My teenagers constantly come home late. As a parent, I know I can’t control it, but how do I tell myself this is not the result of my irresponsible actions?
မေး။ ။ တပည့်တော်ရဲ့ ဆယ်ကျော်သက် ကလေးတွေဟာ အမြဲတမ်း အိမ်ပြန် နောက်ကျပါတယ် ဘုရား။ မိဘတစ်ယောက် အနေနဲ့ ဒါကို မထိန်းချုပ်နိုင်ဘူးဆိုတာ သိပါတယ် ဘုရား။ ဒီလို ဖြစ်ရတာဟာ တပည့်တော်ရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက် မဟုတ်ပါဘူးလို့ ကိုယ့်ဟာကိုယ် ဘယ်လိုခံယူနိုင်ပါ့မလဲ ဘုရား။
ဖြေ။ ။ မိဘတစ်ယောက် အနေနဲ့ ကိုယ့်ကလေးကို ငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ရတာပါ။ ကလေးတွေ ကူကယ်ရာ မဲ့ခဲ့တဲ့အချိန်၊ သူတို့လေးတွေ ကိုယ့်ကိုပဲ မှီခိုအားထားခဲ့ရတဲ့ အချိန်မှာ ကိုယ်ကပဲ ပြုစုစောင့်ရှောက်ခဲ့ရတာပါ။ အဲဒီ အချိန်တုန်းကတော့ သားသမီးနဲ့ ပတ်သက်တဲ့ အရေးကိစ္စ မှန်သမျှ ကိုယ့်တာဝန်သာ ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သားသမီးတွေဟာ အမှီအခို ကင်းလာပါတယ်။ သားသမီးရဲ့ အရေးကိစ္စ မှန်သမျှဟာ မိဘရဲ့ တာဝန်မဟုတ်တော့ဘူးလို့ အရွယ်ရောက်လာတဲ့ သားသမီးတွေက တဖြည်းဖြည်း ယူဆလာကြပါတယ်။ ဒါကို ဒီအတိုင်း လွှတ်ပေးလိုက်ဖို့ ဆိုတာဟာ မိဘတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုပါပဲ။
မိဘတွေ အနေနဲ့ ကိုယ့်သားသမီးကို ပျော်ရွှင်ချမ်းမြေ့စေချင်ကြပါတယ်။ ဆင်းရဲဒုက္ခ မခံရစေချင်ကြပါဘူး။ ဒါကြောင့် အခြေအနေ အမျိုးမျိုးမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ပြဿနာ မျိုးစုံကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျွမ်းကျင်မှုတွေ စွမ်းရည်သတ္တိတွေ ရှိလာအောင် ပညာသင်ကြား ပေးကြပါတယ်။ ဒီလောက်ပဲ တတ်နိုင်ပါတယ် ကိုယ့်သားသမီး ဆင်းရဲဒုက္ခ မရောက်ရရအောင် ဘယ်မိဘမှ ဘ၀တစ်လျှောက်လုံး သားသမီးနောက်က တကောက်ကောက်လိုက်ပြီး ကာကွယ်စောင့်ရှောက် မပေးနိုင်ပါဘူး။ သားသမီးတွေ အိမ်ပြန်နောက်ကျတာ မိဘအတွက် စိတ်ပူစရာပေါ့။ အပြင်မှာ ပြဿနာတွေ ရင်ဆိုင်ရနိုင်တယ်လေ။ မိဘဆွေမျိုး မျက်နှာပျက်ရမယ့် ကိစ္စမျိုးတွေလည်း လုပ်လာခဲ့နိုင်တယ်လေ။ ဒါပေမယ့် သားသမီးနောက်က ၂၄-နာရီ အချိန်ပြည့် လိုက်ကြည့်မနေနိုင်ပါဘူး။ နေရာတကာ စိတ်ပူနေရင် ကိုယ်ပဲ စိတ်ဆင်းရဲရမှာပေါ့။
ကိုယ်ငယ်ငယ်ကလည်း ကိုယ့်မိဘတွေ ကိုယ့်ကို ချစ်ခဲ့ကြတာပေါ့။ မိဘတွေ ကိုယ့်ကို ပျော်ရွှင်ချမ်းမြေ့စေချင်ကြတာပေါ့။ အမြဲတမ်း အရိပ်တကြည့်တကြည့် နေချင်ကြတာပေါ့။ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ် ထူထောင်ကြတော့မယ်ဆိုတော့ မိဘတွေက ခွင့်ပြုလိုက်ကြရတာပါပဲ။ ကိုယ် သားသမီး ဖြစ်ခဲ့တုန်းကလည်း မိဘတွေက ပညာတွေ သင်ပေးခဲ့ကြတာပေါ့။ ဒီလိုနဲ့ ကိုယ့်ဘ၀ကိုယ် ရပ်တည်ရှင်သန်ရင်း အမှားတွေ လုပ်မိခဲ့ကြတာပဲ မဟုတ်လား။ အမှားတွေ ကြုံခဲ့ကြပေမယ့် ဘ၀ကတော့ ဆက်လက်ရှင်သန်နေတာပဲ မဟုတ်လား။ မှားခဲ့ကြတယ်။ အမှားကနေ သင်္ခန်းစာ ယူကြတယ်။ ဒီလိုပဲ ဆက်လက် ရပ်တည် ရှင်သန်ကြတယ်။ ကိုယ့်သားသမီးတွေလည်း ဒီလိုပဲ ဖြစ်လာကြမှာပါ။
ကိုယ့်သားသမီး၊ ကိုယ့်အိမ်သား၊ ကိုယ့်မိဘ၊ ကိုယ့်မိတ်ဆွေ အစရှိတဲ့ ကိုယ် ချစ်ခင်မြတ်နိုးရသူ တစ်ယောက်ယောက် မှားယွင်းမှု တစ်ခုခု ကျူးလွန်နေတာကို တွေ့ရမြင်ရတာဟာ တကယ့်ကို မသက်သာပါဘူး။ စိတ်ညစ်စရာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်က ကြားဝင်ပြီး ဘယ်လိုမှ မကာကွယ် မဟန့်တားနိုင်ပါဘူး။ အတူရပ်တည်ပေးပြီး မှားယွင်းမှုကနေ သင်္ခန်းစာ ယူနိုင်အောင်သာ ကူညီပေးရုံပဲ တတ်နိုင်ပါတယ်။
သားသမီးတွေ ကောင်းစားစေချင်တာနဲ့ ပတ်သက်လို့ သားသမီးက မိဘဆုံးမတာကို နားမထောင်တဲ့ အခါမှာ မိဘတွေဟာ အစွန်းရောက်သွားတတ်ကြပါတယ်။ အစွန်းတစ်ခုက သားသမီးကို ကန့်သတ်လွန်းတာ ဖြစ်ပါတယ်။ နှုတ်ကြမ်းတဲ့ အရာရှိတစ်ယောက်လို ပုံစံမျိုးနဲ့ သားသမီးကို အော်ဟစ်ငေါက်ငမ်းတတ်ကြပါတယ်။ ဘယ်သွားနေတာလဲ၊ ဘယ်သူတွေနဲ့ ပေါင်းနေတာလဲ၊ ဘယ်အချိန် အိမ်ပြန်လာမှာလဲ စတဲ့ မေးခွန်းတွေမေးပြီး သားသမီးတွေ မအီမသာ ရှက်ကိုးရှက်ကန်းဖြစ်အောင် လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ တရားလွန်လွန်းတယ်၊ အနိုင်ယူလွန်းတယ်၊ လွတ်လပ်မှုကို ကန့်သတ်လွန်းတယ်လို့ သားသမီးတွေ အထင်ရောက်သွားတတ်ကြပါတယ်။ ဒီလို အမြင်မကြည်ရာကနေ ကလန်ကဆန်တွေ ပိုပြီးတော့ လုပ်လာတတ်ပါတယ်။
နောက် အစွန်းတစ်မျိုးကတော့ သားသမီးကို အလွန်အကျွံ အလိုလိုက်တာ ဖြစ်ပါတယ်။ အိမ်ကို ဟိုတယ်တစ်ခုလို သဘောထားပြီး ၀င်ချင်တဲ့အချိန်ဝင် ထွက်ချင်တဲ့အချိန်ထွက် သားသမီးတွေ စိတ်တိုင်းက လုပ်ခွင့် ပေးထားတတ်ကြပါတယ်။ မိဘတွေက သားသမီးရဲ့ အ၀တ်အစားတွေ လျှော်ဖွပ်ပေးရတယ်။ အိမ်သန့်ရှင်းရေး အခန်းသန့်ရှင်းရေး လုပ်ပေးရတယ်။ စားချိန်တန်ရင် ခူးခပ်ပြင်ဆင်ပေးရတယ်။ စားပြီးရင် ဆေးကြောသုတ်သင် ပေးရတယ်။ အားလုံး မိဘတာဝန်ချည်းပဲ။ ဒီလို မဖြစ်သင့်ပါဘူး။ မိသားစုဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီရတယ်၊ အပြန်အလှန် မှီခိုရတယ်ဆိုတာကို ကလေးတွေ ငယ်ငယ်ကတည်းက လက်ခံနိုင်အောင် သင်ပေးထားသင့်ပါတယ်။ ကလေးတွေ ကိုယ့်တာဝန် ကိုယ်ယူတတ်အောင်၊ မိသားစု တာဝန်ကို မျှဝေယူတတ်အောင် သင်ပေးထားသင့်ပါတယ်။ ကလေးတွေ သင့်တော်တဲ့ အရွယ် ရောက်တာနဲ့ ကိုယ့်အ၀တ် ကိုယ်လျှော်ဖို့ တာဝန်ပေးသင့်ပါတယ်။ အိမ်သာသန့်ရှင်းရေး အိမ်သန့်ရှင်းရေး မီးဖိုချောင်ကိစ္စ စားရေးသောက်ရေးကိစ္စတွေ ကူညီ လုပ်ကိုင်ဆောင်ရွက်ဖို့ တာဝန်ပေးထားသင့်ပါတယ်။ ဒါတွေဟာ သမီးမိန်းကလေးနဲ့သာ ဆိုင်တာ မဟုတ်ပါဘူး။ သားယောက်ျားလေးတွေကိုလည်း ဒီတာဝန်တွေ ပေးသင့်ပါတယ်။
ဒီနည်းနဲ့ ကလေးတွေ အိမ်ကို မိသားစုကို ခင်တွယ်လာအောင် သံယောဇဉ်ရှိလာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ဆယ်ကျော်သက်တွေ အိမ်ပြန်နောက်ကျတဲ့ ပြဿနာ ပြေလည်သွားနိုင်ပါတယ်။
:)
ရှင်အာစာရ
ရည်ညွှန်း
pp 27-29, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)
No comments:
Post a Comment