သားတစ်ယောက် ဖွားမြောက်လိုက်ပြီဖြစ်ကြောင်း သိဒ္ဓတ္တ သိလိုက်၏။ မီးရောင်ထိန်ထိန်လင်းသည့် လမ်းတို့၌ မြို့သူမြို့သားများ ပျော်မြူးနေကြသည်ကို သူမြင်၏။ ပုဏ္ဏားတော်တို့၏ ဝေဒရွတ်ဖတ်သံကိုလည်း သူကြားနေရသည်။ နေပြည်တော် တစ်ဝှန်းလုံး လရောင်ထဲ နစ်မြုတ်လျက် ရှိသည်ကိုလည်း သတိထားမိလိုက်၏။ တိမ်လုံးဖြူကြီးတစ်ခု လမင်းဆီသို့ တရွေ့ရွေ့ ချဉ်းကပ်လာပြီး လမင်းတစ်ခုလုံး ရုတ်တရက် ဖုံးအုပ်လိုက်သည်ကို သူ ကြည့်နေ၏။ တစ်စုံတစ်ရာက သူ့ကို ပုတ်နှိုးသတိပေးလိုက်သလို ခံစားလိုက်မိ၏။ ချက်ချင်းပင် ဝတ်လဲတော်ခန်းသို့ သွားရောက်ပြီး အဝတ်အစားများ လဲဝတ်၏။ မွေးကင်းစ သားငယ်နှင့် ဇနီးသည်တို့ကို တွေ့မြင်လိုစိတ် ပြင်းပြစွာ ဖြစ်ပေါ်နေ၏။ ခြေသံလုံအောင် ဂရုစိုက်လှမ်းရင်း ယသောဓရာ အိပ်စက်နေသည့် မီးနေဆောင် တံခါးဝသို့ ချဉ်းကပ်လိုက်သည်။ စူးရှသော အမွှေးနံ့ကို ရှူလိုက်ရ၏။ တံခါးဝမှ ခေါင်းပြူကြည့်လိုက်စဉ် သတိရှိရှိ စောင့်နေသော အထိန်းတော် ခုဇ္ဇုတ္တရာက ခေါင်းထောင်၍ ပြန်ကြည့်၏။
“ကျွန်မ . . .။ မင်းသမီးရော ကလေးပါ အိပ်စက်နေပါစေ . . .”ဟု မင်းသားက လေသံဖြင့် ပြော၏။
“ကောင်းပါပြီ အရှင့်သား။ မင်းသမီးရော ကလေးပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေကြပါတယ် ဘုရား . . .။”
“နှစ်ယောက်လုံး နေကောင်းကြတယ် မဟုတ်လား . . .။”
“မှန်လှပါ . . . နှစ်ယောက်လုံး နေကောင်းကြပါတယ် ဘုရား . . .။”
“ဟဲ့ ကျွန်မ . . . သေသေချာချာ ပြောစမ်း . . .။ ခု မွေးဖွားတာ သားလေး ဟုတ်ရဲ့လား . . .။”
“သဘောကျ နှစ်ခြိုက်တော်မူပါ အရှင့်သား . . .။ အရှင့်သားရဲ့ ကြင်ယာတော် မင်းသမီး သားတော်လေး မွေးဖွားခဲ့တာ သေချာပါတယ် ဘုရား . . .။”
“ငါ သိချင်တာ ဒါပဲ . . .။ မင်းသမီးကိုရော ကလေးကိုပါ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါ . . .။ ငါ သွားမယ် . . .။”
သိဒ္ဓတ္တ မင်းသားသည် မထွက်ခွာမီ မတ်တပ်ရပ်လျက် မင်းသမီးနှင့် သားတော်လေးကို ငေးစိုက်ကြည့်နေရင်း စိတ်ကူးဖြင့် စကားဆိုနေ၏။
