Saturday, July 16, 2011

To Ekari . . . - ဧကရီသို့ . . .



ဝါဆိုလ
ကဲ တရားပွဲ စကြရအောင်။ ၀ါဆိုလပြည့်နေ့မှာ ဘုရားရှင် ပထမဆုံး တရားဟောခဲ့တာ အာလုံးသိကြတယ် မဟုတ်လား။ (သိပါတယ် ဘုရား။) ပါဠိလို ဓမ္မစက္ကပ၀တ္တနသုတ် မြန်မာလို ဓမ္မစကြာတရား ဟောခဲ့တဲ့နေ့မို့ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့လို့ မြန်မာနိုင်ငံမှာ သတ်မှတ်ထားပြီး ဘုရားတွေ ကျောင်းတွေ ဓမ္မာရုံတွေမှာ ဓမ္မစကြာ ရွတ်ကြတယ် မဟုတ်လား။ (ရွတ်ပါတယ် ဘုရား။) ဧကရီတို့ရော ရွတ်ဖူးကြလား။ (ရွတ်ဖူးပါတယ် ဘုရား။) အများနဲ့ ရောရောင်ပြီး ၀ါးလိုက်တာ နေမှာပါလေ။ [တရားနာ ပရိသတ် ပြုံး၏။ တစ်ချို့က သံညှင်းနှင့် ရယ်၏။] (တကယ် ရွတ်တာပါ ဘုရား။) အေးအေး အေး။

နောက်ပြီးတော့ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို”တဲ့။ ကြားဖူးကြလား။ (မကြားဖူးပါ ဘုရား။) (ကြားဖူးပါတယ် ဘုရား။) [တစ်ယောက်တစ်ပေါက် တရားထောက်ကြ၏။] ဆရာတော် တစ်ပါး ပြောသလို လုပ်မှဖြစ်မယ်ထင်တယ်။ “သိတဲ့လူတွေက မသိတဲ့လူတွေကို ပြောပြလိုက်ကြ။ ငါ ဟောစရာ မလိုတော့ဘူး”တဲ့။ [တစ်ချို့ ရယ်ကြပြန်၏။] (အမိန့်ရှိပါ ဘုရား။) အေးပါ။ အေးပါ။ မိန့်မှာပါ။ ဘုရားလောင်း ပဋိသန္ဓေ နေတော်မူတာလည်း ဒီဝါဆိုလပြည့်နေ့။ ဘုရားလောင်း တောထွက်တော်မူတာလည်း ဒီဝါဆိုလပြည့်နေ့။ ဘုရားဖြစ်တဲ့အခါ ဓမ္မစကြာတရားဦး ဟောတော်မူတာလည်း ဒီဝါဆိုလပြည့်နေ့တဲ့။ အဲဒါ ပြောတာ။ ကဲ လိုက်ဆိုကြ။
“သန္ဓေ တောထွက်” (“သန္ဓေ တောထွက်”)
“ဓမ္မစက်” (“ဓမ္မစက်”)
“ဟောမြွက်သံချို” (“ဟောမြွက်သံချို”)
“လ၀ါဆို” (“လ၀ါဆို”)
ကဲ ဆို သုံးခေါက်။
(“သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို”)
(“သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို”)
(“သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လ၀ါဆို”)

အေး . . . အဲဒီလို ဘုရားရှင်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေ ရှိခဲ့လို့ “လမြတ်ဝါဆို…..”တဲ့။ ဘာတဲ့လဲ။ (လမြတ်ဝါဆိုပါဘုရား။) ၀ါဆိုလဟာ မြင့်မြတ်တယ် . . . . . တဲ့။ မမြင့်မြတ်ဘူးလား။ (မြင့်မြတ်ပါတယ်ဘုရား။) ကဲ ၀ါဆိုလအကြောင်း ဒီလောက်ဆို တော်ရောပေါ့။ (မှန်ပါဘုရား။)

