ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အထွေထွေ အစည်းဝေးခန်းမ၌ ကျင်းပသော
ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲတွင်
ပြောကြားသည့် မိန့်ခွန်း
ပြီးခဲ့သည့် ၂ဝဝဝ-ခုနှစ် ဩဂုတ်လက “ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်ရေး ထိပ်သီးဆွေးနွေးပွဲ”၌ ဂိုအင်ဂါကြီး ပါဝင်ဆင်နွဲခဲ့သည်။ ထိုညီလာခံသို့ ကမ္ဘာ့ဘာသာရေး သာသနာရေးခေါင်းဆောင် ၁ဝဝဝ-ကျော်တို့ စည်းဝေးတက်ရောက်ခဲ့ကြသည်။ ထိုညီလာခံကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်၏ အထောက်အပံ့ဖြင့် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည်။
ညီလာခံကျင်းရခြင်း၏ ရည်ရွယ်ချက်မှာ ခန္တီတရားကို မြှင့်တင်နိုင်ရန်၊ ငြိမ်းချမ်းရေးကို ပျိုးထောင်ရန်နှင့် ဘာသာအချင်းချင်း အပြန်အလှန် ဆွေးနွေးမှုကို အားပေးရန်တို့ ဖြစ်သည်။
မတူညီသော အမြင်များကို တင်ပြခြင်းအားဖြင့် မညီညွတ်မှု အလားအလာများ တိုးပွားလာခဲ့သည်။
အစည်းဝေးတက်ရောက်သူ ကိုယ်စားလှယ်များကို တင်ပြရာ၌ ခေါင်ဆောင်များနှင့် ဘာသာတရားတို့၌ ယေဘုယျသဘောတူညီမှု “တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သောဓမ္မ” ရှိနေကြောင်း အလေးပေး ညွှန်ပြနိုင်ရန် ဂိုအင်ဂါကြီး ကြိုးစားခဲ့သည်။
သူ၏ မှတ်ချက်များကို သောင်းသောင်းဖျဖျ လက်ခံခဲ့ကြသည်။
-----------------------------------------------------------------
မိတ်ဆွေများနဲ့ ကမ္ဘာ့ဘာသာရေး သာသနာရေး ခေါင်းဆောင်များခင်များ ...။
ကျွန်တော်တို့ သွေးစည်းညီညွတ်ကြပြီး လူသားများအကျိုး ထမ်းဆောင်နိုင်ကြတဲ့ ဒီအချိန်ဟာ အံ့ဩစရာကောင်းတဲ့ အခါသမယ ဖြစ်ပါတယ်။
သွေးစည်းညွတ်ညွတ်စေတဲ့ အခါမှာပဲ ဘာသာရေးဟာ ဘာသာရေး မည်ပါတယ်။ ကျွန်တော်တို့ကို သွေးကွဲအောင် လုပ်တဲ့အခါမှာတော့ ဘာသာရေးဆိုတာ ဘာမှ မဟုတ်တော့ပါဘူး။
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ကန့်ကွက်တာရော ထောက်ခံတာပါ အများကြီး ပြောခဲ့ကြပါပြီ။
ပြုပြင်ပြောင်းလဲတာကို ကန့်ကွက်ဖို့တော့ ဝေလာဝေးပဲ။ ပြောင်းလဲရေးကို ကျွန်တော် အားပေးပါတယ်။ ဒါပေမယ့် စည်းလုံးညီညွတ်တဲ့ ဘာသာတစ်ခုကနေ တစ်ခြားဘာသာတစ်ခုခုကို ပြောင်းလဲတာကိုတော့ မထောက်ခံပါဘူး။
