Thursday, July 7, 2011

Youth and Religion - လူငယ်နှင့်ဘာသာရေး

“What if our children aren’t interested in Buddhism?
Should we allow them to go to church with their friends?
သားသမီးတွေ ဗုဒ္ဓဘာသာကို စိတ်မ၀င်စားရင် ဘာလုပ်ရမလဲ။
သူတို့ သူငယ်ချင်းတွေနဲ့ ခရစ်ယန် ဘုရားရှိခိုးကျောင်း လိုက်သွားတာကို ခွင့်ပြုသင့်သလား။”

ဘာသာရေးနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ ဖိအားမပေးသင့်ပါဘူး။ သားသမီးတွေ ဗုဒ္ဓဘာသာကို စိတ်မ၀င်စားရင်လည်း နေပါစေ။ ကလေးတွေ အနေနဲ့ အကြင်နာတရားနဲ့ ပြည့်စုံသူ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်လာအောင် ဘယ်လိုနေထိုင်ရမယ် ဆိုတာကို မိဘတွေဆီကနေ လေ့လာသင်ယူနိုင်ပါတယ်။ မိဘတွေရဲ့ စိတ်နေသဘောထားနဲ့ အပြုအမူတွေကနေ လေ့လာနိုင်ကြပါတယ်။

ဟုတ်ပါတယ်။ အတန်းဖော် သူငယ်ချင်းတွေက သူတို့နဲ့အတူ ခရစ်ယန် ဘုရားရှိခိုးကျောင်း လိုက်ခဲ့ဖို့ ဖိတ်ခေါ်တာမျိုး ကြုံနေကျပါ။ သူတို့ရဲ့ ဘုရားရှိခိုးကျောင်းမှာ အဆိုအတီး ဂီတတွေနဲ့ဆိုတော့ လူငယ်တွေ စိတ်ဝင်စားတတ်ကြပါတယ်။ သူငယ်ချင်းတွေရဲ့ ဘုရားရှိခိုးကျောင်းတွေ ဗလီတွေဆီ သွားရောက်လည်ပတ်ပြီးတော့ သူတို့ရဲ့ ဘာသာတရားကို လေ့လာနိုင်ပါတယ်။ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ တည်ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အသိမိတ်ဆွေရဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သိထားတာ ကောင်းပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ အချင်းချင်း အပြန်အလှန် နားလည်တာဟာ အရေးကြီးတဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ ဘုရားရှိခိုးကျောင်းတွေ ဗလီတွေဆီ လိုက်မလည်ခင်မှာ ကလေးတွေ သဘောပေါက် ထားသင့်တဲ့အချက် ရှိပါတယ်။ လူတွေဟာ ဘာသာတရား အမျိုးမျိုးကို ကိုးကွယ်ယုံကြည်ကြတယ်၊ ဒီလို ကွဲပြားခြားနားတဲ့ အခြေအနေမှာ အချင်းချင်း အပြန်အလှန် နားလည်နိုင်ဖို့ လေးစားနိုင်ဖို့ သည်းခံခွင့်လွှတ်နိုင်ဖို့ လိုအပ်တယ် ဆိုတာကို ကလေးတွေ သဘောပေါက်အောင် ရှင်းပြထားသင့်ပါတယ်။

နောက်တစ်ခု အရေးကြီးတာ ရှိပါသေးတယ်။ ဗုဒ္ဓဘာသာ ကလေးတစ်ယောက်က သူငယ်ချင်းရဲ့ ဘုရားရှိခိုးကျောင်း တစ်ခုခု ဒါမှမဟုတ် ဗလီတစ်ခုခုဆီ လိုက်လည်တယ်ဆိုရင် သူ့သူငယ်ချင်းကလည်း ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားကို လိုက်လည်ရမှာပေါ့။ ဒါမှ အပေးအယူ မျှမယ်။ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားကိုတော့ လိုက်မလည်ချင်ဘူး သူရဲ့ ဘုရားရှိခိုးကျောင်း ဒါမှမဟုတ် ဗလီကိုသာ လိုက်လည်စေချင်တယ်ဆိုရင် ဘယ်တရားပါ့မလဲ။ ဒီလိုမျိုး အပေးအယူ မရှိဘူးဆိုရင်တော့ တစ်ဘက်သက် စည်းရုံးနေတာ ဖြစ်ပါတယ်။ သွေးရိုးသားရိုး ခင်မင်ရင်းနှီးတဲ့ စိတ်ထားနဲ့ ဖိတ်ကြားတာ မဟုတ်ပါဘူး။ ကိုယ့်သားသမီးကို တားမြစ်သင့်ပါတယ်။

မိဘတွေ နမော်နမဲ့ နေနေကြရင် ဒီလို အလည်အပတ် အဆင့်ကို ကျော်သွားပြီးတော့ ကိုယ့်ကလေးကို တစ်ခြားဘာသာက ဆွဲဆောင်စည်းရုံးလိုက်တဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ဆွဲဆောင်စည်းရုံး ခံနေရတာကို သိလိုက်ရရင် မဆိုးသေးပါဘူး။ ဒီအခြေအနေမှာ ဆိုရင်တော့ ကိုယ့်ကလေးကို ကိုယ့်ဘာသာအကြောင်း သင်ပေးရပါတော့မယ်။ ဗုဒ္ဓဘာသာက ဘာကိုယုံကြည်တယ်၊ ဘာကြောင့်ယုံကြည်တယ် ဆိုတာကို ရှင်းပြတတ်ရပါမယ်။ ဗုဒ္ဓဘာသာရဲ့ အတွေးအမြင်၊ ဗုဒ္ဓဘာသာရဲ့ တန်ဖိုး၊ ဗုဒ္ဓဘာသာရဲ့ လက်တွေ့ဘ၀မှာ အသုံးဝင်မှုတွေကို သားသမီးတွေ နားလည်အောင် သင်ပြပေးရပါမယ်။ ဘာသာကွဲ သူငယ်ချင်းက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်လာရင် ဖြေတတ်အောင် သင်ပေးထားရပါမယ်။ သားသမီးက မဖြေတတ်တဲ့ အခါမျိုးမှာ ကူညီဖြေကြား ပေးရပါမယ်။ ဘာသာကွဲ သူငယ်ချင်းတွေကို သူတို့ ဘာသာနဲ့ ပတ်သက်လို့ ဘယ်လိုမေးခွန်းထုတ်ရမယ်၊ ဘယ်လိုစောဒတက်ရမယ် ဆိုတာကိုလည်း သင်ပြပေးရပါမယ်။ အရေးအကြီးဆုံး တစ်ခု အနေနဲ့ သားသမီးတွေ တွေးခေါ်ဆုံးဖြတ်တတ်အောင် သင်းပေးရပါမယ်။

စောစောက ပြောခဲ့သလိုပါပဲ။ ဗုဒ္ဓဘာသာကို ကလေးတွေ စိတ်မ၀င်စားရင် နေပါစေ။ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ ကောင်းမြတ်တဲ့ စရိုက်လက္ခဏာတွေ ဗုဒ္ဓဘာသာ မိဘတွေဆီကနေ အတုခိုး ယူနိုင်ပါတယ်။

ထုံးစံအားဖြင့် မိဘက ဗုဒ္ဓဘာသာကို စိတ်ဝင်စားတယ် လေးလေးနက်နက် သက်ဝင်ယုံကြည်တယ်ဆိုရင် သားသမီးတွေလည်း မိဘလိုပဲ ဖြစ်လာတတ်ပါတယ်။ မိဘတွေက ဗုဒ္ဓဘာသာကောင်းတွေ ဖြစ်နေတာတောင်မှ သားသမီးတွေက ဗုဒ္ဓဘာသာကို စိတ်မ၀င်စားကြတာလည်း ရှိတတ်ပါတယ်။ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီး ကိုယ့်ဘာသာကို အထင်သေးပြီး သူများဘာသာကို အထင်ကြီးတာမျိုး ဖြစ်မသွားအောင်သာ သတိထားပါ။ အပေါင်းအသင်းက စည်းရုံးလိုက်လို့ ဘာသာပြောင်းသွားတာမျိုး မဖြစ်ရအောင်သာ သတိထားပါ။

ဒါကတော့ ဗုဒ္ဓဘာသာကို အလေးအနက်ထားတဲ့ ဗုဒ္ဓဘာသာဝင် မိဘတွေအတွက် ပြောတာပါ။ မိဘတွေ ကိုယ်တိုင်က ဗုဒ္ဓဘာသာကို စိတ်မ၀င်စားကြတာ ဆိုရင်တော့ အထူး ပြောစရာ မရှိပါဘူး။

:)
ရှင်အာစာရ
ရည်ညွှန်း

pp 23-24, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

1 comment:

  1. ဒီကိစ္စဟာ သာသနာရေးဝန်ကြီး၊ရဟန်းသံဃာတော်၊မိဘတွေမှာ အများကြီးတာဝန်ရှိပါတယ် နွေရာသီမှာဗုဒ္ဓဘာသာသင်တန်းကျောင်းတွေ များများဖွင့်လှစ်ဖို့၊ဗုဒ္ဓဘာသာဆိုတာဘာလည်းသိအောင် မိဘတွေကသွန်သင်ဆုံးမတာတို့၊ဘုန်းကြီးတွေနဲ့တွေ့ရင်ဘယ်လိုစကားပြောရမယ်ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ မိဘတွေမှာ တာဝန်ရှိပါတယ်။သံဃာတော်သူမြတ်များကလည်း ဗုဒ္ဓဘာသာမကွယ်ပျောက်အောင် ပြန့်ပွားအောင် လုပ်ဆောင်သင့်ပါတယ် သာသနာတော်မှာ ရဟန်းအတုအယောင်များကိုလည်း ဖယ်ရှားသင့်ပါတယ် ဒါမှသာသနာသန့စင်မှာပါ လူငယ်တွေကလည်း မိမိကိုးကွယ်နေတဲ့ဘာသာရဲ့အနှစ်သာရကို သိအောင်စာများများ ဖတ်ရမယ် လူကြီးသူမ ပြောတာတွေကို နားထောင်ရမယ် အချိန်ကုန်ခံပြီး လက်ဖက်ရည်ဆိုင်ထိုင်၊အင်တာနက်ဆိုင်ထိုင်ပြီး အချိန်ပြည့်ဂိမ်းနှိပ်နေမယ့်အစား စာကြည့်တိုက်သွားတာမှမိမိအတွက်တန်ဖိုးရှိတာကို သိနားလည်ရမယ်၊တစ်ယောက်ချင်းစီမှာ တာဝန်ကိုယ်စီရှိကြတဲ့အတွက် သာသနာ့အကျိုး၊တိုင်းပြည်အကျိုး၊ကိုယ့်လူမျိုးအတွက် လက်တွဲညီညီလုပ်ဆောင်သွားကြမယ်ဆိုရင် ဘယ်ဘာသာကမှ ကျူးကျော်ရန်စရဲ့ရမှာမဟုတ်ပါဘူး ကိုယ့်ဘိုးဘွားတွေက သာသနာအတွက်တိုင်းပြည်အတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို သိအောင်လုပ်ပြီး တိုင်းပြည်အတွက် သယ်ပိုးနိုင်တဲ့နိုင်ငံ့သားကောင်းရတနာများဖြစ်ကြပါစေ

    ReplyDelete