Monday, June 6, 2011

Sammasamadhi-anapanassati - သမ္မာသမာဓိ-အာနာပါနဿတိ | ဂိုအင်ဂါမိန့်ခွန်း ဒုတိယပိုင်း

၂ဝဝ၄-ခုနှစ်၊ ဒီဇင်ဘာ ၉-ရက်မှ ၁၁-ရက်အထိ
ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာဆဋ္ဌပါသာဏလိုဏ်ဂူတော်ကြီးအတွင်း ကျင်းပသော “ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံ”၌
ဝိပဿနာဆရာကြီး ဦးဂိုအင်ဂါ ပြောကြားသည့်မိန့်ခွန်း (ဒုတိယပိုင်း) ဘာသာပြန်

သံဃာတော်များနှင့် ဓမ္မမိတ်ဆွေ အပေါင်းတို့ ...။

ပြီးခဲ့တဲ့ ဟောပြောချက်ထဲမှာ ဗုဒ္ဓတရားတော်အကြောင်း အခြေခံနဲ့ တရားတော်ရဲ့ ဆွဲဆောင်နိုင်မှု၊ လူများစွာရဲ့ လက်ခံနိုင်မှုတို့ကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။

ဟိုခေတ်က အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးနောက်ခံ အခြေအနေ အားလုံကို ခြုံကြည့်လိုက်တဲ့အခါ တရားသဘော တစ်ချို့ဟာ ဗုဒ္ဓပွင့်တော်မမူခင် ကတည်းက ရှိနှင့်ပြီးသား ဖြစ်တယ်ဆိုတာ ထင်ရှားလာပါတယ်။ သီလဆိုတာ ဗုဒ္ဓရှင်တော်မြတ် ကမ္ဘာကို ပေးအပ်တော်မူခဲ့တဲ့ တရားအသစ်တစ်ခု မဟုတ်ပါဘူး။ ဗုဒ္ဓပွင့်တော်မမူခင်ကရော၊ ဗုဒ္ဓခေတ်မှာရော၊ ဗုဒ္ဓရှိတော်မမူတဲ့ နောက်မှာပါ သီလကို ဟောကြားတဲ့ ဆရာတွေ ရှိခဲ့ပါတယ်။ ဗုဒ္ဓကတော့ သီလနဲ့ သီလနောက်မှာရှိတဲ့ ပညာတို့အကြောင်း အသေးစိတ် ညွှန်ပြတော်မူခဲ့ပါတယ်။

ဘာ့ကြောင့် သီလကို ကျင့်သုံးသင့်တယ်ဆိုတာ ကိုယ်တိုင်နားလည်အောင် ဗုဒ္ဓက နည်းလမ်း ညွှန်ပြတော် မူခဲ့ပါတယ်။ သီလတစ်မျိုးမျိုးကို ဖောက်ဖျက်တဲ့ အခါတိုင်းမှာ၊ ကိုယ့်စိတ်ထဲမှာ အဖျက်သဘော တစ်ခုခု မမွေးမြူဘဲ ဖောက်ဖျက်လွန်းကျူးလို့ မရပါဘူး။ အမျက်ဒေါသ၊ အမုန်းရန်ငြိုး၊ အာဃာတ၊ ရန်လိုမှု-စတဲ့ အဖျက်သဘောတရား တစ်ခုခုကို ဖြစ်စေတဲ့ အမူအကျင့်ကို ပြုမိရင် ကိုယ်ကိုယ်တိုင် အဲဒီအဖျက်သဘောတွေရဲ့ ဒုက္ခသားကောင် အရင်ဖြစ်ရတဲ့ အတွက်ကြောင့် အဲဒီအပြုအမူဟာ ကိုယ့်ကိုယ်ပဲ ဒုက္ခပေးတယ်ဆိုတာလည်း သင့်တော်တဲ့ အကျင့် တစ်ခုခုကို ကျင့်သုံးခြင်းအားဖြင့် နားလည်နိုင်ပါတယ်။

ဒါတွေဟာ ကိုယ်တွေ့ကြုံတဲ့ အခါမှာ ပိုပြီး ရှင်းပါတယ်။ ‘ပုဗ္ဗေ ဟနတိ အတ္တာနံ၊ ပစ္ဆာ ဟနတိ သော ပရေ’၊ ‘ဒေါသဟာ ကိုယ့်ကိုယ်ကို အရင် ဖျက်ဆီးပြီးမှ သူတစ်ပါးကို ဖျက်ဆီး ပါတယ်’တဲ့။ သူတစ်ပါးရဲ့ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မျှတမှုကို မဖျက်ဆီးခင် ကိုယ့်ရဲ့ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မျှတမှုကို အရင်ဖျက်ဆီးပါတယ်။

အတွေ့အကြုံကတစ်ဆင့် ပညာကို ပျိုးထောင်နိုင်တဲ့ အခါကျရင် ငါးပါးသီလထဲက တစ်ခုခုကို ဖောက်ဖျက် မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ အဖျက်သဘောကို အရင်မွေးမြူရတယ်ဆိုတာ နားလည်လာပါတယ်။ မကောင်းတဲ့စိတ်ကို မွေးမြူလိုက်တိုင်း ဆင်းရဲရမှာပါပဲ။

ကာယာနုပဿနာအဆင့်မှာ ဒီအမှန်တရားကို နားလည်လာပါလိမ့်မယ်။ ခန္ခာမှာ တွေ့ကြုံတဲ့ အဖျက်သဘောကို မဇ္ဈိမပဋိပဒါကျကျ စောင့်ကြည့်နိုင်မယ်ဆိုရင် အရင်းအမြစ်ကျတဲ့ စိတ်ရဲ့ မကောင်းတဲ့ အမူအကျင့် အကုသိုလ်ကို အလွယ်တကူ လွန်မြောက်နိုင်ပါ လိမ့်မယ်။

ဒါ့ကြောင့် ဗုဒ္ဓညွှန်ပြခဲ့တဲ့ နည်းစနစ်ဟာ ပညာကို အခြေခံပါတယ်။ သီလက ပညာကို ထောက်ပံ့ပြီး ပညာကလည်း သီလကို ပံ့ပိုးပါတယ်။ လက်ဆေးတဲ့အခါမှာ လက်နှစ်ဘက်ဟာ တစ်ဘက်ကို တစ်ဘက် အပြန်အလှန် ပွတ်တိုက်ပေးသလို ပါပဲ။ သီလနဲ့ ပညာဟာ အချင်းချင်း အပြန်အလှန် သန့်စင်စေပါတယ်။

ဗုဒ္ဓလက်ထက်တော်တုန်းက သာဓိထူထောင် လေ့ကျင့်နည်းတွေ မြောက်များစွာ ရှိခဲ့ပါတယ်။ ဗုဒ္ဓ မပွင့်ခင်ကတောင်မှ သမာဓိအကျင့်ကို ကျင့်တဲ့သူတွေ ရှိခဲ့ပါတယ်။ ဘုရားလောင်း သူတော်ကောင်းဖြစ်တဲ့ သိဒ္ဓတ္ထဟာ လောကီစျာန် ခုနစ်ပါးနဲ့ လောကီစျာန် ရှစ်ပါးကို လေ့လာဖို့ အာဠာရကာလာမ ရသေ့နဲ့ ဥဒကရာမပုတ္တတို့ဆီကို အသီးသီး ချဉ်းကပ်ခဲ့ပါတယ်။ အဲဒီခေတ်က စျာန်ရစေတဲ့ အကျင့်တွေကို ကျင့်သုံးခဲ့ကြပါတယ်။ သင်ပြပေးကြ ပါတယ်။ သမာဓိကို ဘုရားရှင် စခဲ့တာ မဟုတ်ပါဘူး။

ဗုဒ္ဓက သမာဓိအကျင့်ကို သမ္မာသမာဓိဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ လောကီအရာမျှသာ ဖြစ်တဲ့ သမာဓိကို လုံးဝလွတ်မြောက်ရာဆီ ဦးတည်တဲ့ လောကုတ္တရာသမာဓိအဖြစ် ပြောင်းလဲ တော်မူခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဖြန့်ဝေ တော်မူခဲ့တဲ့ တရား ဖြစ်ပါတယ်။

အဲဒီခေတ်က အိန္ဒိယ ပြည်သူတွေဟာ စဉ်းစားနှိုင်းချိန်ရုံ အဆင့်သာဖြစ်တဲ့ ပညာနဲ့ဆိုင်တဲ့ အချက်တစ်ချို့ကို နားလည်ခဲ့ကြပါတယ်။ ကြားနာမှုကရတဲ့ သုတမယဉာဏ်၊ ဒါမှမဟုတ် စဉ်းစားမှုကရတဲ့ စိန္တာမယဉာဏ်တွေသာ ရှိခဲ့ ပါတယ်။ ဗုဒ္ဓ ဖြန့်ဝေတော်မူခဲ့တဲ့ အသစ်အဆန်းက လက်တွေ့ကျင့်သုံးလို့ နားလည်ရတဲ့အသိ ဘာဝနာမယဉာဏ် ဖြစ်ပါတယ်။

ဗုဒ္ဓက တစ်စုံတစ်ယောက်ကို စစ်ဆေး မေးမြန်းနေတာမျိုးတွေ ပိဋကတ်တော်မှာ တွေ့ရပါတယ်။

“သင်တို့ မည်သို့ထင်သနည်း။ သင်တို့၏ ရုပ်နာမ်သည် အနိစ္စလော နိစ္စလော”

အမေးခံရတဲ့သူ ပြန်ဖြေတာက “အနိစ္စပါဘုရား”တဲ့။

“ပြောင်းလဲနေတဲ့ အရာဟာ သုခလား ဒုက္ခလား”

“ဒုက္ခပါဘုရား”
“အနိစ္စတရား၊ ဒုက္ခတရား မှန်သမျှကို ‘ငါ’ ‘ငါ့ဥစ္စာ’ ‘ငါဝိဉာဉ်’ဟု ဆိုသင့်ပါသလား”

ဖြေတာက “မဆိုသင့်ပါဘုရား”တဲ့။

“ကိံ မညသိ-သင်ဘယ်လိုထင်သလဲ”လို့ ဗုဒ္ဓက မကြာခဏ မေးတော်မူခဲ့ပါတယ်။

“မှန်ပါဘုရား။ ဒီတရားကို အနိစ္စ ဒုက္ခ အနတ္တအဖြစ် ယုံကြည်ပါတယ်ဘုရား”လို့ အဖြေပေးပါတယ်။

ဗုဒ္ဓ မိန့်တော်မူတာက “ကောင်းပါပြီ။ ဇာန၊ ပဿ- သိမြင်နားလည်ပါ၊ တွေ့ကြုံခံစားပါ။ ပဿ-ဝိပဿနာရှုပါ။ လေ့လာစောင့်ကြည့်ပါ။ နောက်ပြီး ဇာန-နားလည်သဘောပေါက်ပါ”တဲ့။

သိမြင်နိုင်ဖို့ (ပဿ)နဲ့ တွေ့ကြုံခံစားနိုင်ဖို့အတွက် ဗုဒ္ဓက သတိပဋ္ဌာန်တရားကို ဟောတော်မူခဲ့ ပါတယ်။ ဒါဟာ လူသားအတွက် ဗုဒ္ဓချီးမြှင့်တော်မူခဲ့တဲ့ လက်ဆောင်မွန်ပဲ ဖြစ်ပါတယ်။ လုံးဝလွတ်မြောက်ရာဆီ ဦးတည်နေတဲ့ လမ်းကြောင်းပေါ် ဘယ်လို လျှောက်လှမ်းရမယ်ဆိုတာ ရိုးရိုးရှင်းရှင်း ညွှန်ပြခဲ့ တာတွေပဲ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှန်းမှာ ရှိနေတဲ့ ထင်ရှားတဲ့ ဂိုဏ်းတစ်ခုဟာ ကိုးကွယ်ယုံကြည်မှု သက်သက်ကိုပဲ လက်ခံပါတယ်။ သူတို့ဟာ နတ်တစ်မျိုးမျိုး၊ ဗြဟ္မာတစ်မျိုးမျိုး၊ ဒါမှမဟုတ် အနန္တစွမ်းအားရှင် ထာဝရဘုရားထံမှာ ကိုးကွယ်ဆည်းကပ်ပြီး ဆုတောင်းကြပါတယ်။ ဆုတောင်းပတ္ထနာပြုကြသူတွေ အားလုံးဟာ တောင့်တမှုတွေနဲ့ ပြည့်နှက်နေကြပါတယ်။ ဒါမျိုးဟာ ဗုဒ္ဓရဲ့ တရားတော် မဟုတ်ပါဘူး။

“ဘယ်သူမှ သင့်ကို လွတ်မြောက်အောင် လုပ်မပေးနိုင်ဘူး။ ငါကိုယ်တော်တိုင် သင့်ကို လွတ်မြောက်အောင် လုပ်မပေးနိုင်ဘူး။ လွတ်မြောက်ရေး နည်းလမ်းကို ညွှန်ပြရုံသာ ငါတတ်နိုင်တယ်။ သင့်ရဲ့ ကိုယ်ပိုင် လွတ်မြောက်ရေးအတွက် သင်ကိုယ်တိုင် ကြိုးပမ်းရမယ်”လို့ ဗုဒ္ဓ မိန့်တော်မူခဲ့ပါတယ်။ “တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။ ‘တထာဂတ’တို့သည် လမ်းညွှန်ရုံသာ ညွှန်တော်မူ၏”တဲ့။

အဖျက်သဘောကို စိတ်ထဲမှာ မွေးမြူမိရင် ဆင်းရဲဒုက္ခ ရောက်ရပါတယ်။ ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။ ဘုရားရှင်က ခင်များတို့ကို ဒဏ်ခတ်တော် မမူပါဘူး။ လောဘ၊ ဒေါသ၊ မောဟပွားတယ်ဆိုရင် ဆင်းရဲပင်ပမ်းရတယ်ဆိုတဲ့ သဘာဝနိယာမ ရှိနေတဲ့အတွက်ကြောင့် ဆင်းရဲပင်ပမ်းရတာပါ။ အဲဒါဟာ ဓမ္မနိယာမတာ-ဆိုတဲ့ သဘာဝနိယာမ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟမရှိရင် ဒုက္ခကင်းဝေး ပါတယ်။ တစ်ဦးတစ်ယောက်ဟာ စိတ်မှာ အဖျက်သဘာဝ ကင်းတယ်ဆိုရင် သူ့ဆီကနေ ဗြဟ္မဝိဟာရ (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) တရားတွေ အလိုအလျောက် ထွက်ပေါ်လာတာပါပဲ။ တစ်စုံတစ်ယောက်ရဲ့ စိတ်ဟာ ဗြဟ္မဝိဟာတရားတွေနဲ့ ပြည့်စုံနေရင် သဘာဝတရားက အဲဒီ ပုဂ္ဂိုလ်ကို ဆုချပါတော့တယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ အလွန်ပဲ ပျော်ရွှင် ငြိမ်းချမ်းရပါတယ်။  ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။

ဒုက္ခကနေ လွတ်မြောက်စေတဲ့ အရိယာလမ်းစဉ် မဂ္ဂင်ရှစ်ပါးကို သီလ၊ သမာဓိ၊ ပညာ-လို့ သုံးမျိုး ခွဲခြားနိုင်ပါတယ်။ သီလကို စောင့်သုံးသင့်ပါတယ်။ သီလ လုံခြုံနိုင်ဖို့ စိတ်ကို ထိန်းချုပ်ထားပြီး ဖြစ်ရပါမယ်။ စိတ်ကို ထိန်းချုပ်နိုင်ဖို့ သမာဓိအကျင့်ကို ကျင့်ရပါမယ်။ မဂ္ဂင်ရှစ်ပါးမှာ ဘုရားရှင်ဟာ လွတ်မြောက်ရေး လမ်းစဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သမ္မသမာဓိကိုပဲ ထည့်သွင်းဖော်ပြ ခဲ့ပါတယ်။

သမာဓိ ထူထောင်နည်းတွေ အများကြီး ရှိပါတယ်။ စိတ်စူးစိုက်ရာမှာ အထောက်အကူ ပေးနိုင်တဲ့ ဝတ္ထုအာရုံတွေ မြောက်များစွာ ရှိပါတယ်။ ဗုဒ္ဓကလည်း ကမ္မဋ္ဌာန်းလေးဆယ် ပေးတော်မူခဲ့ပါတယ်။ ဒါပေမယ့် အသက်ရှူမှုကို အရှိအတိုင်း စောင့်ကြည့်ရတဲ့ အာနာပါနသတိ (အာနာပါနဿတိ)ကိုပဲ အများဆုံး ဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ဟာ အာနာပါနဿတိလောက် သေးစိတ်နဲ့ အကြိမ်များများ ဘယ်ကမ္မဋ္ဌာန်း အာရုံကိုမှ ညွှန်ပြဆွေးနွေးတော်မူခြင်း မရှိခဲ့ပါဘူး။

သိဒ္ဓတ္ထ မင်းသားဟာ အလွန်ပြင်းထန်တဲ့ ဒုက္ကရစရိယာ အပါအဝင် တစ်ခြား ဘယ်သမာဓိကမှ ဒုက္ခကို အမြစ်ပြတ်စေမှာ မဟုတ်ဘူးလို့ နားလည်တဲ့ အခါမှာ မဇ္ဈိမပဋိပဒါကို ဖော်ထုတ်တော်မူခဲ့ ပါတယ်။ ကလေးဘဝ တုန်းက သူ့ရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ အထိန်းတော်တွေ (လယ်ထွန်မင်္ဂလာ) ပွဲသဘင်ကို စိတ်ဝင်စားနေကြတဲ့ အခိုက်မှာ အာနာပါနကမ္မဋ္ဌာန်း စီးဖျန်းခဲ့တာကို ပြန်သတိရခဲ့တယ်။ အဲဒီအချက်ဟာ သူ့ကို ငြိမ်းချမ်းအေးမြမှု များစွာ ဆောင်ချဉ်းပေးခဲ့ပါတယ်။ အစွန်းနှစ်ဘက်ကို ပယ်စွန့်ပြီးတဲ့နောက်မှာတော့ ‘သဘာဝအသက်ရှူ-ရှုမှတ်မှု’ကို စတင်ခြင်းအားဖြင့် လွတ်မြောက်မှု ခရီးကို ဆက်လက် ချီတက်တော်မူခဲ့ပါတယ်။

ဒါကြောင့် ဘုရားရှင် ညွှန်ကြားတော်မူခဲ့တဲ့ သမာဓိအရာမှာ အာနာပါနဟာ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ကျွန်တော်ဟာ အာနာပါနဿတိကို ကျွန်တော့်ဆရာ ဆရာကြီး ဦးဘခင် ဆီကနေ သင်ယူခဲ့ပါတယ်။ ဟောဒီ သီးခြားနည်းလမ်းကို ကျွန်တော့်ဆရာဆီကနေ သင်ယူခဲ့ရတဲ့ အတွက်ကြောင့် ဒီနည်းကို ကျွန်တော် အသေးစိတ် ရှင်းပြမှာ ဖြစ်ပါတယ်။ (နောက်ကွယ်က အကြောင်းတစ်ခုလည်း ပါတာပေါ့။) ဒီလို ရှင်းပြတဲ့နေရာမှာ တစ်ဦးတစ်ယောက်ရဲ့ အယူအဆကို ထိခိုက်ဖို့ မရည်ရွယ်ပါဘူး။ ဆရာကြီးဆီက သင်ယူခဲ့တဲ့ ဒီနည်းစနစ်ကို ရှင်းပြရင်းနဲ့ တစ်ခြားသော နည်းစနစ်ကို မတော်တဆ ဝေဖန်တိုက်ခိုက်ရာ ရောက်ခဲ့ရင် တောင်းပန်ထားပါရစေ။ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်-စတဲ့ တူညီတဲ့ ပင်စည်နဲ့ အမြစ်တို့ကနေ ခွဲထွက်လာပြီး၊ သီးပွင့်စေမယ့် သစ်စေးအရည်ရှိတဲ့ အကိုင်းအခက်လိုမျိုး ဗုဒ္ဓရဲ့ အဆုံးအမ၊ ကြီးမြတ်တဲ့ အစဉ်အလာ အားလုံးကို ကျွန်တော် လေးစားပါတယ်လို့ပဲ ပြောနိုင်ပါတယ်။

လူ့အဖွဲ့အစည်းကို ဒုက္ခပေးတဲ့ ပြဿနာတွေရဲ့ အဖြေကို ရရှိဖို့အတွက် ဗုဒ္ဓတရားတော်ကို ကမ္ဘာက ပိုပိုပြီး ကြည့်လာပါပြီ။ ဒီအချက်က အစဉ်အလာ အယူအဆ မတူကြတဲ့ ဗုဒ္ဓသာဝကတွေရဲ့ တာဝန်ကို တိုးမြှင့် လိုက်ပါပြီ။ ကျွန်တော်တို့ဟာ အရေးမကြီးတဲ့ ကွဲလွဲမှုတွေကို မျက်ကွယ်ပြုသင့်ပါတယ်။ အစဉ်အလာ အယူအဆ အားလုံးအတွက် တူညီတဲ့ အခြေခံ တရားတော်တွေကို အလေးပေးသင့်ပါတယ်။

အသက်ရှူခြင်းဆိုတာ အသိရှိတဲ့ ဖြစ်စဉ်နဲ့ အသိကင်းတဲ့ဖြစ်စဉ်၊ စေတနာပါတဲ့ ဖြစ်စဉ်နဲ့ စေတနာ မပါတဲ့ ဖြစ်စဉ်တို့ အကြားက ပေါင်းကူးတံတား ဖြစ်ပါတယ်။ အဲဒါဟာ ရုပ်နဲ့နာမ် နှစ်ခုကြားက ပေါင်းကူးတံတား ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

အာနာပါနဿတိ ဖြစ်ဖို့အတွက် နှာသီးဝရဲ့အောက်၊ အထက်နှုတ်ခမ်းရဲ့ အပေါ်မှာ (ကျရောက်တဲ့) အသက် ရှူရှိုက်မှုကို သိနေဖို့ လိုပါတယ်။ ‘ဥတ္တရောဋ္ဌဿ ဝေမဇ္ဈပ္ပဒေသော’ဆိုတဲ့အတိုင်း အထက်နှုတ်ခမ်းရဲ့ အလယ်ကို စူးစိုက်ထားတဲ့ သမာဓိ ဖြစ်ပါတယ်။

ကျွန်တော် မွေးဖွား ကြီးပြင်းခဲ့ရတဲ့ ရိုးရားအစဉ်အလာမှာ အာနာပါနဿတိကို သင်ပြပေးပါတယ်။ ဒါပေမယ့် ပါးစပ်က ရွတ်ဆိုရတာ၊ ဒါမှမဟုတ် စိတ်က မှန်းကြည့်ရတာတွေ ပါဝင်ပါတယ်။ အဲဒီ အာနာပါနဟာ ဗုဒ္ဓတရားတော်ကနေ မွေးစားခဲ့ပြီး ပြောင်းလဲလာခဲ့တာ ဖြစ်ပုံရပါတယ်။ ကျွန်တော့်ရဲ့ ကလေးဘဝနဲ့ စောစောပိုင်း လူငယ်ဘဝတုန်းက နှုတ်နဲ့ ရွတ်ဆိုရုံ စိတ်နဲ့ မှန်းကြည့်ရုံလောက်ပဲ အများဆုံး ကြားသိခဲ့ရပါတယ်။

ဒါပေမယ့် ကျွန်တော့်ဆရာကတော့ ယထာဘူတ-ဆိုတဲ့အတိုင်း ပါးစပ်ကရွတ်တာ၊ စိတ်ကမှန်းဆတာ၊ ကြံတွေးယူတာတွေ မပါဘဲ အသက်ရှူမှုကို အရှိအတိုင်း ရှုမှတ်ဖို့ ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်။ လေဝင်လာတဲ့အတိုင်း၊ လေထွက်သွားတဲ့အတိုင်း၊ အသက်ရှူမှုကို သဘာဝအတိုင်း စောင့်ကြည့်ဖို့ သင်ပေးခဲ့ပါတယ်။ “အာနာပါနဿတိဆိုတာ အသက်ရှူလေ့ကျင့်ခန်း မဟုတ်ဘူး”လို့ ဆရာက ကျွန်တော့်ကို ပြောပါတယ်။

အာနာပါနဿတိဟာ အသက်ရှူမှုကို ထိန်းချုပ်ရတဲ့ ‘ပြာဏာယာမ’နဲ့ မတူပါဘူး။ ကျွန်တော့်ဆရာဟာ သမထအာရုံဖြစ်တဲ့ သဘာဝအသက်ရှူမှုကို အလေးပေးပါတယ်။ ရိုးရိုး အသက်ရှူမှု၊ အသက်ရှူမှု သက်သက်၊ ဘာမှမပါတဲ့ အသက်ရှူမှု၊ သီးသန့် အသက်ရှူမှု အရှိအတိုင်းကိုပဲ ဦးစားပေးပါတယ်။ သဘာဝအတိုင်း လေဝင်လာတာ၊ သဘာဝအတိုင်း လေထွက်သွားတာကိုပဲ ဦးစားပေးပါတယ်။ ဒါဟာ ဗုဒ္ဓဟောတော်မူခဲ့တဲ့ တရား အသစ် အဆန်း မဟုတ်ပါဘူး။ “အရှိ အရှိအတိုင်း”ဆိုတဲ့ “ယထာဘူတ”ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓတရားတော် အားလုံးဟာ ယထာဘူတဖြစ်ပါတယ်။ အမှန်ကို သင်ပြတာ ဖြစ်ပါတယ်။ ဖန်တီးထားတဲ့၊ ဒါမှမဟုတ် အတုအယောင်ဖြစ်တဲ့ ‘ယထာကတ’ မဟုတ်ပါဘူး။ ကြံစည်စိတ်စိတ်ကူးထားတဲ့ ‘ယထာကပ္ပိတ’ မဟုတ်ပါဘူး။ တွေးခေါ်မှန်းဆထားတဲ့ ‘ယထာစိန္တိတ’ မဟုတ်ပါဘူး။
သဘာဝ အသက်ရှူမှုကို သိမှတ်ခြင်းလိုမျိုးပေါ့။ အခြေခံကျတဲ့ အပေါ်ယံ အကြမ်းစား အမှန်တရားကနေ အဆုံးစွန် အမှန်တရား ပရမတ္ထသစ္စာ နိဗ္ဗာန်ဆီရောက်အောင် အရှိတရား ဒါမှမဟုတ် အမှန်တရားကို သဘာဝအတိုင်း သင်ပြပေးတာ ဖြစ်ပါတယ်။ အပေါ်ယံ အကြမ်းစား အမှန်တရား ပညတ်ကနေ အဆုံးစွန် အမှန်တရား ပရမတ္ထသစ္စာ ရောက်အောင် သင်ပြပေးတာ ဖြစ်ပါတယ်။

“အရညဂတော ၀ါ ရုက္ခမူလဂတော ၀ါ သုညာဂါရဂတော ၀ါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတောဝ အဿသတိ, သတောဝ ပဿသတိ။ ဒီဃံ ၀ါ အဿသန္တော ‘ဒီဃံ အဿသာမီ’တိ ပဇာနာတိ, ဒီဃံ ၀ါ ပဿသန္တော ‘ဒီဃံ ပဿသာမီ’တိ ပဇာနာတိ။ ရသံ ၀ါ အဿသန္တော ‘ရသံ အဿသာမီ’တိ ပဇာနာတိ, ရသံ ၀ါ ပဿသန္တော ‘ရသံ ပဿသာမီ’တိ ပဇာနာတိ။ ‘သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီ’တိ သိက္ခတိ, ‘သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီ’တိ သိက္ခတိ။ ‘ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီ’တိ သိက္ခတိ, ‘ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီ’တိ သိက္ခတိ။ သမုဒယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ဝဟရတိ, ဝယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ, သမုဒယဝယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ”တဲ့။

ဝင်လေထွက်လေက နက်ရှိုင်းရင် နက်ရှိုင်းတယ်ပေါ့။ တိမ်နေရင် တိမ်တယ်ပေါ့။ သဘာဝ အသက်ရှူမှုကို မထိန်းချုပ်ပါနဲ့။ စောင့်သာ ကြည့်ပါ။ ဘာမှ မလုပ်ပါနဲ့။ စောင့်ကြည့်ရုံသက်သက် လေ့လာရုံသက်သက်ပါ။ ဘာမှ မလုပ်ပါနဲ့။ ဒီ အာနာပါနဿတိအကြောင်း ရှင်းပြဖို့ ဥပမာပေးလေ့ ရှိပါတယ်။ မြစ်ကမ်းပေါ်မှာထိုင်ပြီး မြစ်ရေ စီးဆင်းမှုကို ဘာမှ မစွက်ဘဲ ကြည့်တဲ့ လူတစ်ယောက်လို ပါပဲ။ ဒီနေ့ အိန္ဒိယစကားမှာ အဲဒါကို တဋသ္ထ-လို့ ခေါ်ပါတယ်။ ‘မြစ်ကမ်းပေါ်ထိုင်ခြင်း’လို့ တိုက်ရိုက် အဓိပ္ပာယ် ရပါတယ်။

နှုတ်ကရွတ်ဖတ်မယ်၊ စကားလုံး တစ်ခုခု ဒါမှမဟုတ် နတ်ဒေဝါရဲ့အမည်ကို ရွတ်ဆိုမယ်၊ ဒါမှမဟုတ် စိတ်က မှန်းဆကြည့်မယ်ဆိုရင် စိတ်ဟာ ပိုပြီး သမာဓိ ရလွယ်ပါတယ်။ အသက်ရှူမှုကိုသာ ရှုမှတ်တာကတော့ နည်းနည်းပိုပြီး အချိန်ယူရပါမယ်။ ရွတ်ဖတ်မှုဟာ ဘာသာအမျိုးမျိုးမှာ ကွဲပြားနိုင်ပါတယ်။ ဟိန္ဒူက ‘ရာမ၊ ရာမ၊ ရာမ’လို့ ရွတ်နိုင်ပါတယ်။ မွတ်ဆလင်က ‘အလ္လာ၊ အလ္လာ၊ အလ္လာ’လို့ ရွတ်နိုင်ပါတယ်။ ခရစ်ယန်က ‘ဂျီးဇက်၊စ်၊၊ ဂျီးဇက်၊စ်၊၊ ဂျီးဇက်၊စ်၊’လို့ ရွတ်နိုင်ပါတယ်။ ဒါဟာ အားလုံးနဲ့ဆိုင်တဲ့ သမထအာရုံ မဟုတ်ပါဘူး။ ‘ဓမ္မ’ဆိုတာ အားလုံးနဲ့ဆိုင်ပါတယ်။

အသက်ရှူမှုဆိုတာ ဟိန္ဒူလည်း မဟုတ်ပါဘူး။ မွတ်ဆလင်လည်း မဟုတ်ပါဘူး။ ခရစ်ယန်လည်း မဟုတ် ပါဘူး။ ဂျိန်းလည်း မဟုတ်ပါဘူး။ ဒါကြောင့် အာနာပါနဟာ ကျယ်ပြန့်လာပါတယ်။ ဂိုဏ်းဂဏမစွဲတဲ့ စကားလုံးတွေကို အသုံးြုပရွတ်ဆို နိုင်ပါတယ်။ ကျွန်တော့်ဆရာကတော့ ရွတ်ဆိုတာ မကောင်းဘူးလို့ ပြောပါတယ်။ စကားလုံး တစ်ခုခုကို ရွတ်ဆိုဖန်များလာတဲ့အခါ မကြာခင်မှာ မန္တာန် ဖြစ်လာပါတယ်။ ရွတ်ဆိုတဲ့ စကားလုံးပေါ်မှာ အာရုံ ရောက်နေတဲ့အတွက် အဲဒီရွတ်ဖတ်မှုဟာ နောက်တစ်ဆင့်ဖြစ်တဲ့ ဝိဿနာကိုရောက်ဖို့ အဟန့်အတား ဖြစ်လာပါတယ်။ အသက်ရှူမှုအပေါ် ထားတဲ့ သတိဟာ အာနည်းလျော့ပါး လာပါလိမ့်မယ်။ ရွတ်ဆိုတဲ့ စကားလုံးတွေ အပေါ်မှာ ကြောင့်ကြပိုလာပါလိမ့်မယ်။ အာနာပါနဿတိ ပျောက်ဆုံး သွားပါလိမ့်မယ်။

အသက်ရှူမှု၊ သီးသန့်အသက်ရှူမှု၊ ဘာမှမပါတဲ့ အသက်ရှူမှုကိုပဲ ရှုမှတ်ဖို့ ဆရာကြီး ဦးဘခင်က ကျွန်တော့်ကို ညွှန်ကြားခဲ့ပါတယ်။ နက်နက်ရှိုင်းရှိုင်း ရှူရင် နက်ရှိုင်းတယ်ပေါ့။ တိမ်တိမ်ရှူရင် တိမ်တယ်ပေါ့။ ရှုမှတ်ရုံသက်သက်ပါ။ ဘာမှ မပါဘူး။ ဘုရားရှင်က ကျွန်တော်တို့ကို ယထာဘူတ-ဆိုတဲ့အတိုင်း အသက်ရှူမှုကို သဘာဝအတိုင်း ရှုစေချင် တာပါ။

အသက်ရှူမှုကို ထိန်းချုပ်ရင် အာရုံစူးစိုက်မှုက ထိန်းချုပ်တဲ့ဆီ ရောက်သွားပါမယ်။ တကယ့်သဘာဝ အရှိတရားအပေါ်မှာ အာရုံစိုက်မှု မရှိတော့ပါဘူး။ ဖန်တီးမှုဆီ ရောက်သွားပါမယ်။ ဒါ့ကြောင့် သမထအာရုံဟာ သဘာဝအတိုင်း လေဝင်လာမှု၊ သဘာဝအတိုင်း လေထွက်သွားမှုဆိုတဲ့ သဘာဝအသက်ရှုမှုသာ ဖြစ်ရမယ်လို့ မြတ်စွာဘုရား အလေးပေးတော်မူခဲ့တာပါ။

‘သော သတောဝ အဿသတိ၊ သော သတောဝ ပဿသတိ’တဲ့။ အသက်ရှူမှုက ညာဘက်နှာခေါင်းပေါက်မှာ ဖြစ်နေရင် ညာဘက်နှာခေါင်းပေါက်မှာ ဖြစ်နေတယ်လို့ ရှုမှတ်ပါ။ ဘယ်ဘက်နှာခေါင်းပေါက်မှာ ဖြစ်နေရင် ဘယ်ဘက်နှာခေါင်းပေါက်မှာ ဖြစ်နေတယ်လို့ ရှုမှတ်ပါ။ နှာခေါင်းပေါက် နှစ်ဘက်လုံးမှာ ဖြစ်နေရင် နှာခေါင်းပေါက်နှစ်ဘက်လုံးမမှာ ဖြစ်နေတယ်လို့ ရှုမှတ်ပါ။

သဘာဝအတိုင်း ဖြစ်နေတဲ့ ဝင်လေထွက်လေကို ဘာမှ စွက်ဖက်ဖို့ မကြိုးစားပါနဲ့။ အဲဒီအခါ သင်ဟာ ဘုရားရှင်ရဲ့ ညွှန်ကြားချက်နဲ့အညီ အလုပ်စခန်း ဝင်နေတာ ဖြစ်ပါတယ်။ သဘာဝ ဝင်လေထွက်လေကို ခံစားမိဖို့ ရည်ရွယ်တယ်လို့ စိတ်ထဲမှာ ထားရပါမယ်။ သဘာဝ အသက်ရှူမှုဟာ ဘယ်လောက်ပဲ သိမ်မွေ့နေပါစေ၊ ဘယ်လောက်ပဲ နူးညံ့နေပါစေ သူ့ကို ခံစားသိရှိနိုင်ရပါမယ်။ ရည်ရွယ်ချက်က အဲဒါပါပဲ။

သဘာဝ အသက်ရှူမှုကို သတိပြုရတဲ့ အကျင့်မှာ ဘုရားရှင် ရည်ရွယ်တာက အာရုံခံစားရတာကို သိခြင်းဆိုတဲ့ နောက်တစ်ဆင့်အထိ ရောက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝိပဿနာတရား အားထုတ်တဲ့အခါမှာ ယထာဘူတ-ဆိုတဲ့အတိုင်း သဘာဝအတိုင်း ရှိနေတဲ့ ဝင်လေထွက်လေဟာ အရေးကြီးပါတယ်။ ဘုရားရှင် ညွှန်ကြား တော်မူခဲ့တဲ့ အချက်က တကယ် ရှင်းပါတယ်။

၁။       ဝင်လေကို သိရမယ်၊
၂။       ထွက်လေကို သိရမယ်၊
၃။       မုခ-ဆိုတဲ့ နှုတ်ခမ်းအထက်က နေရာကို သိရမယ်-လို့ ပဋိသမ္ဘိဒါမဂ်မှာ ဟောတော်မူခဲ့ပါတယ်။ အဲဒါကို ‘မုခနိမိတ္တေ’လို့ မိန့်တော်မူပါတယ်။

သစ်တုံးကို ဖြတ်ဖို့အတွက် လက်သမားက လွှကို အသုံးပြုခြင်းဟာ သင့်တော်တဲ့ ဥပမာဖြစ်ပါတယ်။ သစ်တုံးကို လွှနဲ့ဖြတ်တော့မယ်ဆိုရင် လွှရဲ့ အလျားတစ်ခုလုံးကို ကြည့်မယ်ဆို ကြည့်နိုင်ပါတယ်။ တကယ်ဖြတ်တဲ့ အခါမှာတော့ လွှတစ်ခုလုံး ရွေ့လျားနေပေမယ့် လွှနဲ့သစ်သား ထိတဲ့ နေရာကိုပဲ အာရုံစိုက်ပါတယ်။ အလားတူပါပဲ။ ယောဂီဟာ ဝင်လေထွက်လေကိုု အာရုံစိုက်ပါတယ်။

နောက်ပြီး (နှာသီးဝ၊ တနည်းပြောရရင် နှာခေါင်းဖျားရဲ့အောက်-အပေါ်နှုတ်ခမ်းရဲ့အထက်) လေတိုးထိတဲ့ နေရာမှာ စူးစိုက်ရပါတယ်။ ‘မုခနိမိတ္တ’ဆိုတာဟာ ‘နာသိကဂ္ဂ’ဆိုတဲ့ နှာခေါင်းရဲ့ ရှေ့ပိုင်း နှာသီဝ အဝင်ပေါက်ကို ဆိုလိုတာ ဖြစ်တဲ့အကြောင်း ပဋိသမ္ဘိဒါမဂ်နဲ့ ဝိဘင်းပါဠိတော်တို့မှာ အတိအကျ အပြတ်အသား ရှင်းပြထားပါတယ်။ ‘ဥတ္တရ-ဩဋ္ဌဿ-မဇ္ဈိမပ္ပဒေသော’လို့ ဆိုပါတယ်။ ‘ဥတ္တရ’ဆိုတာ ‘အပေါ်မှာ’လို့ အဓိပ္ပာယ်ရပါတယ်။ (‘ဩဋ္ဌ’ဆိုတာ ‘နှုတ်ခမ်း’ ဖြစ်ပါတယ်)။ ‘မဇ္ဈိမပဒေသ’ဆိုတာ ‘အလယ်ပိုင်း’ကို ဆိုလိုပါတယ်။

သတိပဋ္ဌာနသုတ်မှာ ‘ပရိမုခံ သတိံ ဥပဋ္ဌပေတွာ’လို့ ဘုရားရှင် မိန့်တော်မူခဲ့ပါတယ်။ သတိဆိုတာ နိုးကြားနေတာ ဖြစ်ပါတယ်။ ‘ပရိမုခံ’ (ကမ္မဋ္ဌာနာဘိမုခံ၊ မုခသမီပေ) ဆိုတာ နှုတ်ခမ်းအထက်ပိုင်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ နိုးနိုးကြားကြား သိမှတ်မှုကို ထူထောင်ရပါမယ်။

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
ဇာနတော စ တယော ဓမ္မေ၊ ဘာဝနာ ဥပလဗ္ဘတိ။ . . . . .

ဘိက္ခု နာသိကဂ္ဂေ ၀ါ မုခနိမိတ္တေ ၀ါ သတိံ ဥပဋ္ဌပေတွာ နိသိန္နော ဟောတိ, န အာဂတေ ၀ါ ဂတေ ၀ါ အဿာသပဿာသေ မနသိကရောတိ, န အာဂတာ ၀ါ ဂတာ ၀ါ အဿာသပဿာသာ အဝိဒိတာ ဟောန္တိ, .  . . . .

အသိ သတိ ဥပဋ္ဌိတာ ဟောတိ သုပဋ္ဌိတာ နာသိကဂ္ဂေ ၀ါ မုခနိမိတ္တေ ၀ါ။ တေန ဝုစ္စတိ “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”တိ။

လက်တွေ့ကျင့်တဲ့အခါ ဘာကြောင့် ဒီဧရိယာ သေးသေးလေးကို ရွေးရတယ်ဆိုတာ နားလည်လာ ပါတယ်။ ဝင်လေနဲ့ ထွက်လေဟာ ဒီဧရိယာကို ဖြတ်ကျော်သွားရပါတယ်။ အပေါ်နှုတ်ခမ်းရဲ့အထက် နှားသီးဖျားရဲ့အောက် လေဝင်ပေါက် ဧရိယာကို ဝင်လေနဲ့ ထွက်လေက ထိခိုက် သွားရပါတယ်။ ဒါကြောင့် ဘုရားရှင်က သင့်ကို အဲဒီနေရာမှာ အာရုံစိုက် နေစေချင်တာပါ။ နှာတံရှည်တဲ့ သူတွေအတွက် နှာသီးဖျားနားက လေဝင်ပေါက်ရဲ့ အပြင်ဘက် အောက်ပိုင်းကို လေတိုးတယ်လို့ ထင်ရပါတယ်။ နှာတံတိုတဲ့ သူတွေအတွက် လေဟာ သဘာဝအားဖြင့် အထက်နှုတ်ခမ်းရဲ့ အပေါ်မှာ လာထိပါတယ်။ ဒါကြောင့် ဘုရားရှင်က အားလုံးအတွက် အဆင်ပြေမယ့် ဧရိယာကို ရွေးခြယ်ခဲ့ပါတယ်။ ‘နာသိကဂ္ဂေ ဥတ္တရောဋ္ဌဿ မဇ္ဈိမပ္ပဒေသေ’တဲ့။
ဘုရားရှင်က သင့်ကို ‘လေဝင်လာတယ်၊ လေထွက်သွားတယ်’လို့ မှန်းဆ မကြည့်စေချင်ပါဘူး။ ဝင်လေ-ထွက်လေကို တကယ် ခံစားမိရပါမယ်။ အာရုံစိုက် ကြည့်တဲ့အခါ ဒီဧရိယာထဲက တစ်နေရာရာမှာ လေတိုးတာကို သင်ခံစားရပါမယ်။ သင်တန်းသား အသစ်အတွက်တော့ ‘နှာခေါင်းထဲ လေဝင်လာတာကို ခံစားမိရင်ပဲ ကောင်းပါပြီ’ လို့ ကျွန်တော်တို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒီဧရိယာ သေးသေးလေးမှာပဲ ရှုမှတ်နိုင်ရပါတယ်။

ဘာ့ကြောင့်လဲ။ စိတ္တဿ ဧကဂ္ဂတာ-ဆိုတဲ့ စိတ်တည်ငြိမ်မှု သမာဓိဟာ အခြေခံ ဖြစ်လိုပါပဲ။ ဘုရားရှင် ပေးခဲ့တဲ့ အကျင့်လမ်းမှာ သင်ဟာတိုးတက်မှုကို ထိန်းထားနိုင်တဲ့အခါ ‘စူးစိုက်ရှုမှတ်ရမယ့် နေရာဟာ သေးနိုင်သမျှ သေးရမယ်’ဆိုတာ ထင်ရှားလာပါတယ်။ ‘သမထအာရုံဟာ သိမ့်မွေ့ရမယ်’ ဆိုတာလည်း ထင်ရှားလာပါလိမ့်မယ်။ ဒါကြောင့် စိတ် အလွန်အကျွံ ပျံ့လွင့်နေတဲ့အခါ အသက်ပြင်းပြင်း ရှုနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်သမျှ မြန်မြန်၊ မိနစ်အနည်းငယ်အတွင်းပေါ့၊ ပုံမှန် ပြန်ပြီး အသက်ရှူရပါမယ်။

စိတ်တည်ငြိမ်မှု ရလာတာနဲ့ အသက်ရှူမှုဟာ နူးညံ့နူညံ့ လာပါလိမ့်မယ်။ သိမ့်မွေ့သိမ်မွေ့ လာပါလိမ့်မယ်။ တိုတောင်းတိုတောင်း လာပါလိမ့်မယ်။ အားစိုက်ဖို့ မလိုပါဘူး။ သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။ တစ်ခါတစ်ခါ ရှူထုတ်လိုက်တဲ့လေဟာ ထွက်သွားပြီးတာနဲ့ ‘ဂ’ငယ်ကွေ့ ကွေ့ပြီး ပြန်ဝင်လာတယ် ထင်ရလောက်အောင် အသက်ရှူမှု တိုတောင်းလာပါတယ်။ ဝင်လေထွက်လေဟာ ခြည်မျှင်လေးလို သေးသေးသွယ်သွယ် ဖြစ်လာပါတယ်။ ရှုတဲ့ဧရိယာ သေးငယ်ပြီး သမထအာရုံ သိမ်မွေ့တဲ့ အခါမှာ ယောဂီဟာ အနှောင့်အယှက် မရှိဘဲ ဆက်လက် ရှုမှတ်ပါတယ်။ သူ့စိတ်ကလည်း အရမ်း ထက်မြက်လာပါတယ်။ ယောဂီရဲ့စိတ်ဟာ ထက်မြက်ပြီး ရှုမှတ်တဲ့ ဧရိယာမှာ စူးစိုက်နေတဲ့အခါ သူ့စိတ်ဟာ ရှုမှတ်တဲ့ ဧရိယာမှာရှိတဲ့ ခံစားမှုကို မြန်မြန်ခံစား လာနိုင်အောင် အာရုံခံစွမ်းရည် မြင့်လာပါတယ်။ သမထရဲ့ ရည်ရွယ်ချက်၊ အာနာပါနရဲ့ ဦးတည်ရာဟာ နောက်တစ်ဆင့်ဖြစ်တဲ့ ဝိပဿနာကို ကျင့်သုံးရေး ဖြစ်ပါတယ်။

ဗုဒ္ဓဟာ ကျွန်တော်တို့ကို တကယ်စနစ်ကျတဲ့ နည်းနဲ့ သင်ပြပေးခဲ့ပါတယ်။ သေးငယ်တဲ့ အရှုမှတ်ခံ ဧရိယာမှာ သဘာဝအသက်ရှူမှုနဲ့ စတင်လေ့ကျင့်ပါ။ အသက်ရှူမှုဟာ နူးညံ့နူးညံ့ လာပါလိမ့်မယ်။ စိတ်ဟာ ထက်မြက်ထက်မြက် လာပါလိမ့်မယ်။ နောက်ပြီး အာရုံခံစားရမှု စတင်ပါလိမ့်မယ်။ ကမ္ဘာတစ်ဝှန်းလုံးပါပဲ၊ စခန်း လာဝင်ကြတဲ့သူတွေဟာ ဒုတိယနေ့၊ တတိယနေ့မှာ ဒီ အရှုမှတ်ခံ ဧရိယာမှာဖြစ်တဲ့ ခံစားမှုကို ရရှိကြပါတယ်။

ကိလေသာ အားလုံးကို အမြစ်ဖြတ်ခြင်းအားဖြင့် စိတ်စင်ကြယ်အောင်လုပ်ဖို့ ရည်ရွယ်တယ်ဆိုရင် နာမ-ရူပဆိုတဲ့ ရုပ်နာမ်သဘာဝကို လေ့လာစောင့်ကြည့်ရပါမယ်။ အသက်ရှူမှုဟာ နာမ်ရုပ်နဲ့ ဆက်ဆပ်နေတဲ့ အမှန်တရား ဖြစ်ပါတယ်။ အကြမ်းစား အမှန်တရားနဲ့စပြီး ပိုမိုသိမ်မွေ့တဲ့ အမှန်တရားဆီ ကူးပြောင်းရပါမယ်။ အဲဒီနောက် အာရုံခံစားမှုနဲ့ ပတ်သက်လို့လည်း အကြမ်းကနေ အနုဆီ ကူးပြောင်းရပါမယ်။ ဗုဒ္ဓတရားတော်ဟာ ယောဂီကို ဩဠာရိက ကနေ သုခုမဆီ ပို့ပေးပါတယ်။ ကြမ်းရာမှ နုရာသို့၊ ကြမ်းရာမှ နုရာသို့၊ ရုပ်နာမ်နဲ့ ဆက်စပ်နေတဲ့ အသိမ့်မွေ့ဆုံး အမှန်တရားဆီသို့ ပို့ပေးပါတယ်။ နောက်ပြီး ရုပ်နာမ်ရဲ့ နောက်ကွယ်မှာရှိတဲ့ အမှန်တရားဆီ ပို့ပေးပါတယ်။

ယောဂီဟာ ဝင်လေထွက်လေကို ရှုမှတ်တဲ့ခါ နာမ်ရုပ်မှာပါဝင်တဲ့ အမှန်တရားနဲ့ ပတ်သက်နေပါတယ်။ ဝင်လေထွက်လေဟာ နာမ်ရုပ်နဲ့ ဆက်စပ်နေပါတယ်။ အစပိုင်းမှာတော့ ရုပ်နဲ့သာ ဆက်စပ်မှု ရှိတယ်လို့ ထင်ရ ပါတယ်။ ဆိုလိုတာက ခန္ဓာဗေဒ အလုပ်တစ်ခုသာ ဖြစ်တယ်လို့ ထင်ရတာပါ။ ဟုတ်ပါတယ်။ အဲဒါဟာ မှန်ပေမယ့် တစ်စိတ်တစ်ဒေသသာ မှန်ပါတယ်။

လက်တွေ့စပြီး လေ့ကျင့်တဲ့ အခါမှာ အသက်ရှူမှုဟာ ခန္ဓာဗေဒလှုပ်ရှာမှုမျှသာ မကဘဲ စိတ်နဲ့လည်း နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်ဆိုတာ ထင်ရှားလာပါတယ်။ အားထုတ်တဲ့ယောဂီဟာ ဝင်လေထွက်လေကို ရှုမှတ်ခါစမှာ အသက်ရှူမှု နှစ်ခု သုံးခုကိုပဲ ရှုမှတ်နိုင်တယ်။ နောက်ပြီး စိတ် ပျံ့လွင့်သွားတယ်။ တစ်ခါ ပြန်မှတ်တယ်။ နှစ်မှတ် သုံးမှတ်ပါပဲ။ စိတ်ပျံ့လွင့် ပြန်တယ်။ ရှုမှတ်ခါစ ယောဂီအများစု ဒီလို ဖြစ်တတ်ပါတယ်။

နည်းနည်း သမာဓိ ရလာတာနဲ့ အသက်ရှူမှုဟာ တိုတောင်း တိုတောင်းလာမယ်။ သိမ်မွေ့ သိမ်မွေ့လာမယ်။ ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။ စိတ်ဓာတ် ပိုမို တည်ငြိမ်လာတာနဲ့ အသက်ရှူမှုဟာ သိမ်မွေ့သည်ထက် သိမ်မွေ့လာမယ်။ အသက်ရှူမှု ပိုမို နူးညံ့လာတယ်။ စိတ်ဟာ အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်လာတယ်။ တစ်ခါ ရုတ်တရက်ပဲ စိတ် ပျံ့လွင့်သွားပြန်ရော။ စိတ်ဟာ အတိတ်က အဖြစ်အပျက် တစ်ချို့ကို ပြန်စဉ်းစားတယ်။ ဒါမှမဟုတ် အနာဂတ် အရေးကို ကြိုတင်မှန်းဆတယ်။ ဒါကို သိလိုက်တဲ့အခါ စိတ်ပျက်တယ်။ အဲဒီနောက် စိတ်မပျက်ဖို့ အပြောခံရတယ်။ သည်းခံနေဖို့ တိုက်တွန်းခံရတယ်။

တစ်ခါတစ်ခါ ‘ဒီကောင်က ငါ့ကို နှောင့်ယှက်စွက်ဖက်တာပဲ၊ ဒီကောင်မက ငါ့ကို ဒုက္ခ ပေးတာပဲ’ဆိုတဲ့ ဒေါသအတွေး စိတ်မှာ ဝင်လာတယ်။ ဒေါသဖြစ်တာနဲ့ တစ်ပြိုင်နက် အသက်ရှူမှုဟာ ပုံမှန် မဟုတ်တော့ဘူးဆိုတာ သတိထားမိတယ်။ အသက်ရှူ ပြင်းလာတယ်၊ မြန်လာတယ်။ ပုံမှန် သဘာဝ ပျောက်ဆုံးသွားတော့တာပဲ။ ဒေါသ ပြေပျောက်သွာတော့ အသက်ရှူတာ ပုံမှန် ပြန်ဖြစ်လာတယ်။

လောဘ၊ ဒေါသနဲ့ တစ်ခြားကိလေသာတွေကိုလည်း အလားတူပဲ သတိထားမိတယ်။ ဒါကြောင့် ယောဂီဟာ ‘အသက်ရှူမှု ဘယ်လို ဖြစ်ပေါ်လာတယ်၊ ရုပ်နဲ့နာမ် ဘယ်လို ဆက်စပ်မှု ရှိတယ်၊ နာမ်က ရုပ်ကို ဘယ်လို လွှမ်းမိုးတယ်၊ ရုပ်က နာမ်အပေါ် ဘယ်လို ဩဇာသက်ရောက်တယ်’ဆိုတဲ့ ရုပ်နာမ်ဓမ္မ သဘာဝ တစ်ခုလုံးကို နားလည်လာတယ်။ ဒါတွေ အားလုံးဟာ လက်တွေ့အဆင့်မှာ နားလည်ရမယ့် အရာတွေ ဖြစ်ပါတယ်။
ယောဂီဟာ ဝင်လေထွက်လေကို စောင့်မှတ်နေတဲ့ ဒီဧရိယာမှာ အာရုံခံစားမှု တစ်ခုမဟုတ်တစ်ခု ခံစားရပါတယ်။ အဲဒီနောက် သူဟာ အာရုံခံစားမှုအပေါ်မှာ ဘာမှ မတုံ့ပြန်ဘဲ စောင့်မှတ်နေဖို့ ညွှန်ကြားခံရပါတယ်။ ကမ္မဋ္ဌာန်းအားထုတ်သူဟာ ယားယံတယ်ဆိုရင် ယားတာကို စောင့်မှတ်ဖို့ ညွှန်ကြားခံရပါတယ်။ ယားတဲ့နေရာကို မကုတ်ရပါဘူး။ ဘယ်လောက်ကြာကြာ တည်နေနိုင်သလဲဆိုတာ စောင့်ကြည့်နေရုံပါပဲ။ ယားယံမှုဟာ အချိန် အတော်ကြာကြာပဲ ပိုပို ဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် အနှေးနဲ့အပြန်ပဲ ကွာမယ်။ ပြေပျောက်သွားပါတယ်။ အဲဒါဟာ အမြဲမတည်နိုင်ပါဘူး။ အဲဒါဟာ ကွယ်ပျောက်သွားဖို့ ဖြစ်ပေါ်လာရတာပါ။ အဲဒါဟာ အေးမှု ပူမှု တုန်ခါမှုစတဲ့ တစ်ခြား အာရုံခံစားမှုတွေလိုပါပဲ။

ယောဂီဟာ စောင့်ပဲကြည့်နေဖို့ ညွှန်ကြားခံရပါတယ်။ ဘာမှ မလုပ်ရပါဘူး။ ယောဂီဟာ ရုတ်တရက် တုံ့ပြန်တတ်တဲ့ စိတ်ရဲ့ အကျင့်ပါနေတဲ့ ပုံစံကို စပြောင်းလိုက်ပါတယ်။ ဒါ့ကြောင့် ယောဂီဟာ အာနာပါန လုပ်နေရင်း ပညာအလုပ်ကို စမိပါတယ်။ နာမ်ရုပ် ထင်ရှားရှိတဲ့ ဘဝ ရှိတဲ့နေရာတိုင်းမှာ ခံစားမှု ရှိနေပါတယ်။ ဒါဟာ သဘာဝနိယာမ ဖြစ်ပါတယ်။

(စိတ်)နာမ်တရား ခန္ဓာကိုယ်ကနေ ကွဲကွာသွားတဲ့ အခါမှာ ရုပ်ခန္ဓာ သေပါတယ်။ ဒါကြေင့် နာမ်ရှိတဲ့ နေရာမှာ ဘဝရှိပါတယ်။ ဖဿပစ္စယာ ဝေဒနာ။ အာရုံနဲ့ အာရမ္မဏိက ပေါင်းမိတဲ့အခါတိုင်း ဝေဒနာ ဖြစ်ပေါ်ပါတယ်။ စိတ်တည်ငြိမ်မှု သမာဓိ ရဖို့သာ ရည်ရွယ်တာ မဟုတ်ဘဲ သန္တိသုခပရမတ်နိဗ္ဗာန် ရရှိတဲ့အထိ ကိလေသာအလုံးကို အမြစ်ဖြတ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ နားလည်တယ်ဆိုရင် ယောဂီပုဂ္ဂိုလ်ဟာ သမ္မာသမာဓိ ကျင့်စင်အဖြစ်နဲ့ အာနာပါနဿတိရဲ့ အရေးပါမှုကိုပါ နားလည်ပါတယ်။ လုံးဝ လွတ်မြောက်ဖို့အတွက် ယောဂီ ပုဂ္ဂိုလ်ဟာ ဝိပဿနာပညာအထိ သွားရပါမယ်။ ခံစားမှု အားလုံးကို သိအောင်လုပ်ရပါမယ်။ ဗုဒ္ဓ ကြွရောက်တော်မူ ခဲ့တဲ့ နောက်ဆုံးပန်းတိုင်ဆီ ပို့ပေးတဲ့ လမ်းကို လိုက်လျှောက်ဖို့အတွက် ဗုဒ္ဓလုပ်စေချင်တာကို လုပ်ရပါမယ်။

အာရုံခံစားမှု သဘာဝတရားကို တွေ့သိနိုင်ရေးအတွက် စိတ်ကို လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။ ပထမတော့ အထက်နှုတ်ခမ်းရဲ့အပေါ် နှာသီးဖျားရဲ့အောက်ဆိုတဲ့ ဒီဧရိယာပေါ့။ နောက်တော့ ခန္ဓာကိုယ် တစ်ခုလုံးမှာ သိနေရပါမယ်။ ဒါဟာ အာနာပါနဿတိ ဘယ်လောက် အရေးပါတယ် ဆိုတာပါပဲ။ အဲဒါဟာ ရိုးရိုးရှင်းရှင်းနဲ့ သိပ္ပံနည်းကျတဲ့ ခံစားမှုကို သိမှတ်နည်း ဖြစ်ပါတယ်။ ဝိပဿနာသင်တန်းမှာ သုံးရက်အတွင်း ဒီခံစားမှုကို ရပါတယ်။ စားမှုကို အာရုံခံစားခြင်းအားဖြင့် သိမှတ်တာကို စောင့်ကြည့်ရင်း ယောဂီဟာ ဝင်လေ ထွက်လေကို အာရုံစိုက်ပါတယ်။

“ဝေဒနာသု ဝေဒနာညတရာဟံ, ဘိက္ခဝေ, ဧဝံ ဝဒါမိ ယဒိဒံ - အဿာသပဿာသာနံ သာဓိကံ မနသိကာရံ။ တသ္မာတိဟ, ဘိက္ခဝေ, ဝေဒနာသု ဝေဒနာနုပဿီ တသ္မိံ သမယေ ဘိက္ခု ၀ိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ၀ိနေယျ လောကေ အဘိဇ္စျာဒေါမနဿံ”တဲ့။

ဗုဒ္ဓဟာ စနစ်ကျပြီး အဆင့်မြင့်တဲ့ သွန်သင်ပြသမှုကို ပေးတော်မူပါတယ်။ အာနာပါနဿတိကို ညွှန်းပြ သင်ကြားစဉ်မှာ ဗုဒ္ဓဟာ နောက်ဆုံးပရမတ္ထပန်းတိုင်ကို မျက်ခြေမပြတ်ခဲ့ ပါဘူး။ ‘နာဟံ၊ ဘိက္ခဝေ၊ မုဋ္ဌဿတိဿ အသမ္ပဇညဿ အာနာပါနဿတိံ ဝဒါမိ’တဲ့။ သမ္ပဇဉ်နဲ့ မတွဲဘူးဆိုရင် သမာဓိကို ပြည့်စုံတယ်လို့ ဘုရားရှင် မသတ်မှတ်ခဲ့ပါဘူး။

သမ္ပဇဉ်ကို အောက်ပါအတိုင်း မိန့်တော်မူပါတယ်။

“ကထဉ္စ, ဘိက္ခဝေ, ဘိက္ခု သမ္ပဇာနော ဟောတိ? ဣဓ, ဘိက္ခဝေ, ဘိက္ခုနော ၀ိဒိတာ ဝေဒနာ ဥပ္ပဇ္ဇန္တိ, ၀ိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ . . . . . ဧဝံ ခေါ, ဘိက္ခဝေ, ဘိက္ခု သမ္ပဇာနော ဟောတိ။ သတော, ဘိက္ခဝေ, ဘိက္ခု ၀ိဟရေယျ သမ္ပဇာနော။ အယံ ဝေါ အမှာကံ အနုသာသနီ”တဲ့။

“ရဟန်းသည် ခန္ဓာ၌ ဒေနာတို့ ဖြစ်ပေါ်လာမှုကို သိ၏။ တည်နေမှုကို သိ၏။ ချုပ်ပျောက်မှုကို သိ၏။ ခန္ဓာ၌ သညာတို့ ဖြစ်ပေါ်လာမှုကို သိ၏။ တည်နေမှုကို သိ၏။ ချုပ်ပျောက်မှုကို သိ၏။ ခန္ဓာ၌ ဖြစ်လာသော အာရုံအပေါ် စိတ်ညွတ်မှုတိုင်းကို သိ၏”တဲ့။ ဒါဟာ ဘုရားရှင် ဟောတော်မူခဲ့တဲ့ သမ္ပဇဉ် ဖြစ်ပါတယ်။

(ဝိပဿနာအကျင့်ဟာ သမ္ပဇည ဖြစ်တဲ့အတွက် သမ္ပဇညကို နောက်ဟောပြောချက်မှာ ဆွေးနွေးပါမယ်။)

မှန်မှန်ကန်ကန် ကျင့်သုံးတယ်ဆိုရင် အာနာပါနဿသတိဟာ နောက်တစ်ဆင့်ဖြစ်တဲ့ ပညာအကျင့် အရိယာ လမ်းစဉ်ကို အရောက်ပို့ပေးပါတယ်။ ဝိပဿနာဘာဝနာဖြစ်တဲ့ ပညာအကျင့်ကို နောက်ဟောပြောမှုမှာ အသေးစိတ် ဆွေးနွေးပါမယ်။

အားလုံးဆီအရောက် ငြိမ်းချမ်းမှု ဆောင်ချဉ်းပေးနိုင်စွမ်း ရှိတဲ့၊ ထာဝရ တည့်တံ့နေမယ့် ဗုဒ္ဓရဲ့ ဆန်းသစ်ဖော်ထုတ် တွေ့ရှိမှုလည်းဖြစ်တဲ့ အာနာပါနဿတိကို မယုံကြည်သေးသူများ စမ်းသပ် ကျင့်သုံးနိုင် ကြပါစေ။ ဗုဒ္ဓရဲ့ ဆုံးမမှုကို ယုံကြည်လက်ခံနိုင်သူများ ဓမ္မလမ်းပေါ် လက်တွေ့ လျှောက်လှမ်းနိုင်ကြပါစေ။ ဓမ္မလမ်းပေါ် လျှောက်လှမ်းဆဲ ပုဂ္ဂိုလ်များ အပြင်းအထန် အားထုတ်ပြီး ပိုမို တိုးတက်နိုင်ကြပါစေ။

ဘဝတု သဗ္ဗမင်္ဂလံ။
သတ္တဝါအာလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ဂိုအင်ဂါ

အပ္ပမာဒဓမ္မရသမဂ္ဂဇင်းမှာ ထည့်ခဲ့တယ်ဆိုတာပဲ မှတ်မိပါတော့တယ်။ အတွဲ အမှတ် မမှတ်မိတော့ပါ။
:)
ရှင်အာစာရ

No comments:

Post a Comment