“ယသောဓရာ . . . မင့်ကို ငါ ပြောခဲ့တဲ့ အတိုင်းပဲ . . . ငါ သွားတော့မယ် . . .။ ခမည်းတော်မင်းကြီးရဲ့ လိုအင်ဆန္ဒ ပြည့်ဝအောင် သားတော်လေးကို ကျွေးမွေးပြုစု စောင့်ရှောက်လိုက်ပါ။ ငါ ထွက်ခွာဖို့အတွက် အခုထက် ကောင်းမြတ်တဲ့အချိန် မရှိနိုင်တော့ဘူး။ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါ အားလုံးတို့ရဲ့ ကောင်းကျိုးချမ်းသာအတွက် ဉာဏ်အလင်း ရှာဖွေဖို့ ငါ သွားတော့မယ် . . .။ ငါ ပြန်လာမှာပါ။ ဒါပေမယ့် ဘုရားမဖြစ်မချင်းတော့ ပြန်လာမှာ မဟုတ်ဘူး။ ချစ်ရတဲ့ ယသော် . . . မောင်တော် သွားမယ် . . .။ သား . . . ခမည်းတော် သွားမယ် . . .။”
သိဒ္ဓတ္ထသည် လှေခါးမှ ဖြည်းညှင်းစွာ ဆင်းလာခဲ့ပြီး နန်းဆောင်ရှေ့ ကွင်းပြင်ကို ခပ်သုတ်သုတ်ဖြတ်လိုက်သည်။ ထို့နောက် ဆန္နအမတ် ရှိရာသို့ သွားလေ၏။ ဆန္န၏ အဆောင်အဝင်တံခါးမှာ ပွင့်လျက်သား ရှိနေ၏။ ဆန္နသည် အဝတ်အစားသစ်များ လဲဝတ်ထား၏။ အပြင်ထွက်ဖို့ အဆင့်သင့် ဖြစ်နေသည်။ ဆန္န၏ အခန်းတွင်းသို့ ဝင်လိုက်ရင်း သိဒ္ဓတ္ထက ဆို၏။
“ဆန္န မြန်မြန်လုပ်။ ကဏ္ဍကကို သွားဆွဲချေ။”
“အရှင့်သား . . .။ မြို့သူမြို့သားတွေ ကျင်းပနေတဲ့ ပျော်ပွဲသဘင်ကို ကျွန်တော်မျိုး သွားရောက်ကြည့်ရှုဖို့ ပြင်ဆင်နေတာပါ။ မင်းသားလည်း ပွဲတော်ထွက်ကြည့်ဖို့ လာခဲ့တာ ထင်ပါတယ်။ ခဏစောင့်ပါ အရှင့်သား။ ကျွန်တော်မျိုး ခုပဲ စီးတော်မြင်း သွားဆွဲလိုက်ပါ့မယ် ဘုရား . . .။”
ဆန္နသည် အနည်းငယ် သွားလိုက်ပြီး နောက်ပြန်လှည့်၍ မင်းသားကို စကားဆို၏။
“အရှင့်သား . . . ဒီနေ့ဟာ အရှင့်သားအတွက် ပျော်စရာကောင်းတဲ့ နေ့ပါ။ အရှင်သားကို ကျွန်တော်မျိုး ဂုဏ်ယူပါတယ် ဘုရား . . .။”
“ဟုတ်ပါပြီ။ ငါပျော်သလို ဆန္နလည်း ပျော်နိုင်ပါစေ”ဟု မင်းသားက တုံ့ပြန်စကားဆို၏။
ဆန္နသည် “ဒါပေမယ့် အရှင့်သား ကြည့်ရတာ ပျော်သင့်သလောက် မပျော်သလိုပါလား”ဟု မှတ်ချက်ချရင်း ထွက်ခွာသွား၏။
သိဒ္ဓတ္ထသည် လရောင်အောက်ရှိ မြင်းဇောင်းများဆီသို့ သွားနေသော ဆန္နကို လှမ်းမြင်နေရ၏။ သူထွက်ခွာမည်ကို မည်သူမျှ မသိနိုင်ဟု သိဒ္ဓတ္ထ နားလည်၏။ သို့သော် နန်းဆောင်ထဲ၌ လှုပ်ရှားမှု တစ်စုံတရာ ရှိမရှိ သိနိုင်ရန် အာရုံစိုက်၍ နားစွင့်ကြည့်လိုက်သည်။ ဘာသံမှ မကြားရပေ။ အပြင်မှ မြို့သူမြို့သားတို့၏ ဆူညံသံနှင့် နန်းတော်တွင်းမှ ပုဏ္ဏားတော်တို့၏ ရွတ်ဖတ်သရဇ္ဈာယ်သံကိုသာ ကြားရ၏။
မကြာမီပင် ဆန္နသည် ခဏ္ဍကိုဆွဲလျက် ပြန်လာ၏။ သိဒ္ဓတ္ထ မင်းသားသည် မြင်းဖြူကြီး ခဏ္ဍက၏ ဇက်ကြိုးကို လက်နှင့်အားပြုဆွဲကိုင်ရင်း တက်စီးလိုက်၏။ ခဏ္ဍကသည် အနည်းလှုပ်ရမ်းသွားပြီး အနီးရှိ ညမွှေးပန်းပင်ကို နံပါးစောင်းနှင့် ပွတ်တိုက်မိလေရာ သိဒ္ဓတ္ထ၏ ကိုယ်ပေါ်သို့လည်းကောင်း ခဏ္ဍက၏ ကျောပေါ်သို့လည်းကောင်း ညမွှေးပန်းများ ကြွေးကျလေ၏။ သိဒ္ဓတ္ထ၏ နောက်မှကပ်လျက် ဆန္နလည်း မြင်းပေါ် တက်စီးလိုက်သည်။
သိဒ္ဓတ္ထတို့ မြင်းစီးလာရာ နန်းတော်အပြင်တံခါးကို ဖြတ်လိုက်ပြီး လမ်းမပေါ် ရောက်လေ၏။ လမ်းမကြီးပေါ်၌ ဝတ်ကောင်းစားလှများ ဆင်ယင်လျက် မြူးမြူးကြွကြွ ရှိနေကြသော မြို့သူမြို့သားများသည် သိဒ္ဓတ္ထကို တွေ့လိုက်ရလျှင် သောင်းသောင်းဖြဖြ ဟစ်အော်၍ ကောင်းချီးပေးကြ၏။ ခေါင်းပေါင်းများကို ချွတ်ယူ ဝှေ့ယမ်း၍ နှုတ်ဆက်ကြ၏။ မင်းသား ရောက်ရှိလာခြင်းသည် မြို့သူမြို့သားများအတွက် အားတက်စရာ ဖြစ်နေ၏။ ပျော်ရွှင်မြူးတူးနေသော လူအုပ်ကြီးသည် လမ်းတစ်လျှောက်လုံး အင်တိုက်အားတိုက် ကောင်းချီးသြဘာ ပေးကြလေ၏။ မင်းသားလည်း ဦးရစ်ပေါင်းကို မြှောက်၍မြှောက်၍ ကောင်းချီးပေးသူများကို မကြာမကြာ ပြန်လည်နှုတ်ဆက်ရင်း မြင်းကို မောင်းနှင်လျက် ရှိ၏။ နောက်ဆုံး၌ မြို့ဝင်တံခါးသို့ ရောက်လေ၏။
မင်းသားသည် မြို့ဝင်တံခါးကို ကျော်လွန်သည့်တိုင် မြင်းကို ဆက်လက်မောင်းနှင်လျက် ရှိနေရာ ဆန္နမှာ သံသယ ဝင်လာ၏။
“အရှင့်သား . . .။ အပြင်ဘက်က လူတွေလည်း မြို့တော်ကို လာပြီး ပျော်ရွှင်နေကြပါတယ်။ အပြင်မှာ ပွဲသဘင် မရှိတော့ပါဘူး။”
“ဆန္န . . .။ ပွဲသဘင် ကြည့်ရှုဖို့ ထွက်လာခဲ့တာ မဟုတ်ဘူးလေ။”
“ဒါဆို ဘာလုပ်ဖို့ ထွက်လာခဲ့တာလဲ အရှင့်သား . . .။”
“ဆိုးဆိုးရွားရွား စိတ်ပျက်စရာတွေ ဝမ်းနည်းစရာတွေ ဆင်းရဲငြိုငြင်ခြင်းတွေကို ရင်ဆိုင်ရမယ့် ခရီးကို ဖြတ်သန်းဖို့ ထွက်လာခဲ့တာ။”
“အဲဒီ ခရီးကို မြင်းနဲ့ပဲ ဆက်သွားမှာလား အရှင့်သား . . .။”
မင်းသားသည် ရယ်ချင်မိ၏။ သို့သော် အရယ်ကို ထိန်းလိုက်ပြီး ပြန်ပြော၏။
“ငါ့ခရီးက အဖော်ခေါ်လို့ မရတဲ့ ခရီးပဲ။ မလ္လတိုင်းကို ဖြတ်မယ်။ အနော်မာမြစ်ကမ်း ရောက်တဲ့ထိ မင်းနဲ့အတူ ဒီအတိုင်း ဆက်ပြီး မြင်းစီးသွားမယ်။ လက တကယ်ကို သာနေပါလား။ နေ့လိုကို လင်းနေတာပဲ။”
အခြေအနေ အားလုံးကို ဆန္န ရှင်းလင်းစွား နားလည်လိုက်၏။ မင်းသားသည် လောကီဘောင်ကို စွန့်ခွာနေခြင်း ဖြစ်၏။ တစ်နေ့နေ့ တစ်ချိန်ချိန် ဤခရီးကို မင်းသား လျှောက်လှမ်းလိမ့်မည်ဟု သိထားပြီး ဖြစ်သော်လည်း ယခုလိုနေ့မျိုး၌ ယခုလိုပုံစံမျိုးနှင့် ထွက်ခွာလိမ့်မည်ဟု ဆန္န ထင်မထားခဲ့ပေ။ ဆန္န၏ နှလုံးသားထဲသို့ ကြောက်ရွံ့ခြင်း ဝင်ရောက်လာ၏။ မင်းသားနှင့် ပတ်သက်သမျှ ဆန္နမှာ တာဝန်အပြည့် ရှိနေ၏။ သုဒ္ဓေါဒန မင်းကြီးကို ပြန်လည်တင်ပြ လျှောက်ထားရပေဦးမည်။
ဆန္နသည် ထိတ်ထိတ်ပြာပြာနှင့် ပြော၏။
“အရှင့်သား . . .။ ဒီခရီးဟာ အနှောင့်အယှက် အဟန့်အတားတွေနဲ့ ပြည့်နှက်နေပါတယ် ဘုရား။ ဘေးရန်တွေ ရှိနေပါတယ် ဘုရား။”
“ငါ ရွေးလိုက်တဲ့ လမ်းဟာ အနှောက်အယှက် အဟန့်အတားတွေ ပြည့်နှက်နေတယ်ဆိုတာ အစကတည်းက ပြောထားပြီးသာပဲ ဆန္နရယ် . . .။ အနှောက်အယှက် အဟန့်အတား မရှိတဲ့ ခရီးဟာ အသုံးမကျပါဘူး။ အဓိပ္ပာယ် ရှိတဲ့လမ်း သဘာဝကျတဲ့လမ်းဆိုရင် အနှောက်အယှက် အဟန့်အတားတွေ ရှိရမှာပေါ့။ ဆန္န . . .။ ဘာမှ မကြောက်ပါနဲ့။ ဘာမှ ကြောက်စရာ မရှိပါဘူး။ အနော်မာမြစ်ကမ်း ရောက်တာနဲ့ မင့်ကို ကဏ္ဍကနဲ့အတူ ပြန်လွှတ်လိုက်မှာပါ။”
အရုဏ်ကျင်းချိန်၌ ဂါဝုတ်သုံးဆယ် ခရီးပေါက်ခဲ့ပြီး အနော်မာ မြစ်ကမ်းသို့ ရောက်လေ၏။ ခရီးတစ်လျှောက်လုံး အစမှ အဆုံးတိုင်အောင် လရောင်ဖြာဝင်းလျက် ရှိခဲ့သည်။ အနော်မာမြစ်သည် တိတ်ဆိတ်စွာ စီးဆင်းလျက် ရှိ၏။ ကမ်းခြေနှစ်ဘက်လုံး၌ သဲသောင်ထွန်းနေပြီး ရေစီးကြောင်းမှာ ခပ်ကျဉ်းကျဉ်းသာ ရှိတော့၏။ ဆန္နသည် အိပ်ချင်မူးတူး မျက်လုံးအစုံကို လက်နှင့် ပွတ်နေ၏။ ထိုစဉ် သိဒ္ဓတ္ထက ကဏ္ဍကကို ပြော၏။