မဟုတ်သေးပါဘူး။ မပျော်ရွှင်မှုကနေ ပျော်ရွှင်မှုဆီ ပြောင်းလဲရမှာ ဖြစ်ပါတယ်။
နှောင်ဖွဲ့မှုကနေ လွတ်မြောက်မှုဆီ ပြောင်းလဲရမှာ ဖြစ်ပါမယ်။
ကြမ်းကြုတ်ရက်စက်မှုကနေ ကြင်နာသနားမှုဆီ ပြောင်းလဲရမှာ ဖြစ်ပါတယ်။
ဒါဟာ ဒီနေ့ လိုအပ်နေတဲ့ ပြောင်းလဲရေးဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေ ဖော်ဆောင်ပေးရမယ့် အရာလည်း ဖြစ်ပါတယ်။
ရှေးခေတ် အိန္ဒိယနိုင်ငံဟာ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မျှတမှု သဝဏ်လွှာကို ကမ္ဘာဆီ၊ လူသား အားလုံးဆီရောက်အောင် ပေးပို့ခဲ့ပါတယ်။ ဒါတင် ဘယ်ကမလဲ။ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မျှတမှု ရရှိရေးအတွက် နည်းလမ်းလည်း ပေးခဲ့ပါတယ်။ နည်းစနစ်လည်း ပေးခဲ့ပါသေးတယ်။
လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းမှုကို လိုလားတယ်ဆိုရင် တစ်ဦးချင်း တစ်ယောက်ချင်းကို မျက်ကွယ်ပြုလို့ မရနိုင်ဘူးလို့ ကျွန်တော် နားလည်ပါတယ်။
တစ်ဦးတစ်ယောက်ရဲ့ စိတ်မှာ ငြိမ်းချမ်းမှု မရှိဘူးဆိုရင် စစ်မှန်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လို ဖြစ်လာနိုင်မယ်ဆိုတာ ကျွန်တော်တော့ နားမလည်ဘူး။
ကျွန်တော့်မှာ စိတ်တင်းကြပ်နေမယ်၊ ဒေါသတွေ ပြည့်နှက်နေမယ်၊ အမုန်းတရား ရှိနေမယ်၊ အမျက်ဒေါသ ရှိနေမယ်၊ ရက်စက်ကြမ်းကြုတ်မှု ရှိနေမယ်ဆိုရင် ကျွန်တော်က ကမ္ဘာကို ဘယ်လိုလုပ် ငြိမ်းချမ်းရေး ပေးအပ်နိုင်မှာတဲ့လဲ။
မပေးအပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်ကိုယ်တိုင် ငြိမ်းချမ်းမှု မရှိလို့ပါပဲ။
ဒါကြောင့် ဉာဏ်အလင်း ရခဲ့တဲ့ပုဂ္ဂိုလ် အားလုံးက “ကိုယ်တိုင်ငြိမ်းချမ်းအောင် အရင်လုပ်ပါ”လို့ ဆိုခဲ့ကြပါတယ်။
ကိုယ့်သန္တာန်မှာ တကယ့် ငြိမ်းချမ်းမှု ရှိပြီလားဆိုတာ စစ်ဆေးရပါမယ်။
အားလုံးသော ကမ္ဘာ့ ပညာရှိတွေ၊ သူတော်စင်တွေ၊ တတ်သိလိမ္မာသူတွေက “ကိုယ့်ကိုယ်ကို သိပါ”လို့ အကြံပေးညွှန်းကြား ခဲ့ကြပါတယ်။
အဲဒါဟာ ဆင်ခြင်တုံအဆင့်နဲ့ သိနေရုံ၊ စိတ်ခံစားမှုနဲ့ ဘာသာရေးကိုင်းရိုင်းမှု အဆင့်မှာ လက်ခံထားရုံတင် ဆိုလိုတာ မဟုတ်ပါဘူး။ လက်တွေ့အဆင့်မှာ ကိုယ်တိုင်ကြုံတွေ့ပြီး နားလည်ခြင်းကို ဆိုလိုပါတယ်။
သင့်ခန္ခာမှာရှိတဲ့၊ သင်နဲ့ပတ်သက်နေတဲ့ အမှန်တရားကို သင်ကိုယ်တိုင် လက်တွေ့အဆင့်မှာ ကြုံတွေ့ ရတဲ့အခါ ဘဝပြဿနာဟာတွေဟာ အဖြေရှာတွေ့ လာပါတယ်။
အားလုံးနဲ့ဆိုင်တဲ့ သဘောတရား၊ သဘာဝနိယာကို စတင် နားလည်လိုက်ပါ။ ဒါမှမဟုတ် သင် ဆန္ဒရှိတယ်ဆိုရင် အနန္တစွမ်းအားရှင် ထာဝရဘုရားနဲ့ ပတ်သက်တဲ့ နိယာမသဘောကို နားလည်လိုက်ပါ။
ငါ ဒေါသထွက်တဲ့အခါ၊ အမုန်းပွားတဲ့အခါ၊ စိတ်ဆိုးနေတဲ့အခါ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ် နေတဲ့အခါ ငါဟာ ငါ့ဒေါသရဲ့ ဒုက္ခသားကောင် အရင် ဖြစ်ရပါလား။ ငါ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ မုန်းတီးမှု၊ ရက်စက်မှုရဲ့ ဒုက္ခသားကောင် အရင် ဖြစ်ရပါလား။ ငါ့ကိုယ်ငါ မထမဆုံး နှိပ်စက်ဖျက်ဆီးပြီးမှ သူတစ်ပါးကို ဒုက္ခပေးရတာပါလား-ဆိုတဲ့ ဒီသဘောတရားကို လူတိုင်း လက်ခံနိုင်ပါတယ်။
ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။
ကျွန်တော့် ခန္ဓာကိုယ်တွင်းကို ကျွန်တော်စူးစမ်း ကြည့်လိုက်ရင် “စိတ်ထဲမှာ အဖျက်သဘောတရား ပေါ်လာတာနဲ့ တစ်ပြိုင်နက် ခန္ဓာကိုယ်မှာ ဆူပွက်လာတာမျိုး လောင်ကျွမ်းလာတာမျိုး ခန္ဓာဗေဒတုံ့ပြန်မှု ဖြစ်လာတယ်၊ နှလုံးခုန်မြန်တာတွေ စိတ်တင်းကြပ်တာတွေ ဖြစ်လာတယ်၊ ကျွန်တော် ဆင်းရဲပင်ပမ်းနေရ တယ်”ရယ်လို့ တွေ့ရှိရပါတယ်။
ကျွန်တော့်ခန္ဓာမှာ အဖျက်သဘောကို မွေးမြူလိုက်တဲ့အခါ ကျွန်တော် ဆင်းရဲရတယ်။ ဒီဒုက္ခကို ကျွန်တော့်ဆီမှာတင် ကန့်သတ်ချုပ်ထိန်း မထားဘဲ တစ်ခြားသူတွေဆီ ပစ်ပို့လိုက်ပါတယ်။
ကျွန်တော်နဲ့ ဆက်စပ်ပတ်သက်တဲ့ သူတွေပါ ကျွန်တော့်လို မပျော်မရွှင် ဖြစ်ကြရတဲ့အထိ ကျွန်တော့်ပတ်ဝန်းကျင် တစ်ခုလုံးကို စိုးရိမ်ပူပန်အောင် လုပ်လိုက်ပါတယ်။
ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုအကြောင်း ကျွန်တော် ပြောဆိုနေပေမယ့် အပြောစကားထက် ပိုအရေးကြီး တာက ကျွန်တော့်သန္တာန်မှာ ပျော်ရွှင်ငြိမ်းချမ်းမှု ဖြစ်လာဖို့ပါပဲ။
ကျွန်တော့်စိတ် အဖျက်သဘောတရားက လွတ်မြောက်တာနဲ့ နိယာမတရားက စတင် လုပ်လုပ် လာပါတယ်။
စိတ်မှာ အဖျက်သဘော ကင်းတဲ့ အခိုက်အတန့်မှာ သဘာဝတရားက ဒါမှမဟုတ် အနန္တစွမ်းအားရှင် ထာဝရဘုရားက ကျွန်တော့်ကို ဆုလာဘ် စတင် အပ်နှင်းတော့တာပါပဲ။ ကျွန်တော် ပျော်ရွှင်ရတာပေါ့။
ဒါကိုလည်း ကျွန်တော့်ခန္ဓာကိုယ်တွင်းမှာ ကျွန်တော်ကိုယ်တိုင် လေ့လာကြည့်နိုင်ပါတယ်။
တစ်ဦးတစ်ယောက်ရဲ့ ဘသာတရား၊ ဒါမှမဟုတ် ယဉ်ကျေးမှု၊ ဒါမှမဟုတ် နိုင်ငံဟာ ဘာပဲ ဖြစ်နေပါစေ သဘာဝဥပဒေကို ချိုးဖောက်တဲ့အခါ၊ စိတ်မှာ အဖျက်သဘောကို မွေးမြူလိုက်တဲ့အခါ ဆင်းရဲဒုက္ခ ခံစားရဖို့ ရှိပါတယ်။
သဘာဝတရား ကိုယ်တိုင်က ဒဏ်ခတ်နိုင်စွမ်း ရှိပါတယ်။
သဘာဝဥပဒေကို ချိုးဖောက်တဲ့သူဟာ ဒီဘဝမှာပဲ သူ့ရဲ့ခန္ဓာထဲမှာ ငရဲမီးအပူဒုက္ခကို ခံစားရပါမယ်။
ယခုဘဝမှာ သူတို့စိုက်ပျိုးတာက ငရဲမျိုးစေ့ဖြစ်ပြီး နောက်ဝကနေ သူတို့ကို စောင်နေတာကလည်း ငရဲမီးသာ ဖြစ်ပါတယ်။
အလားတူပါပဲ သဘာဝနိယာမအရ ကျွန်တော့်စိတ်ကို စင်ကြယ်အောင် စောင့်ထိန်းတယ် မေတ္တာတရား ကရုဏာတရားနဲ့ ပြည့်စုံတယ်ဆိုရင် ကျွန်တော်ဟာ ခုလက်တွေ့ ဒီဘဝမှာပဲ ကောင်းကင် နိုင်ငံတော်ရဲ့သုခကို ပျော်ရွှင်ခံစားရပါမယ်။
ခုဘဝ ကျွန်တော်စိုက်ပျိုးလိုက်တဲ့ မျိုးစေ့မှာ သေပြီးတဲ့နောက် ခံစားရမယ့် ကောင်းကင်နိုင်ငံတော် အသီးအပွင့် ရှိနေပါတယ်။
ကျွန်တော့်ကိုယ် ကျွန်တော် ဟိန္ဒူလို့ပဲဆိုဆို မွတ်ဆလင်လို့ပဲပြောပြော ခရစ်ယန်လို့ပဲ ခေါ်ခေါ် ဂျိန်းလို့ပဲ သတ်မုတ်သတ်မုတ် ထူးခြားမှု မရှိပါဘူး။ လူသားဟာ လူသားပါပဲ။ လူ့စိတ်ဟာ လူ့စိတ်ပါပဲ။
လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ မသန့်ရှင်းတဲ့ စိတ်ကနေ သန့်ရှင်းတဲ့စိတ်ဆီ ပြောင်းလဲခြင်း ဖြစ်ပါတယ်။
ဒီ ပြုပြင်ပြောင်းလဲမှုက လူတွေကို အံ့ဩစရာကောင်းအောင် အသွင်ပြောင်းပေးပါတယ်။
ဒါဟာ မျက်လှည့် မဟုတ်ပါဘူး။ တန်းခိုးပါဝါလည်း မဟုတ်ပါဘူး။ အဇ္ဈတ္တမှာရှိတဲ့ ရုပ်နဲ့နာမ် အပြန်အလှန် ဆက်စပ်မှုကို လေ့လာခြင်းဆိုတဲ့ သိပ္ပံနည်းကျ အပြစ်ကင်းသန့်စင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
နာမ်က ရုပ်ကို ဘယ်လို လွှမ်းမိုး နေတယ်၊ ရုပ်က နာမ်ကို ဘယ်လို ဩဇာသက်ရောက် နေတယ်ဆိုတာကို လေ့လာ စောင့်ကြည့်ပါတယ်။
သည်းခံရှုမှတ်ခြင်းအားဖြင့် “အဖျက်စိတ်ကို မွေးမြူလိုက်တိုင်း ဆင်းရဲရတယ်၊ အဖျက်စိတ် ကင်းလွတ်တာနဲ့ ငြိမ်းချမ်းမှု၊ ညီညွတ်မျှတမှုကို ခံစားရတယ်”ဆိုတဲ့ ဓမ္မနိယာမဟာ ထင်ရှားလာပါတယ်။
