထဲမှာ ဘယ်သူက အမြတ်ဆုံးလဲ။”
“ရှင်ကြီးဂေါတမ . . . သူ့ကိုယ်သူသာ နာကျင်အောင်လုပ်ပြီး သူတစ်ပါးကို နာကျင်အောင် မလုပ်သူဟာ အမြတ်ဆုံးပဲ။”
“အချင်းတို့ . . . ရသေ့ရဟန်းဆိုတာ အမှန်တရား ရှာဖွေသူတွေပါ။ ရသေ့ရဟန်းဆိုတာ အမြဲတမ်း မှန်ကန်ဖြောင့်မတ်ပါတယ်။ အခု သင်တို့ ယုံကြည်တဲ့အတိုင်း ပြောနေတာ ဟုတ်ရဲ့လား။”
“ရှင်ကြီးဂေါတမ . . .။ သူ့ကိုယ်သူရော သူတစ်ပါးကိုပါ နာကျင်အောင် မလုပ်တဲ့ ရသေ့ရဟန်းဟာ အမြတ်ဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို ရသေ့ရဟန်းမျိုးဟာ ဝိမုတ္တိကို ရရှိနိုင်ပါ့မလား။”
“အချင်းတို့ . . . သင်တို့ ယုံနိုင်မလား။ ငါဟာ မဂ္ဂင်ရှစ်ပါးကို ကျင့်သုံးပြီးတော့ အကြီးမြတ်ဆုံး ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခဲ့ပြီ။ မဂ္ဂင်ရှစ်ပါးဆိုတာ တစ်ခြားမဟုတ်ဘူး။ အလယ်အလတ် အကျင့်လမ်းပဲ။ မစ္ဇျိမပဋိပဒါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း နာကျင်အောင် လုပ်စရာမလိုဘူး။ သူတစ်ပါးကိုလည်း နာကျင်အောင် လုပ်စရာ မလိုဘူး။”
“ရှင်ကြီးဂေါတမ . . . အကြီးမြတ်ဆုံး ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ကို သင် မျက်မှောက်ပြုခဲ့ပြီ ဆိုတာကို ငါတို့ မယုံဘူး”ဟု နာကျင်နေသော သူ့မျက်လုံးများကို ရိုက်ပုတ်ရင်း ဂျိန်းရဟန်းတစ်ပါးက ဆို၏။
“အချင်း . . . မျက်ရည်တွေ ခြောက်အောင်သုတ်လိုက်ပါ။ ငါ့မျက်နှာကို ကြည့်စမ်းပါ။ မျက်စိအမြင် ကောင်းတယ်ဆိုရင် တိရစ္ဆာန်တွေတောင် ငါ့ကို နားလည်ကြပါတယ်။”
ဂျိန်းရဟန်းတို့သည် မျက်လုံးများကို ပွတ်လိုက်ပြီး ဘုရားရှင်ကို ကြည့်ကြလေ၏။ ထိုအခါ ၎င်းတို့၏ မျက်လုံးများ၌ မျက်ရည် ခြောက်ခန်းသွား၏။ နာကျင်မှုလည်း ချက်ချင်း သက်သာသွား၏။ ၎င်းတို့သည် ဘုရားရှင်ကို ငေးစိုက်၍ ကြည့်နေကြ၏။ ထိုစဉ် ဆေးဝါသုတ်လိမ်းလိုက်သကဲ့ ၎င်းတို့၏ မျက်စိများ အမြင်ကြည်လင်လာ၏။
“အို . . . ရှင်တော်ဂေါတမ။ အံ့သြစရာ ကောင်းလိုက်တာ . . .။ တပည့်တော်ရဲ့ မျက်လုံးထဲမှာ မျက်ဝတ်တွေ မရှိတော့ဘူး . . .။ လေညှင်း အေးအေးလေး တိုက်ဝင်လာနေသလိုပဲ။ မျက်လုံးတွေထဲမှာ အေးလိုက်တာ . . .။ အရှင့်ရဲ့ မျက်နှာတော်လို ကျက်သရေ ရှိတာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး . . .။ အရှင် . . . အရှင်ဟာ သဗ္ဗညုတ ဉာဏ်တော်ရှင် ဖြစ်မယ်ထင်ပါတယ် . . .။ ကိုယ့်ကိုယ်ကိုယ်လည်း မနာကျင်စေသူ၊ သူတစ်ပါးကိုလည်း မနာကျင်စေသူ အရှင်မြတ်အနေနဲ့ တပည့်တော်တို့ကို ဝိမုတ္တိလမ်း ဖွင့်ပြတော်မူပါ။ အရှင့်ကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါတယ် . . .။ အရှင့်ကို တပည့်တော် ရှိခိုးဦးချပါတယ် ဘုရား . . .။”
ဂျိန်းရဟန်းတစ်ပါးက ထိုသို့ ပြောဆိုပြီး ကျောက်ဖျာပေါ်မှ ဆင်းကာ ဘုရားရှင်ကို ရှိခိုးဦးချသောအခါ အခြားရဟန်းတို့လည်း အလားတူ ပြုမူကြလေ၏။
“အချင်းတို့ . . . သင်တို့ရဲ့ ဂုရုကြီးဆီ သွားပြီး တိုင်ပင်လိုက်ကြပါအုံး။”
“အရှင် . . . တပည့်တော်တို့ သဘောပေါက်လိုက်ပါပြီ။ အရှင်ဘုရားကို တပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါတယ် ဘုရား . . .”
“အချင်းတို့ . . . ငါ ပြောတာကို နားထောင်ရရုံနဲ့ မယုံလိုက်ကြနဲ့။ မှန်မယ်လို့ ထင်ရတာကိုလည်း အပေါ်ယံကြည့်ပြီး မယုံလိုက်ကြနဲ့။ ယုတ္တိတန်တယ်လို့ ထင်ရရုံနဲ့လည်း မယုံလိုက်ကြနဲ့။ ဒီရသေ့ရဟန်းကတော့ ကောင်းမြတ်တယ်၊ သူ့စကားကို လက်ခံရမယ် ဆိုပြီးတော့လည်း မယုံလိုက်ကြနဲ့။ ဘက်လိုက်မှု ကင်းကင်းနဲ့ ဆုံးဖြတ်ပါ။ ဉာဏ်ပညာနဲ့ စဉ်းစားသုံးသပ်ပါ။ မတ်တပ် ရပ်လိုက်ကြပါ။ စဉ်းစားကြပါအုံး။ အေးအေးဆေးဆေး စဉ်းစားကြပါ။ ခြောက်လ အချိန်ယူပြီး စဉ်းစားကြပါ။ အရှိန်အဝါ ကြီးမားတဲ့ နာဋပုတ္တရဲ့ တပည့်သာဝကတွေ ငါ့ကို ဆည်းကပ်ကိုးကွယ်လာကြတယ်ဆိုရင် သူ့ဂုဏ်သိက္ခာ ထိပါးသွားနိုင်တယ်။ ခြောက်လကြာအောင် စဉ်းစားသုံးသပ်ပြီးတဲ့အခါ သင်တို့လိုချင်တဲ့ ဝိမုတ္တိကို သင်တို့ရဲ့ ဂုရုကြီးဆီကနေ မရနိုင်ဘူးဆိုတာ တကယ် သေချာပြီဆိုမှ ငါ့ဆီ လာသင့်ပါတယ်။ အခု ငါ ကပိလဝတ်ကို သွားမယ်။”
:)
ရှင်အာစာရ
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment