ထိုနေ့၌ သိဒ္ဓတ္ထရဟန်းသည် ရာဇဂြိုဟ်သို့ ရောက်ရှိလာ၏။ သိဒ္ဓတ္ထရဟန်းသည် သစ္စာတရား ရှာဖွေရင်း ကောသလတိုင်း လိစ္ဆဝီတိုင်း မလ္လတိုင်း အင်္ဂတိုင်း ဝင်္ဂတိုင်း မဂဓတိုင်းများ အတွင်းရှိ ရသေ့သင်္ခမ်းကျောင်း တစ်ခုပြီးတစ်ခု၊ သူတော်စင်တို့ နေထိုင်ရာ တောအုပ် တစ်ခုပြီးတစ်ခု ခြောက်နှစ်ကြာအောင် လှည့်လည်နေထိုင်ခဲ့ပြီးနောက် ရာဇဂြိုဟ်သို့ ရောက်ရှိလာခြင်း ဖြစ်၏။ သိဒ္ဓတ္ထရဟန်းသည် စွန့်ပစ်ထားသည့် အဝတ်စများကို စုစပ်၍ ချုပ်ထားသော ပံသုကူသင်္ကန်းကို ဝတ်ရုံလျက် မြေသပိတ်ကို လက်ဝယ်စွဲကာ ရာဇဂြိုလ်မြို့အတွင်း အိမ်စဉ်လှည့်ကာ ဆွမ်းခံလေ၏။ ဆွမ်းခံပြီးနောက် ပဏ္ဍဝတောင်သို့ သွားရောက်ပြီး တောင်ရိပ်ခိုလှုံကာ အရှေ့အရပ်သို့ မျက်နှာမူထိုင်လျက် နေ့ဆွမ်း ဘုဉ်းပေးလေ၏။
အမူအယာ ဣန္ဒြေရှိလှသော၊ ခန္ဓာကိုယ် အချိုးအဆက် ပြေပြစ်သော၊ ထူးထူးခြားခြား လှပခန့်ငြားသော သိဒ္ဓတ္ထရဟန်းကို တွေ့လိုက်ရသည့် ဗိမ္ဗိသာရ မင်းကြီး၏ မင်းချင်းတို့သည် လိုက်လံစုံစမ်းကြ၏။ သိဒ္ဓတ္ထရဟန်း ပဏ္ဍဝတောင်ခြေ၌ ရပ်တန့်လိုက်သောအခါ မြင်းသည်တော် မင်းချင်းတို့သည် မြင်းများကို ဒုန်းစိုင်းမောင်းနှင်ကာ နန်းတော်သို့ အမြန်ပြန်လာကြပြီး မင်းကြီးအား အကြောင်းစုံ လျှောက်ထားကြ၏။ သိဒ္ဓတ္တရဟန်းကို တွေ့လိုစိတ် ပြင်းပျနေသော မင်းကြီးသည် မြင်းဆွဲယာဉ်ဖြင့် ပဏ္ဍဝတောင်သို့ ချက်ချင်း လိုက်သွားလေ၏။ ပဏ္ဍဝတောင်နှင့် နီးလာသောအခါ လမ်းမသာယာတော့သဖြင့် မင်းကြီးသည် တောင်ခြေအထိ ခြေလျင်ဆင်း၍ လျှောက်ရ၏။ မင်းကြီးသည် နေဆွမ်းဘုဉ်းပေးပြီး နေ့သန့်စင်ရာ၌ ရှိနေသော သိဒ္ဓတ္ထရဟန်းကို ခပ်လှမ်းလှမ်းမှပင် မြင်လိုက်ရ၏။
မင်းကြီးသည် သိဒ္ဓတ္ထရဟန်းထံသို့ ချက်ချင်း မသွားသေးပေ။ မင်းကြီးသည် သိဒ္ဓတ္ထရဟန်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေရင်း ပီတိဖြစ်နေ၏။ ထို့နောက် တင်ပလ္လင်ခွေ ထိုင်နေသည့် ရဟန်းအနီးသို့ ချဉ်းကပ်၍ ရိုသေစွာ စကားဆို၏။
“ရဟန်းမြတ် . . .။ တပည့်တော် ဗိမ္ဗိသာရမင်းပါ ဘုရား။ အရှင်ဘုရားအကြောင်း သတင်းရခဲ့ပါတယ် ဘုရား။ အရှင်ဘုရားဆီ လာရောက်တွေ့ဆုံပြီး စကားပြောရတာ အလွန်ပင် နှစ်သက်ဝမ်းမြောက်မိပါတယ် ဘုရား။ အရှင်ဘုရားအတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင် စကားစမြည် လျှောက်ထားချင်ပါတယ် ဘုရား။”
“မင်းကြီး . . .။ စကားပြောဖို့ သင့်တော်တယ်ဆိုရင် ကျွန်ုပ် စကားပြောပါတယ်။ မင်းကြီး သိချင်တာကို ပြောပြပေးပါမယ်။ မေးပါ။”
“ရဟန်းမြတ် . . .။ အရှင်ဘုရားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိပါရစေ ဘုရား . . .”
“သစ္စာတရား ရှာဖွေနေတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ် မင်းကြီး . . .။ သစ္စာတရား ရှာဖွေရင်း တောရသင်္ခမ်းကျောင်းတွေဆီ လှည့်လည်လာခဲ့ပါတယ်။ သူတော်စင်တို့ နေထိုင်ရာ တောအုပ်တွေ၊ ကျောင်းတိုက်တွေ တစ်ခုပြီးတစ်ခု လှည့်လည်ရင်း တိုင်းဒေသများစွာ ရောက်ခဲ့ပါပြီ။ အခု ပဏ္ဍဝတောင်ရိပ် ရောက်လာတာပါပဲ။”
“ရဟန်းမြတ် . . .။ အရှင့်ရဲ့ အရေအဆင်းဟာ နှစ်သက်စရာ ကောင်းလှပါတယ်။ အရှင့်ရဲ့ အသွင်အပြင်ဟာ မင်းမျိုးမင်းနွယ်ပုံ ပေါက်နေပါတယ်။ အရှင်ဟာ အရွယ်ကောင်း ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ အရာရာဟာ နှစ်သက်စရာပါ။ အရှင်ဟာ ကာယဗလ အလွန်သန်မာမယ်ဆိုတာ သေချာပါတယ်။ တော်ဝင်အမျိုးအနွယ်ကနေ ရဟန်းပြုလာတာ ဟုတ်ပါသလား။ အမိန့်ရှိတော်မူပါ။ အရှင့်ရဲ့ အမျိုးအနွယ်ကို သိချင်ပါတယ်။”
“မင်းကြီး . . .။ ချမ်းသာကြွယ်ဝပြီး အာဏာတန်ခိုးလည်း ကြီးမားတဲ့ ကောသလ နေပြည်တော်ဟာ ဟိမဝန္တာ ဆင်ခြေလျှောမှာ တည်ရှိပါတယ်။ ကျွန်ုပ်ရဲ့ဖခင် သုဒ္ဓေါဒနဟာ တရားမျှတတဲ့ မင်းတစ်ပါး ဖြစ်ပါတယ်။ ကောသလတိုင်းမှာ ပါဝင်တဲ့ ကပိလဝတ်ကို အုပ်ချုပ်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ဟာ အာဒိစ္စမင်းဆက်က ဆင်းသက်လာသူ ဖြစ်ပါတယ်။ သာကီနွယ်ဝင် ဖြစ်ပါတယ်။ မင်းကြီး . . . ကျွန်ုပ်ဟာ လောကီစည်းစိမ် မှန်သမျှကို စွန့်လွှတ်ပြီး ရသေ့ရဟန်း ပြုလာသူ ဖြစ်ပါတယ်။ သတ္တဝါ အားလုံးကို သနားကရုဏာ သက်မိလို့ လူသားရဲ့ လွတ်မြောက်ရေးအတွက် သစ္စာတရား ရှာဖွေရင်း လှည့်လည်နေတာပါ။”
“အရှင်ဘုရား . . .။ ငယ်ရွယ်နုပျိုချိန်မှာ ထီးနန်းစည်းစိမ် အားလုံးကို အပြီးအပိုင်းစွန့်လွှတ်၊ ရသေ့ရဟန်းဝတ်ပြီး ဝိမုတ္တိလမ်းစ ရှာဖွေတဲ့ တစ်ခြား မင်းသားဆိုလို့ နာဋပုတ္တပဲ ရှိပါတော့တယ်။ အရှင်ဘုရားရဲ့ လုံ့လကြိုးကုတ် အားထုတ်မှုဟာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ အများကောင်းကျိုးအတွက် ဖြစ်တာကြောင့် နှစ်သက်ဝမ်းမြောက်မိပါတယ် ဘုရား။ တပည့်တော် ဦးညွတ်ရိုးကျိုး ရှိခိုးဦးခိုက်ပါတယ် အရှင်မြတ် ဘုရား . . .။”
ဗိမ္ဗိသာရ မင်းကြီးသည် ပြောပြောဆိုဆိုနှင့် သိဒ္ဓတ္ထရဟန်း၏ ရှေ့မှောက်၌ ဒူးထောက် ထိုင်ချလိုက်ပြီး မြေပြင်ပေါ်သို့ ဦးခေါင်းစိုက်ချကာ ရဟန်းမြတ်ကို ရှိခိုးလေ၏။ ရှိခိုးပြီးနောက် ရဟန်းမြတ်၏ နံဘေး၌ ရပ်နေရင်း စကားဆိုပြန်၏။
“ရဟန်းမြတ် ဘုရား . . .။ အရှင်ဘုရားဟာ တပည့်တော်ရဲ့ ရှိခိုးဦးခိုက်မှုကို ခံယူတဲ့ ဒုတိယ ရဟန်းတော် ဖြစ်ပါတယ် ဘုရား။ ပထမ ရဟန်းကတော့ နာဋပုတ္တ အရှင်မြတ် ဖြစ်ပါတယ် ဘုရား။ အရှင်မြတ် နာဋပုတ္တဟာ သက်ရှိအားလုံးကို အနှောင်အတွယ် ကင်းကင်းနဲ့ ကရုဏာသက်နိုင်သူ ဖြစ်တဲ့အတွက် တပည့်တော် သူ့ကို ရှိခိုးခဲ့ပါတယ် ဘုရား။ အရှင်ဘုရား ရှာဖွေတဲ့ သစ္စာတရားကို အခု တွေ့ရှိပါပြီလား အရှင်ဘုရား . . .။ ရှာဖွေတွေ့ရှိပြီး ဖြစ်တယ်ဆိုရင် တပည့်တော်ကို ဟောကြားတော်မူပါ အရှင်ဘုရား . . .။”
“မတွေ့ရှိသေးပါဘူး မင်းကြီး . . .။ သစ္စတရား ရှာဖွေဆဲပဲ ရှိပါသေးတယ်။ ပရမတ္ထ သစ္စာတရားကို အမြင့်မြတ်ဆုံး အမှန်ကန်ဆုံး အဓိပ္ပာယ်နဲ့ ခုချိန်ထိ မသိမြင်နိုင်သေးပါဘူး။ အာရုံတစ်ခုတည်း အပေါ်မှာ စိတ်ကို စူးစိုက်ထားရတဲ့ စိတ်တည်ငြိမ်မှု သမထ အကျင့်ကို အနော်မာ မြစ်ကမ်းမှာ သီတင်းသုံးနေတဲ့ ဝါသိဋ္ဌရသေ့ဆီကနေ သင်ယူခဲ့ပါတယ်။ ဣန္ဒြေထိန်းချုပ်ရတဲ့ တပအကျင့်ကို ဗြဟ္မဏနွယ်ဖွား ရသေ့မ သာကိယာဆီကနေ သင်ယူခဲ့ပါတယ်။ အဝတ်သင်္ကန်း အစားအစာဆွမ်းနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေကိုတော့ ဗြဟ္မဏနွယ်ဖွား ရသေ့မ ပညာရဲ့ သင်္ခမ်းကျောင်းမှာ သင်ယူခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ အသက်ရှူမှုကို ထိန်းချုပ်တာ အပါအဝင် တစ်ခြား သမထနည်းတွေကို ရေဝတရသေ့ဆီကနေ သင်ယူခဲ့ပါတယ်။ ဒါနဲ့လည်း အားမရသေးလို့ ဆက်လက်ပြီး နည်းနာခံယူဖို့ ကောသလတိုင်းမှာ တပည့်တပန်း မြောက်များစွာကို နည်းပြသွန်သင်နေတဲ့ ထင်ရှားကျော်ကြားတဲ့ ရသေ့ကြီး အာဠာရ ကာလာမဆီကို သွားခဲ့ပါတယ်။ အကန့်အသတ်မဲ့ ချစ်ခြင်းတရား (မေတ္တာ)၊ သနားခြင်း (ကရုဏာ)၊ ဝမ်းမြောက်ခြင်း (မုဒိတာ) နဲ့ အညီအမျှ ရှုမြင်ခြင်း (ဥပေက္ခာ)ဆိုတဲ့ ဗြဟ္မဝိဟာရတရားလေးပါး သမထကမ္မဋ္ဌာန်းကို အဲဒီ ရသေ့ကြီးဆီကနေ သင်ယူခဲ့ပါတယ်။ ကမ္ဘာပေါ်က သက်ရှိအားလုံး အပေါ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ နဲ့ ဥပေက္ခာတရားတွေ ကျင့်သုံးခဲ့ပါတယ်။ မင်းကြီး . . . ကျွန်ုပ်ရဲ့စိတ်ဟာ ထင်ထင်ရှားရှားကြီး ကြည်လင်သန့်ရှင်းခဲ့ပါတယ်။ လွတ်လပ်ပေါ့ပါး ခဲ့ပါတယ်။ အာရုံခံစားမှု နယ်အတွင်းမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ အဲဒီ သစ္စာတရားဟာ ကျွန်ုပ်ရှာဖွေနေတဲ့ လွတ်မြောက်မှု ဟုတ်ပါရဲ့လား။ အဲဒီ အာဠာရ ကာလာမရဲ့ အကျင့်လမ်းဟာ အာကိဉ္စညာယန ဗြဟ္မဘုံမှာ ကပ်ကမ္ဘာ တစ်သောင်းကြာအောင် တည်နေနိုင်တဲ့ လွတ်မြောက်မှုကို ပေးနိုင်ပါတယ်။ အဲဒါကို ကျွန်ုပ် အားမရခဲ့ပါဘူး။ ဒါကြောင့် ဥဒက ရာမပုတ္တရဲ့ သင်္ခမ်းကျောင်းဆီ ဆက်သွားခဲ့ပါတယ်။ သူက ဈာန်သမာပတ် ရှစ်မျိုးကို သင်ပေးပါတယ်။ သိပ်မကြာခင်မှာပဲ စိတ်ဓာတ် အမြင့်မြတ်ဆုံး အသိမ်မွေ့ဆုံးဖြစ်တဲ့ နေဝသညာနာသညာယနတဈာန်ကို ရရှိခဲ့ပါတယ်။ မင်းကြီး . . . အဲဒါကိုလည်း ကျွန်ုပ် အားမရခဲ့ပါဘူး။
ဒါပေမယ့် . . . မင်းကြီး . . .။ ရသေ့ဆရာကြီးတွေ အာလုံးဟာ မြင့်မြတ်ကြပါတယ်။ ကျွန်ုပ် ရှာဖွေနေတဲ့ ဝိမုတ္တိ သူတို့ဆီမှာ မရှိပေမယ့် ဒီရသေ့ကြီးတွေဟာ လူ့လောကမှာ ဉာဏ်ပညာ ကြီးမြတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဆီက တော်တော်များများ လေ့လာသင်ယူခဲ့ပါတယ်။ အာဠာရ ကာလာမ နဲ့ ဥဒက ရာမပုတ္တတို့ဟာ အထူးရိုသေလေးစားထိုက်သူတွေ ဖြစ်ကြပါတယ်။ လူသားတွေကို လွတ်မြောက်စေနိုင်တဲ့ ပရမတ္ထ သစ္စာတရားကို အမှန်ကန်ဆုံး အဓိပ္ပာယ်နဲ့ ရှာဖွေတွေ့ရှိလိုက်တဲ့ တစ်နေ့မှာ သူတို့ဆီ ပြန်လာပြီး သူတို့ကိုလည်း ပြန်လည်သင်ကြားပေးဖို့ တောင်းပန်လိုက်ပါတယ်။ သူတို့ဟာ အဲဒီလောက်ထိ နှိမ့်ချရိုကျိုးတတ်သူတွေ ဖြစ်ပါတယ်။
မင်းကြီး . . .။ ကျွန်ုပ်ဟာ ကောသလတိုင်းကနေပြီး ဝေသာလီနားက ကျောက်လိုဏ်ဂူမှာ ဒုက္ကစရိယအကျင့်တွေ ကျင့်သုံးနေတဲ့ ရသေ့သူတော်စင် ဒဒ္ဒူမဒဏ္ဍိကပုတ္တဆီ သွားရောက်ခဲ့ပါတယ်။ သူ့ဆီမှာ ရသေ့သူတော်စင် အကျင့်တွေကို နည်းလေးမျိုးနဲ့ ကျင့်သုံးခဲ့တာကို သတိရနေတုန်းပါပဲ။ ကျွန်ုပ်ဟာ လွန်ကျူးခဲ့ဖူးတဲ့ အပြစ်တွေကို ဒဏ်ယူပြီး ဖြေဖျောက်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကို ညှင်းဆဲတဲ့ အတ္တကိလမထ အကျင့်ကို ကျင့်သုံးခဲ့ပါတယ်။ ဘဝကို စိတ်ပျက်ငြီးငွေ့အောင် ကျင့်ခဲ့ပါတယ်။ ခေါင်းမာခဲ့ပါတယ်။ ပထမဆုံး လူ့ဓလေ့ထုံးတမ်းကို အရေးမထားဘဲ ဝတ်လစ်စလစ် နေခဲ့ပါတယ်။ အစားအစာကို လက်ခုပ်နဲ့ ခံယူခဲ့ပါတယ်။ အသား၊ ငါးနဲ့ အချဉ်ဖောက်ထားတဲ့ နို့ကို မသုံးဆောင်ပါဘူး။ ဘောဇဉ်ကို အိမ်တစ်အိမ်ကပဲ ခံယူပြီ သုံးဆောင်ပါတယ်။ မြက်အခင်း တစ်လွှာပေါ်မှာပဲ အိပ်ပါတယ်။ နောက်တော့ ရေညှိ၊ ကောက်ရိုးနဲ့ ကျွဲနွားသိုးဆိတ်တို့ရဲ့ မစင်ကို စားသုံးပါတယ်။ ကျွဲနွားသိုးဆိတ်တို့ရဲ့ ကျင်ငယ်ကို သောက်ပါတယ်။ မုဆိတ်မွှေး ပသိုင်းမွှေးတွေကို ပယ်နှုတ်ပါတယ်။ ဦးခေါင်းစိုက်ထောင် နေရတဲ့ အကျင့်ကိုလည်း ကျင့်ပါတယ်။ ဒါပေမယ့် သစ္စာတရားကို မသိမြင်ခဲ့ပါဘူး။ ရေတစ်ပေါက် အပေါ်မှာတောင် ကရုဏာ ထားခဲ့ပါတယ်။ ရေပိုးရေမွှားလေးတွေကို ညှင်းဆဲသတ်ဖြတ်မိမှာ စိုးလို့ပါ။ ဘယ်လောက်သေးငယ်တဲ့ သတ္တဝါကိုပဲဖြစ်ဖြစ် မသေစေမိအောင် ဂရုစိုက်ပါတယ်။ အဲဒီလို ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ် ကျင့်ကြံရင်း ကင်းကင်းဆိတ်ဆိတ် နေချင်တဲ့အတွက် လူသူအရောက်အပေါက် မရှိတဲ့ တောကြီးမျက်မဲထဲမှာပဲ သူတော်စင်စဉ် အကျင့်နဲ့ နေခဲ့ပါတယ်။ အဲဒီ အကျင့်ကို ကျင့်သုံးတဲ့အတွက် စိတ်တည်ငြိမ်မှု သမာဓိကို မရရှိခဲ့ပါဘူး။ သက်ရှိအားလုံးအပေါ်မှာ တစ်သားတည်း ထားရှိတဲ့ ကရုဏာတရားကိုတော့ ပွားများနိုင်ခဲ့ပါတယ်။ အဲဒီအကျင့်ကို ကျင့်သုံးနေရင်း ကျွန်ုပ် ရှာဖွေနေတဲ့ ဝိမုတ္တိလမ်းနဲ့ ဝေးကွာလာခဲ့ပါတယ်။ မနီးစပ်ခဲ့ပါဘူး။ ရိုးရှင်းတဲ့ သမာဓိဈာန်ကို ကျင့်သုံးပြီး စစ်မှန်တဲ့ အသိဉာဏ်ကို ရရှိနိုင်တယ်လို့ ထင်မိတဲ့အတွက် ခန္ဓာကိုယ်ကို ညှင်းဆဲရတဲ့ အတ္တကိလမထ အကျင့်ကို စွန့်လွှတ်ပြီး ဝေသာလီကို ပြန်လာခဲ့ပါတယ်။ မင်းကြီး . . . ကျွနု်ပ် ဝေသာလီမှာ ရှိနေတုန်းက ပဉ္စဝဂ္ဂီငါးဦးက ကျွနု်ပ်ကို အနီးကပ် ပြုစုလုပ်ကျွေးကြပါတယ်။ ကျွနု်ပ် အချိန်မရွေး သစ္စာတရားကို ထိုးထွင်းသိမြင်လိုက်နိုင်တယ်လို့ သူတို့ မျှော်လင့်နေကြတာပါ။ အတ္တကိလမထ အကျင့်ကို ကျွနု်ပ် စွန့်လွှတ်လိုက်တော့ သူတို့ စိတ်ပျက်ပြီး ထွက်ခွာသွားကြပါတယ်။ အခု အမြင့်မြတ်ဆုံး ဉာဏ်အလင်း (သမ္ဗောဓိ)ကို ရှာဖွေရာမှာ စွဲလမ်းယုံကြည်မှု အားလုံးကို ကျွန်ုပ် စွန့်လွှတ်လိုက်ပါပြီ။”
ဗိမ္ဗိသာရမင်းက တောင်းပန်လျှောက်ထား၏။
“အရှင်ဘုရား . . .။ သမ္ဗောဓိ ဆိုတဲ့ အရှင်ဘုရားရဲ့ ရည်ရွယ်ချက် ပြည့်ဝအောင် ကူညီဖို့ ဒီတောင်ပေါ်မှာပဲဖြစ်ဖြစ် တောင်ခြေမှာပဲဖြစ်ဖြစ် အရှင်ဘုရားအတွက် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်ပေးပါမယ်။ အရှင်ဘုရား ဆန္ဒရှိမယ်ဆိုရင် ပြောတာပါ။ နေ့စဉ်လည်း ဆွမ်းလှူပါ့မယ်။ တပည့်တော်ရဲ့မြို့မှာ သီတင်းသုံးပါ ဘုရား။”
“မင်းကြီး . . . အလိုမရှိပါဘူး။ ဥရုဝေလမှာ သွားရောက်နေထိုင်ပါမယ်။ အဲဒီမှာ ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာတဲ့အတွက် ရည်ရွယ်ချက် ပြီးမြောက်ဖို့ ပိုပြီး ကျေးဇူးများပါလိမ့်မယ်။ အဲဒီမှာ ဧကစာရီ ကျင့်သုံးပြီး သမ္ဗောဓိဉာဏ် ရရှိအောင် အားထုတ်ပါမယ်။”
“ဒါဆိုရင်လည်း အရှင်ဘုရား . . . တပည့်တော်ရဲ့ နန်းတော်ကို ကြွရောက်ပြီး နေ့ဆွမ်းအလှူခံနိုင်မယ် ထင်ပါတယ်။ သင်္ကန်းနဲ့ တစ်ခြား ပရိက္ခရာတွေလည်း အရှင်ဘုရားကို လှူဒါန်းချင်ပါတယ် ဘုရား . . .။”
“မင်းကြီး . . .။ ကျွနု်ပ် ဝေသာလီမှာ အတ္တကိလမထအကျင့်ကို ကျင့်နေတုန်းကဆိုရင် အထီးတည်း ပေါက်နေတဲ့ သပြေပင်ကြီးကို မှီထိုင်ရင်း အဲဒီအပင်ရဲ့ အရွက် အခက် အသီးတွေကိုပဲ စားသုံးပြီး တစ်လလုံးလုံး နေခဲ့တာပါ။ အစားအစာ အားလုံးအပေါ်မှာ တစ်သဘောတည်း ထားပါတယ်။ နန်းတော်က မွန်မြတ်တဲ့ ပွဲတော်စာနဲ့ စဏ္ဍာလအိမ်က နုံချာတဲ့ အစားအစာကို ခွဲခြားပြီး မရှုမြင်ပါဘူး။ ဥရုဝေလကို သွားမယ်။ အဲဒီ လမ်းခရီးမှာ စိတ်တည်ငြိမ်မှု ပျက်ပြားလောက်အောင် ဆာလောင်လာရင် လမ်းမှာပဲ ဆွမ်းခံမယ်။”
“ဒါဆိုရင်လည်း အရှင်ဘုရား . . .။ သင်္ကန်းနဲ့ ပရိက္ခရာတွေ လှူချင်ပါတယ် ဘုရား။ ကြွတော်မူပါ။ အရှင်ဘုရားရဲ့ သင်္ကန်းဟာ ဆွေးမြေ့နေပါပြီ။ စုတ်ပြတ်နေပါပြီ။”
]မင်းကြီး . . .။ မင်းကြီးက ကျွနု်ပ်ရဲ့ အစားအစာအတွက် ပူပန်နေတယ်။ အဝတ်သင်္ကန်းအတွက် ပူပန်နေတယ်။ ရသေ့ရဟန်းဖြစ်သူ ကျွန်ုပ်ကတော့ မပူပန်ပါဘူး။”
“ဒါဆိုရင်လည်း အရှင်ဘုရား . . .။ ဥရုဝေလကို ခြေလျင်သွားရမယ့် ခရီးဟာ ခက်ခဲပင်ပန်းလွန်းပါတယ်။ အရှင်ဘုရားကို စီးတော်ယဉ်နဲ့ လိုက်ပို့ဖို့ တပည့်တော်ရဲ့ မင်းချင်းတွေကို အမိန့်ပေးလိုက်ပါ့မယ် ဘုရား . . .။ ဒါဟာ အရှင်ဘုရားရဲ့ ကြီးမြတ်တဲ့ လုံ့လဥဿာဟကို အထောက်အကူပြုမယ် ထင်ပါတယ် ဘုရား။”
“မပို့ရပါဘူး မင်းကြီး . . .။ ဝိမုတ္တိ ရရှိဖို့ ဖြတ်လမ်းမရှိပါဘူး။ အလွယ်လမ်း မရှိပါဘူး။ ဝိမုတ္တိလမ်းဟာ သဘာဝလမ်း ဖြစ်ပါတယ်။ သဘာဝအတိုင်း လျှောက်လှမ်းရမှာပါ။”
ဗိမ္ဗိသာရမင်းကြီးသည် သိဒ္ဓတ္ထ ရဟန်း၏ ငြင်းပယ်စကားများကို မကျေမနပ် မဖြစ်မိဘဲ အလွန်ပင် ကျေနပ်ဝမ်းမြောက်မိသည်ဖြစ်၍ သိဒ္ဓတ္ထ ရဟန်း၏ ရှေ့မှောက်၌ ဒူးထောက်ထိုင်ချလိုက်ကာ ဒုတိအကြိမ် ရှိခိုးဦးခိုက်လိုက်ပြီး လျှောက်ထား၏။
“သာဓု သာဓု သာဓုပါ အရှင်ဘုရား . . .။ အရှင်ဘုရား အသည်းအသန် ရှာဖွေနေတဲ့ အမြင့်မြတ်ဆုံး ဉာဏ်အလင်းကို ရရှိလိမ့်မယ်လို့ တပည့်တော် သေချာပေါက် ယုံကြည်ပါတယ် ဘုရား။ အောင်မြင်ပြီးမြောက်နိုင်ပါစေ . . .။ သမ္ဗောဓိဉာဏ်ကို ရရှိပြီး ဘုရားဖြစ်တဲ့ အခါမှာ တပည့်တော် သိပါရစေ။ အရှင်ဘုရားကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါတယ် ဘုရား . . .။”
ဒါဆိုရင်လည်း အရှင်ဘုရား . . .။ ဥရုဝေလကို ခြေလျင်သွားရမယ့် ခရီးဟာ ခက်ခဲပင်ပန်းလွန်းပါတယ်။ အရှင်ဘုရားကို စီးတော်ယဉ်နဲ့ လိုက်ပို့ဖို့ တပည့်တော်ရဲ့ မင်းချင်းတွေကို အမိန့်ပေးလိုက်ပါ့မယ် ဘုရား . . .။ ဒါဟာ အရှင်ဘုရားရဲ့ ကြီးမြတ်တဲ့ လုံ့လဥဿာဟကို အထောက်အကူပြုမယ် ထင်ပါတယ် ဘုရား။”
“မပို့ရပါဘူး မင်းကြီး . . .။ ဝိမုတ္တိ ရရှိဖို့ ဖြတ်လမ်းမရှိပါဘူး။ အလွယ်လမ်း မရှိပါဘူး။ ဝိမုတ္တိလမ်းဟာ သဘာဝလမ်း ဖြစ်ပါတယ်။ သဘာဝအတိုင်း လျှောက်လှမ်းရမှာပါ။”
ဗိမ္ဗိသာရမင်းကြီးသည် သိဒ္ဓတ္ထ ရဟန်း၏ ငြင်းပယ်စကားများကို မကျေမနပ် မဖြစ်မိဘဲ အလွန်ပင် ကျေနပ်ဝမ်းမြောက်မိသည်ဖြစ်၍ သိဒ္ဓတ္ထ ရဟန်း၏ ရှေ့မှောက်၌ ဒူးထောက်ထိုင်ချလိုက်ကာ ဒုတိအကြိမ် ရှိခိုးဦးခိုက်လိုက်ပြီး လျှောက်ထား၏။
“သာဓု သာဓု သာဓုပါ အရှင်ဘုရား . . .။ အရှင်ဘုရား အသည်းအသန် ရှာဖွေနေတဲ့ အမြင့်မြတ်ဆုံး ဉာဏ်အလင်းကို ရရှိလိမ့်မယ်လို့ တပည့်တော် သေချာပေါက် ယုံကြည်ပါတယ် ဘုရား။ အောင်မြင်ပြီးမြောက်နိုင်ပါစေ . . .။ သမ္ဗောဓိဉာဏ်ကို ရရှိပြီး ဘုရားဖြစ်တဲ့ အခါမှာ တပည့်တော် သိပါရစေ။ အရှင်ဘုရားကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါတယ် ဘုရား . . .။”
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment