Monday, July 18, 2011

Dhammacakka - ဓမ္မစကြာ


မဟာစည် ဆရာတော်ကြီး၏ အသံလွှင့်တရား ဖြစ်ပါသည်။ ဤတရားတော်၌ ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်ဖြစ်သော သစ္စလေးပါးကို ဟောတော်မူထားပါသည်။ မဂ္ဂသစ္စာကို မဇ္ဈိမပဋိပါဒါ (အလယ်အလတ်အကျင့်မြတ်၊ အလယ်အလတ်လမ်း) ဟူသော အမည်ဖြင့် အကျယ်ဟောထားပါသည်။ အသံလွှင့်တရားဖြစ်၍ အကျဉ်းဟောရသောကြောင့် (မဂ္ဂသစ္စာ) မဂ္ဂင်ရှစ်ပါးအနက် အဓိကျသော သမ္မာဒိဋ္ဌိကိုသာ အကျယ်ဟောထားပါသည်။ ကံ ကံ၏အကျိုးကို ယုံကြည်သည့် ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ကုသိုလ်တရား အားလုံးတို့၏ အရင်းအမြစ်ဖြစ်ပုံ၊ နိဗ္ဗာန်ရောက်ကြောင်း တရားဖြစ်ပုံတို့ကို မိန့်တော်မူပါသည်။ ရူပဈာန် အရူပဈာန်တို့နှင့်ယှဉ်သော ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိဟု ခေါ်ဆိုကြောင်း၊ ၎င်း ဈာနသမ္မာဒိဋ္ဌိနှင့် ကမ္မဿကတာသမ္မာဒိဋ္ဌိတို့သည် အရေးအကြီးဆုံး “မူလမဂ္ဂင်”များဖြစ်ကြောင်း မိန့်တော်မူပါသည်။ ၀ိပဿနာသမ္မာဒိဋ္ဌိသည် မဂ်ဉာဏ်၏ ရှေ့ပြေးဖြစ်သောကြောင့် ပုဗ္ဗဘာဂမဂ္ဂင်မည်ကြောင်း မိန့်တော်မူပါသည်။ ဒွါရခြောက်ပါး၌ ထင်ပေါ်လာသမျှ ရုပ်နာမ်တို့ကို ရှုမှတ်၍ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိသည့်ဉာဏ်သည် ၀ိပဿနာဉာဏ်မည်ကြောင်း မိန့်တော်မူပါသည်။ ဒွါရခြောက်ပါး၌ ထင်လာသမျှကို ရှုမှတ်လျှင် မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကို ကျင့်သုံးသည်မည်ကြောင်း မိန့်တော်မူပါသည်။

----------

ဓမ္မစကြာတရားတော်ကြီး (အကျဉ်း)

(၁၃၁၉-ခုနှစ် ဝါဆိုလပြည့်နေ့ ညတွင် မဟာစည်ဆရာတော်ဘုရားကြီး ဟောတော်မူသည်)

ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ရှိခိုးပါ၏။

နိဒါန်း

ဒီကနေ့ဟာ (ဓမ္မာစကြာ တရားတော်ကြီးကို စတင်ပြီးဟောခဲ့တဲ့ နေ့ကစ၍ ရေတွက်လျှင် ၂၅၄၆-နှစ်မြောက်) ဓမ္မစကြာအခါတော်နေ့ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ဓမ္မစကြာ အခါတော် အထိမ်းအမှတ်အဖြစ်ဖြင့် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားမယ်။ ဒီတရားတော်ကြီးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၄၆-နှစ်က ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် စတင်ပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော်ကြီးကို ပါဠိဘာသာဖြင့် “ဓမ္မစက္ကပဝတ္တန”လို့ ခေါ်ပါတယ်။ “တရားစက်ဘီးကို စတင်ပြီးလည်စေတဲ့ တရားတော်” လို့ ဆိုလိုပါတယ်။ စတင်လည်စေပုံကို ထင်ရှားသိပြီး ကြည်ညိုရအောင် ရှေးဦးစွာ ဒီတရားတော်၏ရဲ့ နိဒါန်း အကြောင်းအတ္ထုပ္ပတ္တိကို အကျဉ်းချုပ် ဖော်ပြပါဦးမယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလောင်းတော်ဟာ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း ကာလပတ်လုံး ဗုဒ္ဓဘုရားဖြစ်ရန်အတွက် ပါရမီတွေကို ဖြည့်ကျင့်ဆည်းပူးခဲ့ပါတယ်။ ဒီလို ပါရမီဖြည့်လို့ ပြည့်စုံတဲ့အခါ နောက်ဆုံးဘဝမှာ လွန်ခဲ့တဲ့ ၂၅၈၁-နှစ်က ကပိလဝတ်ပြည့်ရှင် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မာယာဒေဝီတို့ရဲ့ သားတော် “သိဒ္ဓတ္ထ”မည်တဲ့ မင်းသားဖြစ်ခဲ့ပါတယ်။ ထိုစဉ်ကာလက ကပိလဝတ်ခေါ်တဲ့ တိုင်းပြည်ရဲ့ တည်နေရာ ဒေသကတော့ ယခုခေတ်အခါမှာ အိန္ဒိယပြည်၏ မြောက်ဘက်နယ်စပ် နီပေါပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓိတ္ထ မင်းသားကလေး ၁၆-နှစ် အရွယ်ရောက်သောအခါမှာ မယ်တော် ခမည်းတော်များက ယသော်ဓရာခေါ်တဲ့ မင်းသမီးကလေးနှင့် လက်ထပ်ထိမ်းမြားပြီး အင်မတန်ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားစေခဲ့ပါတယ်။ အသက်တော် ၂၉-နှစ် အရွယ်သို့ ရောက်တဲ့အခါမှာ သူအို သူနာ  သူသေ  ရဟန်းဆိုတဲ့ နိမိတ်ကြီး ၄-ပါးကို တွေ့မြင်ရတဲ့အတွက် အိုတတ် နာတတ် သေတတ်တဲ့ လောကကြီးကို အရွံကြီး ရွံမုန်းစက်ဆုပ်ပြီး အလွန်ပင် သံဝေဂတရား ရတော်မူခဲ့ပါတယ်။ ဒါကြောင့် လူဘောင်မှ ထွက်ခွာပြီး ရဟန်းပြုကာ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ နိဗ္ဗာန်တရားကို ရှာမှီးတော်မူခဲ့ ပါတယ်။ ဥရုဝေလ တောအရပ်မှာ “ဒုက္ကရစရိယာ” ခေါ်တဲ့ အကျင့်များကိုလည်း ကျင့်သုံးနေခဲ့ပါတယ်။
ဒုက္ကရစရိယာအကျင့်