“ကဏ္ဍက . . . ငါ့အတွက် နောက်ဆုံးတာဝန် ထမ်းပေးပါ။ ကဲ မြစ်ကို ကူးကြစို့။”
အချက်ပေးလိုက်သည်နှင့် ကဏ္ဍကသည် အရှိန်မြှင့်၍ သဲပြင်ကို ဖြတ်ပြေးလိုက်ပြီး မြစ်ရေစီးကြောင်းကို ခုန်ကျော်၍ တစ်ဘက်ကမ်းရောက်အောင် ကူးလိုက်လေ၏။
သိဒ္ဓတ္ထသည် မြင်းပေါ်မှ ဆင်းလိုက်၏။ ကဏ္ဍက၏ ကျေးဇူးကို အသိအမှတ်ပြုသည့် အနေဖြင့် သိဒ္ဓတ္ထသည် ကဏ္ဍက၏ ဦးခေါင်းကို ပွေ့ဖက်ရင်း ဦးထိပ်ကို နမ်းလိုက်၏။
ပတ်ဝန်းကျင်၌ မှုန်ပျပျ အလင်းရောင် ပြန့်နှံ့လျက် ရှိနေသည်။ အနော်မာ မြစ်ကမ်းသည် ကျေးငှက်သာရကာတို့၏ တေးသံသာဖြင့် စည်စည်ဝေေ၀ ရှိနေ၏။ ပန်းစုံပွင့်သည့် တောအုပ်ကို ဖြတ်ကျော်တိုက်ခတ်လာသော လေပြေညှင်းသည် ပန်းရနံ့ မျိုးစုံကို သယ်ဆောင်လာ၏။ ထိုစဉ် သိဒ္ဓတ္ထသည် ကပိလဝတ်ကို သတိရလိုက်၏။ နန်းဆောင်၊ ခမည်းတော်၊ ဇနီးနှင့် သားတို့ကို သတိရမိ၏။ ဝမ်းနည်းကြေကွဲခြင်းကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရ၍ သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လေကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည်။
ဆန္နက ပြော၏။
“အရှင့်သား . . .။ ခမည်းတော် မင်းကြီးရော ယသောဓရာ မင်းသမီးပါ ထိတ်ထိတ်ပြာပြာ ဖြစ်နေလောက်ပြီ။ နန်းတော်မှာ အရှင့်သားကို မတွေ့လို့ လိုက်ရှာရတာနဲ့ အကြီးအကျယ် စိတ်မကောင်း ဖြစ်နေကြရော့မယ်။ မင်းသမီးတော့ မျက်ရည်မဆည်နိုင်တဲ့ဘ၀ ရောက်ပြီ။ ခု အရှင့်သား တောထွက်လိုက်တဲ့ အချိန်ဟာ အရှင့်သား မျက်နှာကို မင်းသမီး အကြည့်ချင် အမြင်ချင်ဆုံး အချိန်ပဲ။ သားတော်လေး မွေးဖွားပေးတဲ့အတွက် မင်းသမီးကို အပြုံးတစ်ပွင့်လောက် ဆုချရမယ့်အချိန် . . .။ မသင့်တော်ပါဘူး ဘုရား။”
“ဒီမယ် ဆန္န . . .။ ငါလည်း ဝမ်းနည်းကြေကွဲနေရတာပဲ။ ချစ်သူနဲ့ ကွေကွင်းရခြင်းဟာ ဝမ်းနည်းစရာပါ။ ဒါပေမယ့် လှမ်းခဲ့တဲ့ ငါ့ခြေလှမ်းကို ပြန်လှည့်တော့မှာ မဟုတ်ဘူး။ ဆန္န . . . ငါတို့ မတ်တတ်ပြေးကတည်းက မင်းက ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေမို့ မင့်ဆီကလည်း ငါ ခွင့်တောင်းဖို့ လိုတယ်။”