ဝါဆိုရခြင်း
ဝါဆိုရခြင်းအကြောင်း အရင်ပြောရအောင်။ ၀ါဆိုတယ်ဆိုတာကတော့ ၀ါတွင်းကာလမှာ သံဃာတော်တွေ တစ်ကျောင်းတစ်နေရာထဲမှာပဲ နေကြရတာ။ ၀ါတွင်းကာလ သုံးလကြာတယ်။ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့ကနေ သီတင်းကျွတ် လပြည့်နေအထိ သုံးလ။ ဒီသုံးလမှာ သံဃာတော်တွေ နေမြဲကျောင်းမှာပဲ နေကြရတယ်။ တစ်ခြားနေရာ ညအိပ်နေ့နေ မသွားရဘူး။ တစ်ခြားကိစ္စတွေ လျှော့ထားပြီး တရားစာပေတွေ ဦးစားပေး သင်ယူကြရတယ်။ ပို့ချကြရတယ်။ တရားအားထုတ်တာတွေ ပိုလုပ်ကြရတယ်။ ဘယ်မှ မသွားရဘူး ဆိုပေမယ့် အရေးကြီးတဲ့ အကြောင်းကိစ္စ ပေါ်လာရင်တော့ သွားလို့ရတယ် . . .တဲ့။ သွားလို့ရတယ် ဆိုပေမယ့်လည်း ခုနစ်အတွင်း ပြန်လာရတာပေါ့။ ခရီးသွားမယ့်အကြောင်း ခုနစ်အတွင်း ပြန်လာမယ့်အကြောင်း ရဟန်းတစ်ပါးပါးကို အသိပေးပြီး သွားရတယ်။ ခွင့်ပန်ပြီး သွားရတယ်။ အဲဒါကို ၀ါပန်တယ်လို့ ခေါ်တယ်။ ရဟန်းတစ်ပါးပါးဆီမှာ မဟုတ်ဘဲ ဘုရားရှေ့မှာလည်း ၀ါပန်လို့ ရတယ်။ နှုတ်နဲ့ဘာမှ မပြောဘဲ ခုနစ်ရက်အတွင်း ပြန်လာမယ်လို့ စိတ်ကူးပြီး သွားရင်လည်း ရတာပဲ။ အရေးကြီးတဲ့ အကြောင်းကိစ္စ ပေါ်လာလို့ ခရီးထွက်သွားပြီး ခုနစ်ရက်အတွင်း ပြန်မလာနိုင်ရင် ၀ါကျိုးတယ်လို့ ခေါ်တယ်။ အရေးကြီးတဲ့ အကြောင်းကိစ္စ မရှိဘဲ သွားတယ်ဆိုရင်လည်း ၀ါကျိုးတာပဲ။ ၀ါမဆိုရင်လည်း ၀ါကျိုးတာပဲ။ ၀ါပျက်တာပဲ။ ၀ါမအောင်ဘူး။ ၀ါဆိုတာ မအောင်မြင်ဘူးပေါ့။ ဟုတ်လား။ (မှန်ပါဘုရား။) ဒီနေရာမှာ ရဟန်းတော်တွေရဲ့ ရဟန်းသက်ကိုလည်း ၀ါလို့ ပြောကြတယ်။ ရဟန်းခံတဲ့နှစ်က စပြီး ရေတွက်ရတာ။ “အရှင်ဘုရား ဘယ်နှဝါ ရပြီလဲ”လို့ မေးကြသလိုပေါ့။ အသက်နှစ်ဆယ်မှာ ရဟန်းခံတော့ ၀ါနှစ်ဆယ်ဆိုရင် အသက်လေးဆယ်ပေါ့။ စောစောက ပြောခဲ့သလို ၀ါကျိုးတယ် ၀ါပျက်တယ် ဆိုရင်လည်း ရဟန်းသက်ကတော့ လျော့မသွားဘူး။ ၀ါကျိုးလည်း ရဟန်းသက်ကတော့ တစ်နှစ်ဟာ တစ်နှစ်ပဲ။ တစ်ဝါဟာ တစ်ဝါပဲ။ အပြစ်အနေနဲ့ကတော့ အဓိကအားဖြင့် ၀ါကျိုးတဲ့ ရဟန်းဟာ ၀ါကျွတ်တဲ့အခါ ကထိန်ခင်းကြပြီဆိုရင် ကထိန်သင်္ကန်း အလှူမခံရတော့ဘူး။ ဒဏ်ခတ်တဲ့ သဘောပေါ့။

အရေးကြီးတဲ့ အကြောင်းကိစ္စ ပေါ်လာရင် ခုနစ်ရက်အတွင်း ခရီးသွားကောင်းတယ် ဆိုတဲ့နေရာမှာ . . . ဆိုပါစို့။ ရဟန်းတစ်ပါးဟာ မိဘနဲ့ တစ်မြို့တစ်ရွာစီ ခွဲနေရတယ်။ မိဘမကျန်းမာရင် အဲဒီရဟန်းဟာ မိဘရှိတဲ့ဆီ သွားကောင်းတယ်။ ဥပဇ္ဈာယ်ဆရာ [ရဟန်းခံပေးတဲ့ ဆရာဘုန်းကြီး] မကျန်းမာရင်လည်း သွားကောင်းတယ်တဲ့။ ကျေးဇူးရှင်တွေကိုး။ (မှန်ပါဘုရား။)

အဲဒီလို ခရီးသွားကောင်းတဲ့ အကြောင်းတွေ ရှိတဲ့အထဲမှာ လူတွေသိထားသင့်တာ ရှိတယ်။ “ဒါတုံ သောတုံ ပဿိတုံ”တဲ့။ “တုံသုံးတုံ”လို့ ခေါ်ကြတယ်။ ဘာတဲ့လဲ။ (တုံသုံးတုံပါ ဘုရား။) ဒါတုံ ဆိုတာ လှူဖို့ရန် . . . တဲ့။ ဒကာဒကာမတွေက လှူချင်တန်းချင်လို့ တစ်ခြားမြို့ရွာမှာရှိတဲ့ ရဟန်းတစ်ပါးပါးကို ပင့်တယ်ဆိုရင် ၀ါတွင်းမှာလည်း ခုနစ်ရက်ခရီး ကြွကောင်းတယ်လို့ ပြောတာ။ သောတုံဆိုတာ နာဖို့ရန်။ တရားနာချင်လို့ ပင့်ဖိတ်တာ။ ပဿိတုံ ဆိုတာကတော့ ဖူးမြင်ရန်။ ဖူးချင်လို့ မြင်ချင်လို့ ပင့်တာ။ အဲဒီလို အကြောင်းသုံးမျိုးနဲ့ ဒကာဒကာတွေက ပင့်ဖိတ်ရတယ်။ စာရေးပြီး ပင့်ဖိတ်တယ် ဆိုပါစို့ အကြောင်းပြချက်ကို ထည့်ရေးပြီး ပင့်ရတယ်။ နှုတ်နဲ့ ပင့်ရင်လည်း အကြောင်းပြချက် ထည့်လျှောက်ရတယ်။ ဒါကိုပဲ တုံခံပြီး ပင်တယ်လို့ ပြောကြတယ်။ ၀ါတွင်းကာလမှာ အဝေးက ဆရာတော်ကို ပင့်တတ်အောင် မှတ်ထားကြပေါ့။ (မှန်ပါဘုရား။)

ကဲ သံပေါက်လိုက်ဆို ကြရအောင်။
“၀ါတွင်းအခါ” (“၀ါတွင်းအခါ”)
“မြတ်သံဃာ” (“မြတ်သံဃာ”)
“ပင့်ပါလေကုန်ကြ” (ပင့်ပါလေကုန်ကြ”)
ကဲ သုံး . . . ခေါက်။
(“၀ါတွင်းအခါ၊ မြတ်သံဃာ၊ ပင့်ပါလေကုန်ကြ။”)
(“၀ါတွင်းအခါ၊ မြတ်သံဃာ၊ ပင့်ပါလေကုန်ကြ။”)
“(၀ါတွင်းအခါ၊ မြတ်သံဃာ၊ ပင့်ပါလေကုန်ကြ။”)

“လှူရန် နာရန်” (“လှူရန် နာရန်”)
“ဖူးဖို့ရန်” (“ဖူးဖို့ရန်”)
“သံဃံ ပင့်ကုန်ကြ” (“သံဃံ ပင့်ကုန်ကြ”)
သုံး . . . ခေါက်။
(“လှူရန် နာရန်၊ ဖူးဖို့ရန်၊ သံဃံ ပင့်ကုန်ကြ။”)
(“လှူရန် နာရန်၊ ဖူးဖို့ရန်၊ သံဃံ ပင့်ကုန်ကြ။”)
(“လှူရန် နာရန်၊ ဖူးဖို့ရန်၊ သံဃံ ပင့်ကုန်ကြ။”)

“ဒါတုံ သောတုံ” (“ဒါတုံ သောတုံ”)
“ပဿိတုံ” (“ပဿိတုံ”)
“ပင့်ပါလေကုန်ကြ” (“ပင့်ပါလေကုန်ကြ”)
(“ဒါတုံ သောတုံ၊ ပဿိတုံ၊ ပင့်ပါလေကုန်ကြ။”)
(“ဒါတုံ သောတုံ၊ ပဿိတုံ၊ ပင့်ပါလေကုန်ကြ။”)
(“ဒါတုံ သောတုံ၊ ပဿိတုံ၊ ပင့်ပါလေကုန်ကြ။”)

အဲဒီလို ၀ါတွင်းကာလမှာ အကြောင်းထူး မရှိဘဲ ခရီးမသွားရတာ ဘာကြောင့်လဲ။ စောစောပိုင်းကတော့ ရဟန်းတော်တွေ တစ်နှစ်လုံး သွားချင်တဲ့အချိန် သွားနိုင်ကြတယ်။ ရှေးကတော့ ရဟန်းတော်တွေ သာသနာ ပြုကြတယ် ဆိုတာလည်း အရပ်တကာ ကုန်းကြောင်းလျှောက် လှည့်သွားကြရတာကိုး။ အဲဒီလို သွားနေကြတော့ မိုးတွင်းကာလ ရောက်တဲ့အခါ လယ်ကွင်းတွေ စိုက်ခင်းတွေ ဖြတ်ပြီး သွားကြရတယ် . . . တဲ့။ အသီးတွေ အပင်တွေ အနည်းနဲ့အများ နင်းမိတာပေါ့။ ပျက်စီးတာပေါ့။ မပျက်ပေဘူးလား။ (ပျက်ပါတယ် ဘုရား။) အဲဒီတော့ လယ်သမားတွေက မကျေနပ်ကြဘူး။ ခရီးသွား သံဃာတော်တွေကို အပြစ်တင်ကြတယ်။ ကဲ့ရဲ့ကြတယ်။ လယ်သမားတွေကို ငဲ့ပြီး ဘုရားရှင်က ရဟန်းတွေ ၀ါဆိုကြရမယ်လို့ အမိန့်ထုတ်လိုက်တာ။ အဲဒီအချိန်က စပြီး ရဟန်းတော်တွေ မိုးတွင်းကာလ ခရီးမသွားကြရတော့ဘူး။ ဒါကတော့ ၀ါဆိုရခြင်း အကြောင်းပေါ့။

ခုခေတ် ခရီးသွားရင် လယ်ကွင်းတွေ စိုက်ခင်းတွေ ဖြတ်လျှောက်စရာ မလိုတော့ပေမယ့် အစဉ်အလာအရ ၀ါဆိုကြရတယ်။ ၀ါဆိုလိုက်တဲ့အတွက် ၀ါတွင်းမှာ ခရီးသွားတဲ့ကိစ္စ လျော့သွားတော့ စာချစာသင် တရားပြ တရားအားထုတ် အလုပ်တွေကို ပိုပြီး အာရုံစိုက်နိုင်တာပေါ့။ မဟုတ်ဘူးလား။ (ဟုတ်ပါတယ် ဘုရား။)

ဒီလို ၀ါဆိုတဲ့ ဒီအစဉ်အလာဟာ ဂျိန်းဘာသာကနေ ယူထားတာ။ ဘယ်ကနေ ယူတာလဲ။ (ဂျိန်းဘာသာကနေ ယူတာပါဘုရား။) ဂျိန်းဘာသာဟာ ခုခေတ်လည်း အိန္ဒိယမှာ ရှိသေးတယ်။ ဂျိန်းဘုန်းကြီးတွေဟာ သင်္ကန်းမ၀တ်ကြဘူး။ ကိုယ်တုံးလုံး နေကြတယ်။ အနှောင်အတွယ် ကင်းအောင် ကိလေသာ နည်းအောင်လို့ . . .တဲ့။ သူတို့ဟာနဲ့ သူတို့တော့ ဟုတ်နေတာပေါ့။ အဲဒီ ဂျိန်းဘုန်းကြီးတွေဟာ မိုးတွင်းကာလမှာ သူတို့ကျောင်းမှာပဲ နေကြတယ်။ ခရီးမသွားကြဘူး။ လူတွေက မိုးတွင်းမှာ ခရီးသွားကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဂျိန်းဘုန်းကြီးတွေနဲ့ နှိုင်းပြီးတော့ ကဲ့ရဲ့ကြတာပေါ့။ ဂျိန်းဘုန်းကြီးတွေများ မိုးတွင်းဆို ငြိမ်လို့။ ကျောင်းထဲမှာပဲ နေကြတယ်။ ဘယ်မှ မသွားကြဘူး။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကတော့ မဟုတ်ပေါင်။ မိုးတွင်းကြီးလည်း လျှောက်သွားနေကြတာ။ ငါတို့ ကောက်ပဲသီးနှံတွေလည်း နင်းချေတွန်းတိုက် သွားကြတာပဲ။ မစွံပါဘူး ပေါ့လေ။ အဲဒါကြောင့် ရဟန်းတော်တွေကို ဘုရားရှင်က ၀ါဆိုကြလို့ စည်းကမ်းထုတ်လိုက်တာ . . .တဲ့။ ဟုတ်ပြီလား။ (မှန်ပါဘုရား။)

ဝါဆိုသင်္ကန်း ကပ်လှူရခြင်း
ကဲ နောက်ဆုံး ၀ါဆိုသင်္ကန်း ကပ်လှူတာ ပြောရအောင်။ ၀ါဆိုသင်္ကန်း ဆိုတာလည်း ရိုးရိုးသင်္ကန်းပါပဲ။ ၀ါဆိုကြတဲ့ ၀ါကပ်ကြတဲ့ ရဟန်းတော်တွေကို လှူတော့ ၀ါဆိုသင်္ကန်းပေါ့။ စောစောက ပြောခဲ့သလို ၀ါတွင်းမှာ သဃံတော်တွေ ခရီးသွားတဲ့ကိစ္စ လျှော့ထားပြီးတော့ စာချစာသင် တရားပြ တရားအားထုတ် အလုပ်တွေကို ပိုပြီး အာရုံစိုက်နေကြချိန်မှာ သင်္ကန်းနဲ့ ပတ်သက်လို့ မပူပင်ရအောင် လှူတာ။ ကူညီတာ။ ပံ့ပိုးတာ။ သာသနာပြုတာပေါ့။

အထူးသဖြင့် သာသနာတော် တည်ထောင်ခါစ တုန်းကတော့ ရဟန်းတော်တွေ ၀တ်ကြတာက ပံသုကူသင်္ကန်းတဲ့။ ဘာသင်္ကန်းလဲ။ (ပံသုကူသင်္ကန်းပါ ဘုရား။) ပါဠိလို နာမည်အပြည့်အစုံက ပံသုကူလိက။ ပံသုဆိုတာ မြေမှုန့်။ ဖုံမှုန့်။ ကူလိက ဆိုတာ ပေကျံနေတာ။ ညစ်ပတ်နေတာ။ ဖုံတွေနဲ့ ညစ်ပတ်နေတဲ့ အ၀တ်စတွေကို အမှိုက်ပုံတွေထဲကနေ လိုက်ကောက်။ သုဿာန်သင်္ချိုင်းတွေမှာ လိုက်ကောက်။ အဲဒီ အ၀တ်စတွေကို လျှော်ဖွတ်ပြီး စုစပ်ချုပ်။ နောက်ဆုံး သစ်ခေါက်ပြုတ်ရည်နဲ့ ဆေးဆိုး။ ဒါတွေအားလုံး ရဟန်းတော်တွေ ကိုယ်တိုင် လုပ်ကြရတာ။ အဲဒါ ပံသုကူသင်္ကန်းဆိုတာ ဖြစ်ရော။ ဒီနေ့ လူတွေပြောပြောနေတဲ့ ပံ့သကူ ပံ့တကူ (ပံသုကူ) ဆိုတာတွေဟာ ဒီယဉ်ကျေးမှုကနေ လာတာ။ ပံသုကူ ပစ်ကြတယ်။ ပံသုကူ ကောက်ကြတယ်။ သင်္ကန်းချုပ်ဖို့ အ၀တ်စတွေ လိုက်ကောက်တဲ့ ရဟန်းတော်တွေ တွေ့ပါစေဆိုပြီး လူတွေက အ၀တ်စတွေ တမင်သက်သက် ချပစ်ခဲ့ကြတယ် . . .တဲ့။ တိုက်ရိုက်လှူရင် မယူကြဘူး ရဟန်းတော်တွေက။ လောဘထိန်းကြတာပေါ့။

ဘုရားရှင် ၀ါတော်နှစ်ဆယ် [ဘုရားဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်] ရတဲ့အချိန်ကစပြီး ဂဟပတိစီဝရဆိုတာကို ခွင့်ပြုခဲ့တယ်။ ဂဟပတိဆိုတာ အိမ်ရှင်။ လူတွေကို ပြောတာ။ စီဝရဆိုတာ သင်္ကန်း။ လူတွေလှူတဲ့ သင်္ကန်း။ ဂဟပတိစီဝရတဲ့။ ဘာတဲ့လဲ။ (ဂဟပတိစီဝရပါ ဘုရား။) အခါတစ်ပါးမှာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး စမြင်းဒေါသခံနေတယ် . . .တဲ့။ အရပ်စကားနဲ့ဆို ၀မ်းချုပ်တယ်ပေါ့။ အဲဒါကို သမားတော် ဇီဝက ကုပေးရတယ်။ ဆရာ ဇီဝကက ဆေးကုခ အနေနဲ့ မြတ်စွာဘုရားဆီက အခွင့်အရေးတစ်ခု တောင်းဆိုတယ်။ သူ့အတွက် မဟုတ်ဘူး။ သံဃာတော်တွေအတွက်။ ဘယ်သူ့အတွက်လဲ။ (သံဃာတော်တွေ အတွက်ပါ ဘုရား။) တပည့်တော် သံဃာတော်တွေကို သင်္ကန်းလှူခွင့် ပေးတော်မူပါဘုရား . . .တဲ့။ သံဃာတော်တွေ ကိုယ်တိုင် အ၀တ်စတွေ လိုက်ကောက်ပြီး သင်္ကန်းချုပ် ၀တ်ကြတာကို ဆရာဇီဝက သနားသွားတာပေါ့။

သင်္ကန်းဒီဇိုင်းကတော့ မြတ်စွာဘုရား အကြံပေးတဲ့အတိုင်း အရှင်အာနန္ဒာ ဆွဲခဲ့တာ။ တစ်နေ့မှာ မြတ်စွာဘုရားနဲ့ အရှင်အာနန္ဒာ သွားရင်းလာရင် မဂဓလယ်ကွင်း ရောက်သွားကြတယ်။ မြတ်စွာဘုရားက အရှင်အာနန္ဒာကို အမိန့်ရှိတယ်။ အာနန္ဒာ . . . လယ်ကွင်းကြီး ကြည့်လိုက်စမ်း။ ရေသွင်းမြောင်းတွေ ရေနှုတ်မြောင်းတွေ ဘောင်တွေ ကန်သင်းတွေနဲ့။ အဲဒီတိုင်း သင်္ကန်းချုပ်ရရင် မကောင်းဘူးလား။ အာနန္ဒာ ကြီးကြပ်ပြီး စီစဉ်နိုင်မလား . . .တဲ့။ ဖြစ်ပါတယ်ဘုရားပေါ့။ သံဃာ့ဂုဏ်တော် ကိုးပါးထဲမှာ အနုတ္တရံ ပုညက္ခေတ္တံ လောကဿဆိုတာပါတယ်။ အဓိပ္ပာယ်က သံဃာတော်တွေဆိုတာ လူတွေရဲ့ ကုသိုလ်ကောင်းတည်းဟူသော မျိုးစေ့တွေ စိုက်ပျိုးကြဲချရာ လယ်ရာမြေကောင်းနဲ့ တူတယ် . . .တဲ့။ သံဃာတော်တွေက ဘာနဲ့ တူတာလဲ။ (လယ်ယာမြေကောင်းနဲ့ တူတာပါ ဘုရား။) သံဃာဆိုတာ လယ်နဲ့တူလို့ သံဃာဝတ်တဲ့ သင်္ကန်းကို လယ်နဲ့တူအောင် လုပ်ထားတာ။

အဲဒီအချိန်ကစပြီး ရဟန်းတော်တွေ ကိုယ်တိုင် အ၀တ်စတွေ လိုက်ကောက်ပြီး သင်္ကန်းချုပ်စရာ မလိုတော့ဘူး။ လူတွေလှူတာ လက်ခံလိုက်ရုံပဲ။ ဒီနေ့ခေတ်တော့ လူတွေတောင် ချုပ်စရာမလိုတော့ဘူး။ အလှူရှင်တွေ ချုပ်စရာ မလိုတော့ဘူး။ သင်္ကန်းကုန်သည်တွေ သင်္ကန်းပွဲစားတွေ ပေါ်လာတာကိုး။

အဲဒီလို သင်္ကန်းလှူကြတော့ အခါအားလျော်စွာ လှူကြတာပေါ့။ မွေးနေ့ကို အကြောင်းပြုပြီး သင်္ကန်းလှူကြတယ်။ မင်္ဂလာဆောင်တော့ အိမ်ထောင်ဦးသင်္ကန်း ကပ်ကြတယ်။ အမျိုးမျိုး ကပ်ကြတာပေါ့။ မကပ်ကြဘူးလား။ (ကပ်ကြပါတယ် ဘုရား။) ၀ါတွင်းကာလ ၀တ်ဖို့လှူတဲ့ သင်္ကန်းကို ဘာခေါ်သလဲ။ (၀ါဆိုသင်္ကန်း ခေါ်ပါတယ် ဘုရား။)

ဒီလောက်ဆို ပြည့်စုံပါပြီ။ တရားပွဲ သိမ်းကြစို့ . . . . .။

(သာ . . .ဓု။ သာ . . . ဓု။ သာ . . . ဓုပါ အရှင်ဘုရား . . .)

:)
ရှင်အာစာရ

စကားကြွင်း။  ။ ဓမ္မပူဇာ န၀ကမ္မ၀တ္ထုငွေ ၃၅၂၃၅၀၆ (သုံးဆယ့်ငါးသိန်း နှစ်သောင်း သုံးထောင့် ငါးရာ့ ခြောက်)ကျပ်ကို နိဗ္ဗာန်ဆော် ကပ္ပိယကာရိကာမ ဧကရီဆီမှာ ယုံယုံကြည်ကြည် အပ်နှံထားလိုက်ပါတယ်။ အလွဲသုံးစား မလုပ်မိပါစေနဲ့။

ဆက်စပ်ဖတ်ရှုရန် -

No comments:

Post a Comment