ကျင့်သုံးပုံကတော ထွက်သက် ဝင်သက်များကို လုံးဝမထွက်ရ မဝင်ရအောင် အောင့်ချုပ်ပြီးတော့လည်း ကျင့်ခဲ့ပါတယ်။ သို့ပေမယ့် ဒီလိုကျင့်တဲ့အတွက် ဘယ်လိုအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။ ပြီးတော့ အစာကိုလည်း ဖြတ်တောက်ပြီးတော့ ခြိုးခြံစွာ ကျင့်ခဲ့ပါတယ်။ တနေ့လျှင် ပဲပြုပ်ရေ လတ်တစ်ဆွမ်းမျှကိုသာ သုံးဆောင်ပြီးတော့လည်း နေခဲ့ပါတယ်။ ဒီလိုအစာကို ဖြတ်တောက်ပြီး ကျင့်တဲ့အတွက်လည်း ဘာအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။ ဒီလို ကိုယ်ပင်ပန်းအောင် ကျင့်ရတဲ့ အကျင့်မျိုးတွေကတော့ ထိုစဉ်ကာလက အိန္ဒိယနိုင်ငံ တဝှမ်းလုံးမှာ အကျင့်ကောင်း အနေနဲ့ ခေတ်စားနေတဲ့ “အတ္တကိလမထာနုယောဂ” အကျင့်တွေပါပဲ။ ယခုလည်း ဒီအကျင့်မျိုးတွေဟာ အချို့ ဘာသာဝင်တွေထဲမှာ ခေတ်စားနေတုန်းပါပဲ။

ဘုရားအလောင်းတော်မှာ ဒီလို ၆-နှစ်တိုင်တိုင် ကျင့်လို့ ဘာမျှ အကျိုးထူး မပေါ်တဲ့ အခါမှာ ဒုက္ကရစရိယာ အကျင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။ အာနာပါနဈာန်ကို ပွားနိုင်စေရန်အတွက် ကာယဗလအင်အား ပြည့်စေရန် အစာအာဟာရကို ပြန်လည် သုံးဆောင်ခဲ့ပါတယ်။

ထိုစဉ်အခါက ပဉ္စဝဂ္ဂီခေါ်တဲ့ ပုဂ္ဂိုလ်ငါးဦးဟာ ဘုရားအလောင်း ဘုရားဖြစ်တဲ့အခါ တရားဦးနာရန် ရည်ရွယ်ပြီး ဘုရားအလောင်းထံမှာ ဝတ်ကြီးဝတ်ငယ် ပြုစုနေကြပါတယ်။ ဘုရားအလောင်း အစာအာဟာရ ပြန်လည်သုံးဆောင်တာကို မြင်ရတော့ “ပဓာန” အလုပ်က ထွက်တယ်။ ဘုရား မဖြစ်နိုင်တော့ဘူးလို့ အထင်မှားပြီးတော့ သူတို့က ဘုရားအလောင်း အပေါ်မှာ မျှော်လင့်ချက် မရှိဘဲ ဖြစ်သွားကြပါတယ်။ ဒါကြောင့် အဲဒီ ပဉ္စဝဂ္ဂီ ငါးဦးဟာ ဘုရားအလောင်းကို စွန့်ပစ်ခဲ့ပြီး ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သွားရောက်နေထိုင်ကြပါတယ်။

ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

ဘုရားအလောင်းတော်လည်း အစာအဟာရသုံးဆောင်လို့ ကာယဗလ အားရှိတဲ့ အခါမှာ “အာနာပါနဈာန်”များကို ဖြစ်ပွားစေပါတယ်။ ထို့နောက် ယခု ဗုဒ္ဓဂယာခေါ်တဲ့ နေရာတွင် “ဗောဓိညောင်ပင်ကြီး” အောက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ အကြောင်းအကျိုး အဆက်ဆက် ပဋိစ္စသမုပ္ပါဒ် တရားများကို ဆင်ခြင်ပြီးတော့ ဥပါဒါနက္ခန္ဓာ ငါးပါး ရုပ်နာမ် တရားတို့၏ အဖြစ်အပျက်ကို ဝိပဿနာရှုသဖြင့် သစ္စာလေးပါး တရားအလုံးစုံကို အကုန်သိမြင်တော်မူတဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဒီလိုဘုရားဖြစ်တော်မူပြီးတဲ့နောက် ဝိမုတ္တိသုခခေါ်တဲ့ ဖလသမာပတ် ချမ်းသာကို ခံစားတော်မူကာ ၇-ပါးသော ဌာနတို့၌ ၇-ရက်စီ အားလုံးပေါင်း ၄၉-ရက် သီတင်းသုံး နေတော်မူခဲ့ပါတယ်။

တရားဦးဟောရန် ကြွချီတော်မူခြင်း

ဒီလို နေတော်မူပြီးတဲ့ အခါမှာ တရားဦး ဟောရန်အတွက် ပဉ္စဝဂ္ဂီတို့၏နေရာ မိဂဒါဝုန်တောသို့ ကြွချီတော်မူခဲ့ပါတယ်။ ဗုဒ္ဓဂယာမှ မိဂဒါဝုန်တောအထိ ၁၈-ယူဇနာ ဝေးကွာတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။ ယခုခေတ် ရထားလမ်းမိုင်အားဖြင့် ဆိုလျှင် ၁၄၂-မိုင် ရှိတယ်လို့ ဆိုထားပါတယ်။ ပဉ္စဝဂ္ဂီတို့၏ နေရာသို့ ရောက်တဲ့အခါ အသင့်ခင်းထားတဲ့ နေရာမှာ ထိုင်နေတော်မူပါတယ်။ ဒီလိုထိုင်နေတဲ့ အခါမှာ ပဉ္စဝဂ္ဂီတို့က ဘုရားဖြစ်လာမှန်း မသိကြသေးတဲ့အတွက် “ငါ့ရှင်ဂေါတမ ငါ့ရှင် ဂေါတမ”လို့ ရှေးကလိုပင် ပြောနေကျအတိုင်း မရိုမသေ သူငယ်ချင်းပြော ပြောဆိုနေကြပါတယ်။

တရားနာရန် ညွှန်ကြားခြင်း

ဒါကြောင့် မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့ အကြောင်းကို ထုတ်ဖော်ပြီး တဲ့တိုးပဲ မိန့်ကြားတော်မူရပါတယ်။ မိန့်ကြားပုံကတော့ ပဉ္စဝဂ္ဂီ ရဟန်းတို့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားကို ငါ့ရှင်ဟူ၍ မခေါ်ကြနဲ့။ ဂေါတမဟူ၍လည်း အမည်ထုတ်ပြီး မခေါ်ကြနဲ့။ ရဟန်းတို့ . . . ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ တရားအားလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာသိတဲ့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ဘုရားစင်စစ် ဖြစ်လာပြီ။ နားစိုက်ကြလော့ “သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်” ကို ငါသိလာပြီ။ သင်တို့အား ငါ သွန်သင်ညွှန်ပြပေးမည်။ တရားတော်ကို ငါဟောမည်။ သွန်သင်ညွှန် ပြတဲ့အတိုင်း လိုက်နာ၍ ကျင့်သုံးကြမယ်ဆိုလျှင် သင်တို့ဟာ ရဟန်းပြုခြင်းရဲ့ ရည်မှန်းချက် အကျိုးလည်းဖြစ် အကျင့်မြတ်ရဲ့ အဆုံးပန်းတိုင်လည်းဖြစ်တဲ့ အမြင့်ဆုံးတရားကို ယခုဘဝ မကြာခင် အတွင်းမှာပဲ သင်တို့ ကိုယ်တိုင်ပင် မျက်မှောက်တွေ့ပြီး နေကြရပါလိမ့်မယ်လို့ ဒီလို ရဲရဲကြီး ဝန်ခံချက်ပေးပြီး မိန်ကြားတော်မူပါတယ်။

ဒီလိုမြတ်စွာဘုရားက တဲ့တဲ့ကြီး ပြောပြပေမယ့်လို့ ပဉ္စဝဂ္ဂီ ငါးဦးတို့က မရိပ်မိကြသေးဘူး။ ဒါကြောင့် သူတို့က ဒီလို ပြန်လှန်ပြီး ကန့်ကွက်ပြောဆိုကြပြန်တယ်။ “ငါ့ရှင်ဂေါတမ . . . သင်ဟာ ဟိုတုန်းက အစာကိုဖြတ်ပြီး ဒုက္ကရစရိယာ အကျင့်ကို ကျင့်နေတာတောင်မှ ပကတိ လူသာမန် တရားထက် သာလွန် ထူးမြတ်တဲ့ အရိယာဉာဏ် အမြင်တရားထူးကို မရခဲ့ဘူး မဟုတ်လား။ ဒီတော့ ယခုလို ပဓာနလုပ်ငန်းက ထွက်ပြီး ပစ္စည်းများအောင် အားထုတ်နေတဲ့အခါမှာ အရိယာအမြင် တရားထူးကို ဘယ်မှာ ရနိုင်ပါ့မလဲ”လို့ ဒီလို ကန့်ကွက် ပြောဆိုကြပြန်တယ်။

ဒီတော့ မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို သုံးကြိမ်တိုင်တိုင် ထပ်မံပြီး မဟာကရုဏာ တော်ဖြင့် မိန့်ကြားတော်မူပါတယ်။ ပဉ္စဝဂ္ဂီတို့ကလည်း သုံးကြိမ်စလုံးပဲ ကန့်ကွက်နေကြပြန်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက သတိပေးတဲ့ အနေနဲ့ “ပဉ္စဝဂ္ဂီတို့ စဉ်းစားကြလော့။ ရှေးအခါက ငါ ဒီလိုပြောဖူးတာကို သင်တို့ကြားဖူးပါသလား”လို့ မေးတော်မူလိုက်တယ်။ ဒီတော့မှ ပဉ္စဝဂ္ဂီတို့က သိတိရသွားကြတယ်။

ဟို ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းကတော့ ဘုရားမဖြစ်သေးလို့ ဘာမျှ မပြောခဲ့ပေဘူး။ ယခုပြောတာကတော့ တကယ့်ကို ဘုရားဖြစ်လာလို့ ပြောတာ ဟုတ်ပေလိမ့်မယ်လို့ သဘောပေါက်ပြီးတော့ ဟိုတုန်းက ဒီလို မပြောခဲ့ဖူးကြောင်း ပြန်ကြား လျှောက်ထားကြပါတယ်။ ဆက်လက်ပြီး မိန့်ကြားမယ့် တရားကို နာကြားရန်လည်း ရိုရိုသေသေ နားစိုက်နေကြပါတယ်။ ထို အခါမှာ မြတ်စွာဘုရားက ဓမ္မစကြာတရားတော်ကြီး ကို ဒီလိုစတင်ပြီး ဟောကြားတော်မူပါတယ်။

၁-အယုတ်တရား နှစ်ပါး

ရဟန်းတို့ . . . ရှင်ရဟန်းဖြစ်တဲ့ သူဟာ ဤအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မမှီဝဲအပ်ဘူး။ ဘယ်ဟာ နှစ်ပါးကိုလဲဆိုလျှင် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာ ကာမချမ်းသာကို ခံစား နေတာလည်း ပထမလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။ ဒီကာမ ချမ်းသာကို သာယာခံစားမှုဟာ ယုတ်ညံ့ပါသည်။ ရွာသူ ရွာသားတို့ရဲ့ အလေ့အလာ ဖြစ်ပါသည်။ အရိယာသူမြတ်တို့ရဲ့ အကျင့်မဟုတ်ပါ။ သေခြင်းကင်းရန်အတွက် အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှမသက်ဆိုင်ပါ။ ထို့ပြင် သပ္ပာယဖြစ်တဲ့ အစားအစာ အဝတ်အရုံ ဥတု ဣရိယာပုထ်များကိုတောင်မှ မမှီဝဲတော့ဘဲ ကိုယ်ပင်ပန်းအောင် အားထုတ်တဲ့ အကျင့်ကလည်း ဒုတိယလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။ ဒီကိုယ်ပင်ပန်းအောင် ကျင့်မှုဟာလည်း ပင်ပန်းဆင်းရဲရုံမျှသာ ရှိပါသည်။ အရိယာ သူမြတ်တို့၏ အကျင့်ကောင်းကား မဟုတ်ပါ။ အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှမသက်ဆိုင်ပါ။

၂-မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်တရား

ရဟန်းတို့ . . . ငါဘုရားသည် အဲဒီ အဘို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီး ငါသိလာတဲ့ ဒီအလယ်လမ်း အကျင့်ဟာ ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။ အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။ ကိလေသာငြိမ်းဖိုး အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

ရဟန်းတို့ . . . ငါ သိလာပြီဆိုတဲ့ ထိုအလယ်လမ်းအကျင့်က ဘယ်ဟာလဲဆိုလျှင် အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်လမ်း ပင်ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးဟူသည်မှာ
(၁) သမ္မာဒိဋ္ဌိ၊ မှန်စွာသိမြင်ခြင်း
(၂) သမ္မာသင်္ကပ္ပ၊ မှန်စွာကြံခြင်း
(၃) သမ္မာဝါစာ၊ မှန်စွာပြောဆိုခြင်း
(၄) သမ္မာကမ္မန္တ၊ မှန်စွာပြုလုပ်ခြင်း
(၅) သမ္မာအာဇီဝ၊ မှန်စွာအသက်မွေးခြင်း
(၆) သမ္မာဝါယာမ၊ မှန်စွာအားထုတ်ခြင်း
(၇) သမ္မာသတိ၊ မှန်စွာအမှတ်ရခြင်း
(၈) သမ္မာသမာဓိ၊ မှန်စွာစူးစိုက် တည်ကြည်ခြင်း ဆိုတဲ့ ဤရှစ်ပါးပင် ဖြစ်ပေသည်။

ရဟန်းတို့ . . . ငါဘုရားသိလာတဲ့ “ဤမဂ္ဂင်ရှစ်ရပ် အလယ်လမ်းအကျင့်မြတ်”သည် ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။ အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။ ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

အဓိပ္ပာယ် ဖော်ပြချက်

ဟောဒီ နေရာမှာတော့ မြတ်စွာဘုရားရဲ့ အလိုတော်ကို အနည်းငယ်ဖွင့်ပြီး ပြောရလိမ့်မယ်။ မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက အသက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။ ဒုက္ကရစရိယာ ကျင့်နေတဲ့ အခါမှာ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။ နောက်ကာလမှာ ထိုလမ်းမှား နှစ်ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။ ဒါကို ရည်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ။ ငါဘုရားသည် အဲဒီအဖို့နှစ်ပါး လမ်းမှား နှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီ ရဟန်းတို့”ဟု ဟောတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားသိလာတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့်ဆိုတာဟာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးထဲက “သမ္မာဒိဋ္ဌိ” တခုကို ပြောလိုက်လျှင် သူရဲ့နောက်ပါအခြံအရံဖြစ်တဲ့ အင်္ဂါ ၇-ပါးကိုလည်း ပြောပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် သမ္မာဒိဋ္ဌိ တခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြမယ်။ အဋ္ဌကထာများမှာ သမ္မဒိဋ္ဌိ ၆-မျိုး ဝေဖန်ပြထားပါတယ်။ (၁) ကမ္မာဿကတာသမ္မာဒိဋ္ဌိ၊ (၂) ဈာနသမ္မာဒိဋ္ဌိ၊ (၃) ဝိပဿနာ သမ္မာဒိဋ္ဌိ၊ (၄) မဂ္ဂသမ္မာဒိဋ္ဌိ၊ (၅) ဖလသမ္မာဒိဋ္ဌိ၊ (၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတဲ့ ဒီခြေက်ပါးပင် ဖြစ်ပါတယ်။ ဒီအထဲမှာ ဖလသမ္မာဒိဋ္ဌိနှင့် ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတာတွေကတော့ အရိယာမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီမဇ္ဈိမပဋိပဒါ အကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။ ကျန်တဲ့ ၄-ပါးကိုသာ ပြောဖို့လိုပါတယ်။

အဲဒီ ၄-ပါးထဲမှာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ မိမိကိုယ်တိုင်ပြုထားတဲ့ ကောင်းမှုကံ မကောင်းမှုကံအားလျော်စွာ ကောင်းကျိုးဆိုးကျိုးကို ခံစားရတယ်လို့ ယုံကြည်သိမြင်တာကိုပဲ ဆိုလိုပါတယ်။ ဒီ ကံ ကံ၏အကျိုးကို ယုံကြည်သိမြင်တဲ့ သမ္မာဒိဋ္ဌိဟာ အရးကြီးပါတယ်။ ဒီသမ္မာဒိဋ္ဌိ အယူရှိပါမှ ဒါန သီလစသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။ ဘာဝနာကို အားထုတ်ပြီး မဂ်ဖိုလ်ကိုလည်း ရနိုင်ပါတယ်။ ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီး ဒါန သီလစသော ကုသိုလ်ကို ပြုတိုင်းပြုတိုင်း ဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။ ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန သီလ ကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီ “ကမ္မဿကတာ သမ္မာဒိဋ္ဌိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း တရား” လို့ မှတ်ယူရပါတယ်။

ရူပဈာန် အရူပဈာန်များမှာပါတဲ့ ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီဈာနသမ္မာဒိဋ္ဌိဟာလည်း ဝိပဿနာရဲ့ အခြေခံဖြစ်လျှင် နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်ပါတယ်။ ယခုပြောခဲ့တဲ့အတိုင်း ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ဈာနသမ္မာဒိဋ္ဌိဟာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရဖို့ အခြေခံ တရားများ ဖြစ်နေတဲ့အတွက် ဒီ သမ္မာဒိဋ္ဌိနှစ်ပါးကို “မူလမဂ္ဂင်” လို့ မှတ်ရပါတယ်။

ဝိပဿနာသမ္မဒိဋ္ဌိ ဆိုတာကတော့ ဝိပဿနာဉာဏ်ပါပဲ။ ဒီဝိပဿနာက ပြည့်စုံတဲ့ အခါမှာ မဂ္ဂသမ္မာဒိဋ္ဌိခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိကို ပုဗ္ဗဘာဂမဂ္ဂင်လို့လည်း ခေါ်ရပါတယ်။ အရိယာမဂ်ရဲ့ ရှေ့သွားမဂ္ဂင်မို့ ရှေ့ပိုင်းမဂ္ဂင်လို့ ဆိုလိုပါတယ်။

ဝိပဿနာဆိုတာ ဒွါရ ၆-ပါးမှာ ထင်ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုမှတ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိတဲ့ဉာဏ်ပင် ဖြစ်ပါတယ်။ ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ ဒီလို သဘောမှန်ကို သိနေလျှင် သာယာဘွယ်အာရုံနှင့် တွေ့ရသော်လည်း သာယာမှု ရာဂမဖြစ်တော့ဘဲ ငြိမ်းနေပါတယ်။ ဒီလိုသာယာမှု ငြိမ်းနေတဲ့အတွက် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်တို့ကို သုံးဆောင်သော်လည်း ကာမချမ်းသာကို သာယာခံစားတဲ့ ကာမသုခလ္လိကာနုယောဂလည်း မဖြစ်ဘူး။ လုံးလုံး မသုံးဆောင်ဘဲနေတာ မဟုတ်လို့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ အတ္တကိလမထာနုယောဂလည်း မဖြစ်ဘူး။

ဒါကြောင့် ကိုယ်မပင်ပန်းရအောင် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်ကိုလည်း သုံးဆောင်ရမယ်။ သုံးဆောင်တဲ့ အခါမှာလည်း ကိလေသာ မဖြစ်ရအောင် ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ရှုရှုပြီး သုံးဆောင်ရမယ်ဆိုတဲ့ ဒီအကျင့်လမ်းဟာ အတ္တကိလမထလမ်းလို တင်းလွန်းတာလည်း မဟုတ်ဘူး။ ကာမသုခလ္လိကလမ်းလို လျော့လွန်းတာလည်း မဟုတ်ဘူး။ ဒီလို မလျော့လွန်း မတင်းလွန်း အလယ်အလတ် ဖြစ်နေတဲ့အတွက် မဇ္ဈိမပဋိပဒါ လမ်းလို့ခေါ်ရပါတယ်။ ဒီ မဇ္ဈိမပဋိပဒါ နည်းလမ်းအရ ဒွါရ ၆-ပါးမှာ ပေါ်လာသမျှ အာရုံတွေကို ရှုရှုနေလျှင် ရှုတိုင်းရှုတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွါးနေပါတယ်။ ဒီလိုဖြစ်ပွားလို့ ဝိပဿနာမဂ္ဂင်က ပြည့်စုံတဲ့အခါမှာ အရိယာမဂ္ဂင်များ ဖြစ်ပေါ်ပြီး သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့ကာ သစ္စာ ၄-ပါးကို သိမြင်ရပါတယ်။ ဒါကြောင့် ဒီမဇ္ဈိမပဋိပဒါ အကျင့်ဖြင့် ကိုယ်တော်တိုင် သိမြင်လာခဲ့တဲ့ သစ္စာ၎-ပါးကို ဒီလိုထုတ်ဖော်ပြီး ဟောတော်မူပါတယ်။

၃-ဒုက္ခသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။ ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်။ အိုခြင်းလည်း ဆင်းရဲပင်။ နာခြင်းလည်း ဆင်းရဲပင်။ သေခြင်းလည်း ဆင်းရဲပင်။ မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်။ ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်။ အလိုရှိတာကို မရခြင်း၊ မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်။ အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ ငါ့ဥစ္စာဟု ထင်မှတ်စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

၎-သမုဒယသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွါးကြောင်း အမှန် ဖြစ်ပေသည်။ အကြင် တဏှာသည် တဖန်ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။ နှစ်သက်တပ်စွဲခြင်း သဘောရှိ၏။ ထိုထိုရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့ လျက်ရှိ၏။ ထိုတဏှာမှာ သရုပ်အားဖြင့် ကာမဂုဏ်၌ တပ်မက်သောတဏှာ။ ဘဝ၌ တပ်မက်သော တဏှာ။ သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သောတဏှာ ဟူ၍ သုံးပါး အပြားရှိ၏။ ဤတဏှာသည် ဆင်းရဲဖြစ်ပွါးကြောင်း အမှန်ဖြစ်ပေသည်။

၅-နိရောဓသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။ ၎င်းမှာ သရုပ်အားဖြင့် ယင်းတဏှာ သုံးပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်လွတ်စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။

၆-မဂ္ဂသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။ ၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။ အင်္ဂါရှစ်ပါးမှာ (၁) မှန်စွာသိမြင်ခြင်း၊ (၂) မှန်စွာကြံခြင်း၊ (၃) မှန်စွာပြောဆိုခြင်း၊ (၄) မှန်စွာပြုလုပ်ခြင်း၊ (၅) မှန်စွာအသက်မွေးခြင်း၊ (၆) မှန်စွာအားထုတ်ခြင်း၊ (၇) မှန်စွာအမှတ်ရခြင်း၊ (၈) မှန်စွာစူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။

အဓိပ္ပါယ် ဖော်ပြချက်

ယခုပြောပြခဲ့တဲ့ စကားရပ်များဖြင့် ကိုယ်တော်တိုင် သိမြင်လာတဲ့ သစ္စာ ၄-ပါးကို ဖော်ပြပါတယ်။ ဒီလိုသိရာမှာ သစ္စာ ၄-ပါးရဲ့ သဘောသဘာဝ အသီးသီးကို သိတဲ့ သစ္စဉာဏ်က ၄-ပါး။ ပြုသင့်တဲ့ကိစ္စ ၄-ပါးကို သိတဲ့ ကိစ္စဉာဏ်က ၄-ပါး။ ကိစ္စ ၄-ပါးလုံး ပြီးစီးကြောင်းကို ပြန်လှည့်ဆင်ခြင်တဲ့ ကတဉာဏ်က ၄-ပါး အားဖြင့် ဉာဏ် ၁၂-ပါး ပါဝင်နေပါတယ်။ အဲဒီဉာဏ် ၁၂-ပါးလုံး ဖြစ်ပုံကို ဒီလို ဆက်လက်ပြီး ဟောသွားပြန်ပါတယ်။

၇-ဒုက္ခသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၈-ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိသင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၉-ဒုက္ခသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိပြီးပြီ” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများ အပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၀-သမုဒယသစ္စာ၌ သစ္စဉာဏ်

“ဤအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်းတရားမှန်ဖြစ်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၁-သမုဒယသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွါးကြောင်း တရားမှန်ကို ပယ်သင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၂-သမုဒယသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွါးကြောင်း တရားမှန်ကို ပယ်ပြီးပြီ” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၃-နိရောဓသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန် ဖြစ်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၄-နိရောဓသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ြုပသင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူး သေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၅-နိရောဓသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ြုပပြီးပြီ” ဟု ငါ့မှာ ရှေးကမကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၆-မဂ္ဂသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ဖြစ်သည်” ဟုငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၇-မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ဖြစ်ပွါးစေ သင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၈-မဂ္ဂသစ္စာ၌ ကတဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ပွားစေပြီးပြီ်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၉-ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ရဟန်းတို့-ဤ အရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါးç အခြင်းအရာ ၁၂-ပါးရှိတဲ့ ယထာဘူတဉာဏ်အမြင် ငါ့မှာ ကောင်းကောင်း မစင်ကြယ်သေးသမျှ ကာလပတ်လုံး “အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်-ဘုရားဉာဏ် ကို ငါရပြီ။ ငါဘုရားဖြစ်ပြီ” ဟု ဝန်မခံခဲ့သေးပါ ရဟန်းတို့။

၂၀-ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ

ရဟန်းတို့-ငါ့မှာ ဤအရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါးရှိတဲ့ ယထာဘူတဉာဏ်အမြင် ကောင်းစွာ သန့်ရှင်းစင်ကြယ်ပြီးတဲ့ အခါကျမှသာလျှင် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့် တကွဖြစ်သော လောကကြီးထဲ၌ ရဟန်း ပုဏ္ဏားနှင့်တကွ နတ်လူတို့နှင့်အကွဖြစ်သော သတ္တဝါများထဲ၌ အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ် ဘုရားဉာဏ်ကို ငါရပြီ။ ငါဘုရားဖြစ်ပြီဟု ဝန်ခံခဲ့ပါသည် ရဟန်းတို့။

အနုသန္ဓေ စကား

ဒီလိုဝန်ခံရာမှာလည်း ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ အတိအကျ မှန်ကန်စွာသိပြီး ဖြစ်ကြောင်းကို ထပ်လောင်းပြီး နိဂုံးချုပ်အနေနဲ့ ဒီလို မိန့်ကြားတော်မူပြန်ပါတယ်။

၂၁-ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိပုံ

“ငါ၏ ကိလေသာမှ လွတ်မြောက်မှုဟာ တဒင်္ဂလွတ်ခြင်း ဝိက္ခ မ္ဘနလွတ်ခြင်း မဟုတ်ဘဲ သမုစ္ဆေဒလွတ်ခြင်း ပဋိပဿဒ္ဓိလွတ်ခြင်းဖြစ်၍ ဘယ်သောအခါမျှ မပျက်နိုင်တော့ပြီ။ ယခုလက်ရှိဘဝဟာ အဆုံးစွန်သောဘဝ ဖြစ်ပေသည်။ ယခုအခါ တဖန်ဖြစ်ပေါ်မည့် ဘဝသစ် ငါ့မှာ မရှိတော့ပြီ” ဟု ဆင်ခြင်ပြီး မှန်ကန်စွာ သိမြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်လည်း ငါ့မှာဖြစ် ပေါ်ခဲ့ပြီ ရဟန်းတို့ဟု မိန့်တော်မူကာ ဓမ္မစကြာတရားဒေသနာတော်ကြီးကို အပြီးသတ် နိဂုံးချုပ်တော်မူခဲ့ပါသည်။

အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ (အကျိုးပြစကား)