သိဒ္ဓတ္ထ၏ စကားကို ကြားလိုက်ရစဉ် ဆန္န၏ မျက်ဝန်းအစုံ၌ မျက်ရည်များ ပြည့်လျှံလာ၏။ မသိမ်းဆည်းနိုင်သော မျက်ရည်များ မြေသို့ ကျလေ၏။ ဆန္နသည် ဘယ်လက်ဖြင့် မြင်း၏လည်ပင်းကို ကိုင်ထားလျက် သူ့မျက်ဝန်းမှ မျက်ရည်များကို ညာလက်ဖြင့် သုတ်နေသည်။ အဖြစ်အပျက်ကို ကြည့်နေသော ကဏ္ဍကသည် သူရင်းနှီးယဉ်ပါးသည့် ဆန္န ငိုနေမှန်း သိ၏။ ကဏ္ဍကသည် ဆန္န၏ ပါးနှစ်ဘက်ပေါ် စီးကျနေသည့် မျက်ရည်များကို လျှာနှင့်လျက်ပေး၏။
ဆန္နသည် မြင်း၏ လည်ပင်းကို လွှတ်လိုက်ပြီး ဦးခေါင်းကို ပြောင်းကိုင်လိုက်သည်။ ဆန္န၏ နှလုံးသား ဆတ်ဆတ်တုန်နေ၏။ ဆန္နသည် အားယူ၍ မင်းသားကို မေး၏။
“အရှင့်သား . . .။ ခု အရှင့်သား ဘာလုပ်မှာလဲ ဘုရား . . .။”
“ဟောဒီ အေးချမ်းတဲ့ အနော်မာမြစ်ကမ်းမှာ ငါ လျှော်တေသင်္ကန်း ဆင်မြန်းတော့မယ်။”
သိဒ္ဓတ္တသည် ပြောပြောဆိုဆိုနှင့် အဖိုးအနဂ္ဃ ထိုက်တန်သော သူ၏ အဝတ်အစားများကို ချွတ်လိုက်၏။ မင်းသားအဆောင်အယောင် အဆင်တန်ဆာ အားလုံးကိုလည်း ချွတ်လိုက်၏။ အဆင်သင့် အောက်မှခံ၍ ဝတ်လာခဲ့သော သင်္ကန်း ပေါ်လာ၏။ ဆန္န အံ့အားသင့်သွားသည်။ မင်းသားသည် နန်းဆောင်မှ မထွက်မီကပင် သင်္ကန်းဝတ်ခဲ့ပြီး ထီးနန်းအဆောင်အယောင် အဝတ်အစားများကို အပေါ်မှဖုံး၍ ဝတ်ဆင်ခဲ့ကြောင်း ဆန္န သဘောပေါက်လိုက်၏။ သိဒ္ဓတ္ထသည် ဘာမှ ဆက်မပြောတော့ဘဲ သန်လျက်ကို ထုတ်လိုက်သည်။ ဦးခေါင်းပေါ် သန်လျက်ဝဲကာ ဘယ်လက်ဖြင့် ဆံစကို နောက်မှပင့်သိမ်း၍ စုကိုင်လျက် ဆံစုကို ဖြတ်လိုက်လေ၏။
“အို . . . အရှင် မင်းသား . . .”ဟု ငြီးတွားလိုက်သူကား ဆန္နတည်း။
“ဘာဖြစ်လို့ ဝမ်းနည်းနေရတာလဲ ဆန္နရယ် . . .။ ငါ့ရည်ရွယ်ချက်ကို ကြိုမပြောခဲ့ဘူးလား။”
“အရှင် မင်းသား . . .။ ပြောခဲ့ပါတယ် ဘုရား . . .။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ မျက်စိရှေ့မှာ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ခဲ့တာပါ။”
“ဆန္နရယ် . . .။ လက်တွေ့ မလုပ်တဲ့ ရည်ရွယ်ချက်ဟာ ဘာအသုံးကျမှာလဲ။ ငါက တစ်ခုခု ကြံထားရင် အဲဒါကို လက်တွေ့ လုပ်တယ်။ ဆန္န . . . ။ မင့်ကိုရော ကဏ္ဍကကိုပါ ခွဲခွာရမယ့်အချိန် ရောက်လာပြီ။ ဆန္န ပြန်ပါ။ ငါ့စကားကို ခမည်းတော် မင်းကြီးဆီမှာ ပြန်ပြောပါ။