ကိုယ့်ကိုယ်ကိုယ် လေ့လာ စောင့်ကြည့်ခြင်းဆိုတဲ့ ဒီနည်းစနစ်ကို လူတိုင်း ကျင့်သုံးနိုင်ပါတယ်။
ရှေးခေတ်က အိန္ဒိယမှာ ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ နည်းစနစ်ဟာ ကမ္ဘာနှင့်အဝှန်း ပြန့်နှံ့နေပါပြီ။
ဒီနေ့လည်း မတူညီတဲ့ လူ့အဖွဲ့အစည်း ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားတို့က လူတွေဟာ တူညီတဲ့ အကျိုးရလာဒ်အတွက် ဒီနည်းစနစ်ကို လေ့လာသင်ယူ နေကြပါတယ်။
သူတို့ကိုယ် သူတို့ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ မွတ်ဆလင် ဒါမှမဟုတ် ခရစ်ယန်ရယ်လို့ ဆက်လက် ပြောဆို ခံယူနိုင်ကြပါတယ်။
ဒီ အမှတ်သင်္ကေတတွေဟာ ဘာမှ မထူးခြားပါဘူး။ လူသားဟာ လူသားပါပဲ။
သူတို့အကျင့်ကနေ သူတို့ဟာ စစ်မှန်တဲ့ ဘာသာရေးသမား ဖြစ်လာတယ် မေတ္တာ ကရုဏာ ပြည့်ဝလာတယ်ဆိုတာပဲ ထူးပါတယ်။
သူတို့လုပ်နေတာတွေဟာ သူတို့အတွက်ရော တစ်ခြားသူတွေ အားလုံးအတွက်ပါ ကောင်းမွန် ပါတယ်။
တစ်ဦးတစ်ယောက်ဟာ စိတ်မှာ ငြိမ်းချမ်းမှုကို မွေးမြူလိုက်တဲ့အခါ သူ့ပတ်ဝန်းကျင် တစ်ခုလုံးလည်း ငြိမ်းချမ်းမှုလှိုင်းဂယက်ကို လက်ခံရရှိတာပါပဲ။ သူနဲ့ ပတ်သက်သူတိုင်း ပျော်ရွှင်မှုကို စတင် ခံစားလာရတာပါပဲ။
ဟောဒီ စိတ်ဓာတ်ြုပပြင် ပြောင်းလဲရေးဟာ လိုအပ်နေတဲ့ အစစ်အမှန် ပြောင်းလဲရေးပါပဲ။
တစ်ခြား ဘယ်ပြောင်းလဲမှုမှ အဓိပ္ပာယ် မရှိပါဘူး။
အိန္ဒိယကနေ ကမ္ဘာဆီပေးပို့တဲ့ မေတ္တာသဝဏ်လွှာကို ဖတ်ပြပါရစေ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ဝဝ-တုန်းက ကျောက်စာရေးထိုးခဲ့တဲ့ အရာပါ။ ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ ရှင်းလင်းဖော်ပြထားတဲ့ စံပြအုပ်ချုပ်သူ အင်ပါယာဘုရင်ကြီး အသောကရဲ့ စကားတွေ ဖြစ်ပါတယ်။
“ကိုယ့်ဘာသာရေးကိုသာ ဂုဏ်ြုပချီးမြှောက်၍ တစ်ခြား ဘာသာတရားများကို ထိုးနှက်ခြင်း မြုပသင့်”လို့ သူက ဆိုပါတယ်။
ဒါဟာ ဒီနေ့ခေတ်မှာ အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။
တစ်ခြားယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို နှိမ့်ချပြီး ကိုယ့်ယာဉ်ကျေးမှု ဓလေ့ထုံးတမ်းကို အလေး ပေးခြင်းဟာ လူ့အဖွဲ့အစည်းအတွက် အခက်အခဲတွေ ဖန်တီးဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
“ထိုသို့ မဟုတ်မူ၍ များစွာသော အကြောင်းတို့ကြောင့် တစ်ခြားဘာသာများကို လေးစားသင့်သည်” လို့ အသောကမင်းကြီး ဆက်ပြောပါတယ်။
“ဘာသာတရား”ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တဲ့ ဘာသာတိုင်းမှာ မေတ္တာ ကရုဏာ အကြင်နာတရား ကောင်းမြတ်တဲ့ အနှစ်သာရ ရှိပါတယ်။
ဒီ အနှစ်သာရကြောင့် ဘာသာတရားကို လေးစားသင့်ပါတယ်။
အပေါ်ယံအသွင်အပြင်ဟာ အမြဲတမ်း ကွဲလွဲနေပါတယ်။ အမျိုးမျိုး ကွဲပြားခြားနားတဲ့ ယာဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ပွဲသဘင်အခမ်းအနားတွေ ကိုးကွယ် ယုံကြည်မှုတွေ ရှိနေပါလိမ့်မယ်။
ဒါတွေနဲ့ ပတ်သက်လို့ ငြင်းခုံခိုက်ရန် ဖြစ်မနေဘဲ အတွင်းကျတဲ့ အနှစ်ကိုပဲ လေးပေးကြပါစို့။
“ဤသို့ ြုပမူခြင်းဖြင့် ကိုယ့်ဘာသာတရား ကြီးပွားအောင် ထောက်ပံ့သည်မည်၏။ တစ်ခြား ဘာသာများကိုလည်း အလုပ်အကျွေး ြုပသည်မည်၏”လို့ အသောကမင်းကြီး ဆိုပါတယ်။
ဒါဟာ ကျွန်တော်တို့အတွက် ပြင်းထန်တဲ့ သတိပေးချက်ပါပဲ။
“ကိုယ့်ဘာသာတရားကိုသာ လေးစားချီးမြှောက်၍ တစ်ခြား ဘာသာတရားကို ထိုးနှက်တိုက်ခိုက်သူ သည် မိမိဘာသာတရားပေါ် သက်ဝင်ယုံကြည်မှုကြောင့် “ငါ့ဘာသာကို ဂုဏ်တက်စေမည်”ဟု ကြံစည်ကာ ထိုသို့ ြုပလုပ်နိုင်သည်။ သို့သော် သူ၏ အြုပအမူသည် သူ့ဘာသာတရားကို ပိုမိုဆိုးရွာစွာ ပျက်စီးစေ ၏။”လို့ သဝဏ်လွှာမှာ ဆိုပါတယ်။
“အားလုံး နာထောင်ကြလော့။ ညီညွတ်ခြင်းသည် ကောင်းမွန်၏။ ခိုက်ရန်ငြင်းခုံမှုသည် မကောင်း မြတ်။ အခြားသူတို့၏ တရားဓမ္မကို နာကြားရန် ဆန္ဒရှိကြကုန်လော့”လို့ အသောကမင်းကြီးက သူရဲ့ ယေဘုယျနိယာမသဝဏ်လွှာ၊ ဓမ္မသဝဏ်လွှာကို နောက်ဆုံး တင်ပြခဲ့ပါတယ်။
မညီမညွတ် ကွဲလွဲနေမယ်အစား၊ အပြစ်ဆို စွပ်စွဲနေမယ့်အစား ဘာသာတရားတိုင်းရဲ့ သွန်သင်မှု တရားတော်ထဲက အနှစ်သာရကို အလေးပေးကြပါစို့။
ဒါဆိုရင် တကယ့်ငြိမ်းချမ်းမှု၊ စစ်မှန်တဲ့ ညီညွတ်မျှတမှု ဖြစ်ပေါ်လာပါလိမ့်မယ်။
(ဂိုအင်ဂါ)
အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့တယ်ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။
:)
ရှင်အာစာရ
No comments:
Post a Comment