ထိုစဉ်အခါက ဒီဓမ္မစကြာ တရားတော်ကြီးကို ကြားနာရတဲ့အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာသောနတ်များ မဂ်ဖိုလ်တရားထူးကို ရသွားကြပါတယ်။ လူသားဖြစ်တဲ့ ပဉ္စဝဂ္ဂီရဟန်း ငါးဦးထဲကလည်း အရှင်ကောဏ္ဍညမှာ “ဖြစ်ပေါ်တဲ့ တရားဟူသမျှဟာ ချုပ်ဆုံးခြင်း သဘောရှိတာချည်းဘဲ”လို့ သိမြင်တဲ့ တရားမျက်စိခေါ် “သောတာပတ္တိမဂ်ဉာဏ်” ဖြစ်ပေါ်ပြီး “သောတာပန်” ဖြစ်သွားပါတယ်။

မြတ်စွာဘုရား ဥဒါန်းကျူးပုံ

ဒီလို အရှင်ကောဏ္ဍညမှာ တရားမျက်စိပွင့်ပြီး သောတပန်ဖြစ်သွားတာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက “အညာသိ ဝတဘော ကောဏ္ဍညော အညာသိ ဝတ ဘော ကောဏ္ဍညော။ ကောဏ္ဍည သိသွားပေပြီ အချင်းတို့ . . . ကောဏ္ဍည သိသွားပေပြီ အချင်းတို့”ဟု ပီတိသောမနဿအစွမ်းဖြင့် ဥဒါန်းကျူးတော်မူခဲ့ပါတယ်။

ဧဟိဘိက္ခု ရဟန်းအဖြစ်ရပုံ

ထိုအခါမှ အရှင်ကောဏ္ဍညက မြတ်စွာဘုရားထံမှာ ရဟန်းအဖြစ်ကိုလျှောက်ကောင်းပါတယ်။ မြတ်စွာဘုရားက “ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော။ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ လာလော့ ရဟန်း။ တရားတော်မှာ ကောင်းမွန် မှန်ကန်စွာ ဟောထားတဲ့ သွာက္ခာတ တရားတော်ဖြစ်သည်။ အမှန်စင်စစ် ဆင်းရဲကုန်ဆုံးခြင်းကို ပြုနိုင်အောင် မြတ်သော အကျင့်ကို ကျင့်လှည့်ပါလော့”ဟု ခေါ်တော်မူကာ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ရဟန်းပြုပေးတော်မူခဲ့ပါတယ်။

ကဲ . . . တရားတော်ကို အဆုံးသတ်တော့မယ်။ ဒီဓမ္မစကြာတရား ဒေသနာတော်မှာ ဖော်ပြထားတဲ့ မဂ္ဂင်ရှစ်တန် မဇ္ဈိမပဋိပဒါ အကျင့်လမ်းမှန်ကို မှန်ကန်စွာကျင့်နိုင်ကြ၍ မရိယသစ္စာလေးတန် တရားမှန်ကို အလျင်အမြန် သိမြင်ကြပါစေသတည်း။

ဓမ္မစကြာ တရားတော်ကြီး ပြီးပါပြီ။

မှာထားချက်။ ။(အသံလွှင့်ဌာနတွင် အချိန်နှင့်အံကျ ဟောရပါသဖြင့် လိုရင်းပဓာနသုတ်ကိုသာ ဟောကြားခဲ့ရပါသည်။ ဤ တရားတော်၌ ၁-မှ ၂၁-အထိ ဂဏာန်းစဉ်နှင့်တကွ ပြထားသော ခေါင်းစဉ်အောက်ရှိ စာပိုဒ်များမှာ ဓမ္မစကြာ သုတ်ရင်း၏ မြန်မာပြန်များဖြစ်ပါသည်။ ကြွင်းသောစာပိုဒ်များမှာ ဆရာတော်၏ အနက်အဓိပ္ပါယ်ဖော်ပြသော စာပိုဒ်များ ဖြစ်ပါသည်။

ထို့ပြင် ဤဓမ္မစကြာတရားတော်ကို နာရသည့်အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာ သောနတ်များ တရားထူးကို ရကြသည်-ဟူသော စကားမှာ မိလိန္ဒပဥှာ စာမျက်နှာ ၃၃၁-၌ “အဋ္ဌာရသ ဗြဟ္မာကောဋိ ယော အပရိမာဏာ စ ဒေဝတာယော” ဟူသော စကားနှင့်အညီ ဖြစ်ပါသည်။)

3 comments:

  1. သာဓု-၃ ပါဘုရား။ တပည့်တော် E-Book လေး လုပ်လိုက်ပါတယ်..။ ပြီးမှ လင့်ပို့လိုက်ပါမယ် ။ကျန်းမာချမ်းသာစွာ ဓမ္မစာပေများဆက်လက်ရေးသားနိုင်ပါစေ။

    ReplyDelete
  2. http://www.mediafire.com/?ekmbnc8sxey8j4y လင့်ပါဘုရား။

    ReplyDelete
  3. ကျေးဇူးပါ။ :)

    ReplyDelete