ခု သဲသောင်ပေါ်မှာ ချထားတဲ့ ငါ့သန်လျက် ငါ့ဆံပင် မင်းမြောက်တန်ဆာတွေနဲ့ အဝတ်အစားတွေကို ယူသွားပါ။ အားလုံးကို ဖခမည်းတော်လက်ထဲ ထည့်လိုက်ပါ။ ငါ ရဟန်းပြုလိုက်ပြီ ဆိုတဲ့အကြောင်း သူ့ကို ပြောလိုက်ပါ။ ခုချိန်ကစပြီး ငါ့အချိန်နဲ့ ငါ့ခွန်အားကို ဗောဓိဉာဏ်အလင်း ရရှိဖို့ အတွက်ပဲ အသုံးပြုတော့မယ်၊ မြင့်မြတ်တဲ့ ငါ့ရည်ရွယ်ချက် မပြီးမြောက်မချင်း နောက်လှည့်မကြည့်တော့ဘူး ဆိုတာကို ပြောလိုက်ပါ။ ငိုနေမယ့် ယသောဓရာ၊ မယ်တော့်ကိုယ်စား ငါ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ မိထွေးတော် မိဖုရားကြီးတို့ကို ငါ ကျန်းကျန်းမာမာ ရှိနေကြောင်း ပြောလိုက်ပါ။ ငါ့ကို လိုက်ရှာစရာ မလိုဘူး။ သင့်တော်တဲ့ အချိန်ကျရင် ကပိလဝတ်ကို ငါ ပြန်လာမယ်။ ခဏ္ဍက . . . ဆန္န . . . ။ ငါ့ကို ခွင့်ပြုကြပါ။”
ဆန္နသည် စကားတစ်လုံးမှ မပြောနိုင်ဘဲ မင်းသား၏ ခြေအစုံကို ပွေ့ပိုက်ရင်း ဖမိုးပေါ်သို့ လဲပြိုကျသွားပြီး အသည်းအသန် ငိုကြွေးလေ၏။ အဟိတ်တိရစ္ဆာန် ကဏ္ဍကသည်ပင် မင်းသား၏ ခြေအစုံဆီသို့ ဦးခေါင်းငိုက်စိုက် ချထားရင်း တိတ်တိတ်ဆိတ်ဆိတ် ရှိနေ၏။ ဆန္နသည် မင်းသား၏ ခြေဖမိုးပေါ် မျက်နှာမှောက်လျက် ငိုနေဆဲ ဖြစ်၏။ ဆန္န၏ကျောကို လက်နှင့်ပုတ်၍ မင်းသားက နှစ်သိမ့်၏။ ကိုယ်ကိုကုန်း၍ ကဏ္ဍက၏ မျက်နှာကိုလည်း လက်နှင့်ပွတ်ပေး၏။ ထို့နောက် နှုတ်ဆိတ်လျက်ပင် နူးညံ့သော သဲပြင်ကို ဖြတ်လျှောက်ကာ ဆန္နနှင့် ကဏ္ဍကကို ကျောခိုင်းထွက်ခွာသွားလေ၏။
အနော်မာ မြစ်သည် လှိုင်းကြက်ခွပ်လေးများ ဖွဲ့ကာ တငြိမ့်ငြိမ့် စီးဆင်းနေ၏။ မြစ်ရေစီးသံ သဲ့သဲ့ ကြားနေရသည်။ သဲပြင်ပေါ်၌ ရေစီးကြောင်း အခွဲလေးများလည်း ဖြစ်ပေါ်နေ၏။ နံနက်ခင်း နေရောင်ခြည်သည် သစ်ကိုင်းသစ်ရွက်တို့ အကြားမှ တိုးထွက်လာနေသည်။ ပန်းပွင့်အကြွေတို့သည် မြစ်ကမ်းပါးရှိ သဲပြင်ကို နမ်းရှိုက်နေကြ၏။ လင်းလက်တောက်ပသည့် ချမ်းမြေ့ကြည်နူးဖွယ် နေ့သစ်တစ်ခု စတင်လိုက်လေပြီတည်း။
Ref:
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment