ပေးစွန့်နိုင်ခြင်း အစရှိသော ဤလက္ခဏာများအပြင် ဒီဃနိကာယ် ပါထိက၀ဂ် သိင်္ဂါလသုတ်လာ “ပေးကမ်း စွန့်ကြဲခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း၊ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်း၊ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်း”ဟူသော မိတ်ဆွေကျင့်ဝတ်များသည်လည်း မိတ်ဆွေကောင်းတို့၏ လက္ခဏာများပင် ဖြစ်ပေသည်။ မိတ်ဆွေကျင့်ဝတ်များကို သင်္ဂဇာဆရာတော်ကြီးက အောက်ပါအတိုင်း ကဗျာလင်္ကာ ဖွဲ့ဆိုခဲ့၏။
“ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။”
ဤ သိင်္ဂါလသုတ်၌ သုဟဒမိတ္တ၊ စိတ်ကောင်း နှလုံးကောင်းရှိသော မိတ်ဆွေစစ် လေးမျိုးကိုလည်း ဟောထား၏။ ၎င်းတို့မှာ “ကျေးဇူးပြုတတ်သော မိတ်ဆွေ၊ ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော မိတ်ဆွေ၊ အကျိုးစီးပွားကို ပြောကြားတတ်သော မိတ်ဆွေ၊ အစဉ်သနားတတ်သော မိတ်ဆွေ”တို့ ဖြစ်ကြ၏။
ကျေးဇူးပြုတတ်သော မိတ်ဆွေစစ်သည်
- မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
- မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
- ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
- ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ၀န်ခံသည်ထက် နှစ်ဆဖြစ်သော စည်းစိမ်ဥစ္စာကို ပေးတတ်၏။
ချမ်းသာအတူ ဆင်းရဲအတူဖြစ်သော မိတ်ဆွေစစ်သည်
- မိတ်ဆွေအား လျှို့ဝှက်အပ်သော အမှုကို ပြောကြား၏။
- မိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လျှို့ဝှက်၏။
- ဘေးရန် ဖြစ်လတ်သော် မိတ်ဆွေကို မစွန့်ပစ်။
- မိတ်ဆွေ၏ အကျိုးငှါ အသက်ကိုသော်လည်း စွန့်၏။
အကျိုးစီးပွားကို ပြောကြားတတ်သော မိတ်ဆွေစစ်သည်
- မိတ်ဆွေကို မကောင်းမှုမှ တားမြစ်တတ်၏။
- မိတ်ဆွေကို ကောင်းမှု၌ သက်ဝင်စေ၏။
- မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
- နတ်ပြည်ခရီးကို ပြောကြားတတ်၏။
အစဉ်သနားတတ်သော မိတ်ဆွေစစ်သည်
- မိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
- မိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
- မိတ်ဆွေအား ကဲ့ရဲ့စကားပြောသူကို ကန့်ကွက်တားမြစ်တတ်၏။
- မိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံချီးမွမ်းတတ်၏။
ဤသိင်္ဂါလ သုတ်တော်၌ အိမ်ထောင်သည် တစ်ယောက်အနေဖြင့် ပစ္စည်းဥစ္စာ ရှာမှီးစုဆောင်း၍ မိတ်ဆွေတို့ကိုလည်း စည်းရုံးရန် ဟောကြားထား၏။ ပစ္စည်းဥစ္စာကို လေးစုခွဲ၍
- တစ်စုတစ်ဖို့ကို သုံးဆောင် ခံစားရန်၊
- နှစ်စုနှစ်ဖို့ကို ကုန်သွယ်မှုစသည် ပြုလုပ်၍ ရင်းနှီးမြှုပ်နှံရန်နှင့်
- ကျန်တစ်စုတစ်ဖို့ကို အရေးပေါ် အသုံးစရိတ်အဖြစ် ထားရှိရန် ဘုရားရှင် ဟောတော်မူ၏။
ရှားမှီးအပ်သော ပစ္စည်းဥစ္စာကို ဤနည်းအတိုင်း ခွဲဝေသုံးစွဲနိုင်သူသည် မိတ်ဆွေကောင်းတို့ကို စည်းရုံးနိုင်မည်ဖြစ်ကြောင်း ညွှန်ကြားတော်မူ၏။
ထို့ပြင် အခြားသော ဒေသနာတော်တို့၌လည်း မိတ်ဆွေကောင်း၏ ဂုဏ်အင်္ဂါ၊ မိတ်ဆွေကောင်း၏ စရိုက်လက္ခဏာများ ရှာဖွေတွေ့ရှိနိုင်ပေသည်။ ကျယ်လွန်းမည်စိုး၍ ချန်လှပ်ခဲ့ပါတော့မည်။
မပေါင်းဖော်သင့်သူ
မှီဝဲဆည်းကပ်သင့်သည့် မိတ်ဆွေကောင်းတို့၏ သဘောသဘာဝကို လေ့လာသကဲ့သို့ မိတ်ဆွေအဖြစ် မပေါင်းဖော် မမှီဝဲ မဆည်းကပ်သင့်သည့် သူယုတ်တို့၏ သဘောလက္ခဏာဖြစ်သည့် ယုတ်မာသော အကုသိုလ် တို့ကိုလည်း လေ့လာသင့်ပေသည်။
အချုပ်အားဖြင့် မပေါင်းသင့်သူ ဟူသည်မှာ အကုသိုလ်မှု ပြုသောသူပင် ဖြစ်ပေသည်။ အကုသိုလ် ဟူသည်မှာလည်း လူနှင့် မကင်းနိုင်သောကြောင့် လူမှန်လျှင် အကုသိုလ် ဖြစ်တတ်ပေသည်။ ထို့ကြောင့် အကုသိုလ် ပြုသူကို ရှောင်ခွာရလျှင် ပေါင်းစရာလူပင် ရှိတော့မည် မဟုတ်ပေ။ အကုသိုလ်ကို အမြစ်ပြတ် မသုတ်သင်နိုင်မီ အကုသိုလ် နည်းနိုင်သမျှနည်းအောင် ကြိုးစား၍ အကုသိုလ် အဖြစ်များသူတို့ကို သွေရှောင်ရန်သာ ရှိတော့သည်။
အကုသိုလ်ဟူသည်မှာ စိတ်အညစ်အကြေး ကိလေသာများပင် ဖြစ်ပေသည်။ ကိလေသာတို့သည် မာယာ၊ သာဌေယျ၊ မက္ခ၊ ပလာသ၊ အတ္တုက္ကံသန၊ ပရဝမ္ဘန စသော အမည် အမျိုးမျိုးဖြင့် လူ့သန္တာန်မှာ ဖြစ်ပေါ်ကြ၏။
မာယာ-သာဌေယျ
မိတ်အဖြစ် ဆွေအဖြစ် မပေါင်းဖော်သင့်သော သူယုတ်တို့သည် မာယာသာဌေယျ များ၏။ မြန်မာစကား၌ မာယာသာဌေယျဟု ခေါ်ဝေါ်သုံးစွဲကြသော်လည်း မာယာနှင့် သာဌေယျတို့သည် သဘောသဘာဝချင်း ခြားနားကြ၏။ သဘောသဘာဝ မတူသော်လည်း အဘိဓမ္မာ သဘောအရ တရားကိုယ်အားဖြင့် တူကြ၏။ မာယာသည်လည်းကောင်း၊ သာဌေယျသည်လည်းကောင်း လောဘ စေတသိတ်ပင် ဖြစ်ပေသည်။ ထင်ရှားရှိသည့် ကိုယ့်အပြစ်ကို ဖုံးကွယ်ခြင်း သန္တဒေါသပဋိစ္ဆာဒန သဘောသည် မာယာမည်၍၊ ဂုဏ်အရည်ချင်း တကယ်မရှိပဲ ဟန်လုပ်ခြင်းသဘော အသန္တဂုဏသမ္ဘာဝန သဘောသည် သာဌေယျမည်ကြောင်း ပါထိကဝဂ်ဋီကာ ဥဒုမ္ဗရိကသုတ်၌ ဖွင့်ဆို၏။ ပြုပြီးသော မကောင်းမှုကို ဖုံးကွယ်ခြင်း ကတပါပဋိစ္ဆာဒနသဘောသည် မာယာမည်၍၊ အရည်အချင်းမရှိဘဲ ကြွားဝါခြင်း အဝိဇ္ဇမာနဂုဏပကာသန သဘောသည် သာဌေယျမည်ကြောင်း မူလပဏ္ဏာသအဋ္ဌကထာ၊ မဟာနိဒ္ဒေသအဋ္ဌကထာ၊ ပဋိသမ၊ိဒါမဂ် အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့၌ ဖွင့်ဆို၏။
မာယာ
မာယာဟူသည် လှည့်ပတ်ခြင်း သဘောပင် ဖြစ်၏။ ထိုမာယာကို မျက်လှည့် သမားနှင့် ဥပမာပေးလေ့ ရှိကြသည်။ မူလပဏ္ဏာသဋီကာ၌ မာယာသည် ပြာဖုံးနေသော မီးကျီးခဲ၊ ရေ၌မြုတ်နေသော သစ်ငုတ်၊ အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ဓားလက်တို့နှင့် တူကြောင်း လျှို့ဝှက်သော အန္တရာယ်နှင့် နှိုင်းယှဉ် ဖွင့်ဆို၏။ မျက်လှည့်ပညာရှင်သည် အမှားကို အမှန်ထင်အောင် လုပ်ပြတတ် သကဲ့သို့ မာယာရှင်သည် တစ်ဖက်သားကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တတ်၏။ မာယာရှင်သည် သူ့အပြစ်ကို ဖုံးကွယ်ရာ၌ တစ်ဖက်သားကို ထိပါးတတ်၏။ သူ့အပြစ်ကို သူများအပြစ် ဖြစ်အောင် လုပ်တတ်၏။ ကိုယ့်အပြစ်ကို သူ့အပြစ်ဖြစ်အောင် မာယာဖြင့် လှည့်ဖျားခြင်းသည် ဓမ္မပဒအဋ္ဌကထာ မလ္လိကာမိဖုရားဝတ္ထု၌ ထင်ရှား၏။
မလ္လိကာမိဖုရားဝတ္ထု
တစ်နေ့သောအခါ မလ္လိကာမိဖုရားသည် ကိုယ်လက် သုတ်သင်ရန် ရေချိုးခန်းသို့ ဝင်၏။ သူ့ကိုခင်သော ခွေးတစ်ကောင်သည်လည်း သူနှင့်အတူ ရေချိုးခန်းသို့ လိုက်လာ၏။ မလ္လိကာ မျက်နှာသစ်၍ ခြေဆေးရန် ကိုယ်ကို ညွတ်ကိုင်းလိုက်စဉ် ခွေးသည် မလ္လိကာကို မေထုန်ပြုရန် ကြိုးစား၏။ မိဖုရားလည်း အတွေ့ကို သာယာမိ၏။ ထိုအခြင်းအရာကို ကောသလမင်းကြီးသည် နန်းတော်လေသာပြတင်းမှ လှမ်း၍ မြင်လိုက်၏။ ရေချိုးခန်းမှ ပြန်လာသော မိဖုရားကို မင်းကြီးက အပြစ်ဆို စွပ်စွဲ၏။ ထိုအခါ မိဖုရားက လေသာပြတင်းမှ ရေချိုးခန်းသို့ လှမ်းကြည့်လိုက်လျှင် အမြင်ပြားသွားတတ်ကြောင်း၊ တစ်ခုကို နှစ်ခု၊ တစ်ယောက်ကို နှစ်ယောက် ထင်ရကြောင်း ဆင်ခြေပေး၍ ရေချိုးခန်းထဲ၌ ခွေးမရှိပါဟု ဆို၏။ ကိုယ်တိုင် မြင်လိုက်ရသော မင်းကြီးသည် မိဖုရားကို မယုံပေ။ ထို့ကြောင့် မိရားသည် မင်းကြီးကို ရေခန်းသို့ ဝင်စေကာ လေသာပြတင်းမှ လှမ်းကြည့်၍ မင်းကြီးကို ဆိတ်မနှင့် ဖောက်ပြန်သည်ဟု ပြန်၍စွပ်စွဲ၏။ မင်းကြီးက ငြင်းသောအခါ ကိုယ်တိုင် မြင်ရပါသည်ဟု မိဖုရားက ဆို၏။ ဥာဏ်နည်းသော မင်းကြီးသည် မိဖုရား၏ မာယာကို ယုံကြည်သွား၏။
ဤဝတ္ထု၌ မိဖုရား တွေ့ကြုံရသော အဖြစ်အပျက်မှာ မူလပထမ၌ မတော်တဆမှုပင် ဖြစ်၏။ အကြောင်းစုံကို ရှင်းပြ၍ အမှန်ကို ရိုးသားစွာ ဝန်ခံလိုက်လျှင် ပြေလည်နိုင်သော်လည်း မရိုးမသား လှည့်စားမိသော ကြောင့် ယုတ်မာသော အကုသိုလ်မာယာ ဖြစ်ခဲ့ရလေသည်။ ကုသိုလ်ကောင်းမှု များစွာပြုထားသော မိဖုရားသည် စုတေခါနီး ကာလ၌ ထိုထိုကုသိုလ်များကို သတိမရဘဲ မင်းကြီးအပေါ် လှည့်စားမိသည့် မာယာအကုသိုလ်ကို နောင်တစိတ်ဖြင့် သတိရမိသောကြောင့် အဝိစိငရဲ ကျခဲ့ရ၏။
ဤကဲ့သို့သော အဖြစ်အပျက်များကို ကြည့်၍ မိန်းမတို့ကို မာယာများသူဟု စွပ်စွဲတတ်ကြ၏။ စင်စစ်အားဖြင့် မာယာဟူသည် မိန်းမတို့၏ လက်နက်မဟုတ်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်ပေသည်။ ကျားမမဟူ ပုထုဇဉ်မှန်သမျှ မာယာရှိတတ်ကြ သည်သာတည်း။ ယောက်ျားမာယာကို ဇာတကအဋ္ဌကထာ ကုဟကဇာတ်မှ ရသေ့စဉ်းလဲ ဝတ္ထုဖြင့် သိနိုင်၏။
ကုဟကဇာတ်
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က ရွာသား တစ်ယောက်သည် ရသေ့တစ်ဦးကို ကိုးကွယ်ထား၏။ ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တစ်ရာကို ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုတ်၍ ရသေ့ကို စောင့်ရှောက်ပေးရန် မှာကြား၏။ ထိုအခါ ရသေ့ရဟန်းတို့မည်သည် ဤသို့ ရွေငွေကို မစောင့်ရှောက်ကောင်းဟု ရသေ့က ဆို၏။
ထို့နောက် ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင် လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု ကောက်ကျစ်သော အကြံ အစည်ဖြစ်၍ ရွှေများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ မြှုတ်နှံထား လိုက်၏။ ဤသို့ မရိုးသားသော စိတ်ဖြင့် သူတစ်ပါး ပိုင်သော ပစ္စည်းကို နေရာ ပြောင်းရွှေ့မှုသည် ခိုးယူခြင်း တစ်မျိုးပင် ဖြစ်၏။
ထို့နောက် “အနေကြာလျှင် ဒကာတို့အပေါ် သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြား အရပ်သို့ သွားတော့မည်”ဟု ရွာသားကိုပြော၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တားမရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။ ရသေ့သည် အတန်ငယ် သွားပြီးနောက် ဒကာထံသို့ ပြန်လာ၍ “ဒကာ သင့်အိမ်အမိုးက သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။ ရသေ့ရဟန်း မည်သည် မပေးလှူလျှင် မြက်တစ်ပင်ကိုမျှ မယူကောင်း” ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။ ဒကာသည် ရသေ့ကား ရိုးသားလှပေစွဟု အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။ ထို့နောက် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော ရွှေတို့ကို သွားယူ၏။
သို့သော် ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။ ဘုရားလောင်းသည် ရသေ့၏စကား၌ မရိုးသားမှုကို တွေ့မြင်ရသောကြောင့် ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။
ဤဝတ္ထု၌ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကို ပြန်ပေးသော ရသေ့၏ လှည့်ပတ်မှုသည် မာယာပင်ဖြစ်၏။ သံသရာဝဋ်မြစ် လောဘ၏ နာမည်တစ်မျိုးဖြစ်သော ဤမာယာသည် သတ္တဝါတို့၏ သန္တာန်၌ သံသရာအဆက်ဆက် အမြစ်တွယ်လာခဲ့၍ ပယ်ရှောင်ရန် ခက်ခဲသော အကုသိုလ် ဖြစ်၏။
မာယာမည်သည် အကုသိုလ် ဖြစ်သောကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မာယာရှင် ဖြစ်သည်နှင့် အကုသိုလ်ကောင် ဖြစ်သွားတော့၏။ မယာရှင်သည် လောကအတွက် အန္တရာယ်ရှိသူ မပေါင်းသင့်သူ ဖြစ်၏။ မာယာသည် ပယ်ရန်ခက်သည့် တရားဆိုး ဖြစ်သော်လည်း မိမိသန္တာန်၌ မာယာ မဖြစ်အောင် သတိထားကြရပေမည်။ မာယာရှင်ကို မိတ်ဆွေအဖြစ် မပေါင်းသင်းဘဲ ကိုယ်ကိုယ်တိုင်လည်း မာယာရှင် မဖြစ်အောင် ဂရုစိုက်ကြရပေမည်။
သာဌေယျ
ပတ်ဝန်းကျင်၏ အထင်ကြီးမှု ရလိုသောကြောင့် ဂုဏ်အရည်အချင်း တကယ်မရှိဘဲ ရှိလေဟန် ကြွားဝါခြင်းသည် သာဌေယျ မည်၏။ သီလမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ အကျင့်မကောင်းဘဲ ကောင်းဟန်ဆောင်ခြင်း၊ ဗဟုသုတမရှိဘဲ ရှိဟန်ဆောင်ခြင်း၊ ပစ္စည်းဥစ္စာမရှိဘဲ ရှိဟန်ဆောင်ခြင်းစသော ဟန်ဆောင်ကြွားဝါမှု မှန်သမျှသည် သာဌေယျမည်၏။ ဟန်ဆောင်ကြွားဝါမှုကို လွယ်လွယ်နှင့် မသိနိုင်ပေ။ ဟန်ဆောင်သူကို အချိန်ကြာကြာ နီးနီးကပ်ကပ် ပေါင်းသင်း၍ ဉာဏ်နှင့်ဆင်ခြင် လေ့လာကြည့်မှ ထင်ထင်ရှားရှား သိနိုင်၏။ ဟန်ဆောင်ကြွားဝါသူသည် အလိမ်မပေါ်မချင်း သာဌေယျသုံး၍ လောက၏ အထင်ကြီး လေးစားမှုကို ရယူနိုင်၏။ ပူဇော်ချီးမြှောက်မှုကို ခံယူနိုင်၏။ ဟန်ဆောင်ကြွားဝါ၍ မတရားသော နည်းလမ်းဖြင့် ခံယူရရှိထားသော အောင်မြင်မှုများကို ကျေနပ်သာယာမိလျှင် ရိုးသား ဖြောင့်မတ်မှု လမ်းကြောင်းမှန်သို့ ရောက်ရန် ခက်ခဲ၏။ ဟန်ဆောင်ကြွားဝါသူ ကိုယ်တိုင်က ပတ်ဝန်းကျင်၏ အထင်ကြီး လေးစားခံရမှု၊ ပူဇော်ချီးမြှောက်မှုကို တွယ်မက်နေခြင်း၊ အတွင်းသိ အစင်းသိ နီးစပ်သူတို့ကပါ ကူညီပံ့ပိုး၍ ကြွားဝါပေးခြင်းတို့ကြောင့် သာဌေယျဖြင့် ကောက်ကျစ်သူတို့သည် လက်ရှိဘဝ၌ လောကီစီးပွား ရရှိနိုင်ကြ၏။ သာဌေယျဖြင့် လိမ်ညာကောက်ကျစ်သူတို့၏ လွှမ်းမိုးမှုကို ခံရသူသည် ထိုစက်ကွင်းမှ လွယ်လွယ်နှင့် မလွတ်မြောက်နိုင်ပေ။ ဟန်ဆောင်မှုကို အထင်ကြီးကာ သာဌေယျသမားတို့၏ လိမ်ညာမှု စက်ကွင်းသို့ တိုးဝင်မိသူသည် မိမိ၏ မိုက်မဲနုံအမှုကို လူသိမခံချင်သောကြောင့် ဖြစ်စေ၊ အသိဥာဏ် ရှိသော်လည်း သာဌေယျသမား၏ အရှိန်အဝါကို မတော်လှန်နိုင်သောကြောင့် ဖြစ်စေ ဟန်ဆောင်မှုကို သိသည့်တိုင်အောင် ဆက်လက်၍ အညာခံနေရ တတ်၏။
ထို့ကြောင့် တွေ့ရာလူကို မဆင်မခြင် အထင်မကြီးမိအောင် ချင့်ချိန်စူးစမ်းမှုကို လေ့ကျင့်ထားသင့်၏။ စိတ်ဓာတ်အင်းအား ပညာသုတ သိုမှီထားသင့်၏။ ရုန်းမထွက်သာအောင် လွှမ်းမိုးချုပ်နှောင်တတ်သည့် သာဌေယျသမား တို့သည် ဝေးဝေး ရှောင်ရမည့်သူများ ဖြစ်ပေသည်။ အလေးဂရုပြုရမည့် မိတ်ဆွေများ မဟုတ်ကြပေ။ ဟန်ဆောင်ကြွားဝါ လိမ်ညာခြင်း သာဌေယျ သဘောကို ဓမ္မဓဇဇာတ်ဖြင့် ထင်ရှား စေအပ်၏။
ဓမ္မဓဇဇာတ်
ရှေးအခါက ဘုရားလောင်း ငှက်မင်းသည် သမုဒ္ဒရာအလယ် ကျွန်းငယ်၌ ငှက်အပေါင်း ခြံရံလျက် နေ၏။ လမ်းညွှန်အဖြစ် ဒိသာကာကကျီးကိုယူ၍ သမုဒ္ဒရာသို့ ခရီးထွက်ခဲ့ကြသော ကုန်သည်တို့သည် ရေလယ်၌ လှေပျက်၏။ ထိုအခါ ကျီးသည် အဖော်တို့နေရာ ကျွန်းငယ်သို့ ရောက်လာ၏။
ထိုကျီးသည် အံ့ဖွယ်သရဲ ကျင့်ပြ၍ ငှက်တို့၏ ယုံကြည်မှုကို ခံယူကာ ငှက်ဥ တို့ကိုလည်းကောင်း၊ ငှက်ငယ်တို့ကိုလည်းကောင်း ခိုးစား၏။ ထိုကျီးသည် ခြေတစ်ချောင်းထောက် ရပ်၍ ခံတွင်းကို ဖွင့်ဟထား၏။ ထူးဆန်းသောကျီးကို ငှက်တို့က မေးမြန်းစုံးစမ်းကြသောအခါ မြေကြီးက ခံဆောင် မထားနိုင်သောကြောင့် ခြေတစ်ဘက်သာ ထောက်၏။ လေကိုသာ စားသောကြောင့် ပါးစပ် ဖွင့်ထား၏ဟု ဖြေ၏။ ထို့ပြင် သုစရိုက်ကို ကျင့်ရန်နှင့် ဒုစရိုက်ကို ရှောင်ရန်လည်း ငှက်တို့ကို တရားဟော၏။ ငှက်တို့ ဝမ်းမြောက် ကြည်ညိုကြ၏။
တစ်ခါသော် ငှက်တို့သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို စောင့်ရှောက်ရန် ကျီးကို တာဝန်ပေး၍ အစာရှာ ထွက်ကြ၏။ ထိုစဉ် အယောင်ဆောင် ကျီးယုတ်သည် ငှက်ဥနှင့် ငှက်ငယ်တို့ကို စားသောက်၏။ ထို့နောက် ခြေတစ်ချောင်းထောက်၍ ရပ်ကာ ပါးစပ်ဖွင့်ထားရင်း ရှေးနည်းအတိုင်း ဟန်ဆောင်နေ၏။
ငှက်ဥနှင့် ငှက်ငယ်တို့ ပျောက်ဆုံးမှုအတွက် ငှက်တို့က ကျီးကို သံသယမရှိကြပေ။ “ဤကျီး ရောက်လာမှ အန္တရာယ်ဖြစ်သည်”ဟု စဉ်းစားမိသော ကျီးမင်းသည် အမှုကိုစုံစမ်း၏။ ဘုရားလောင်းသည် အခြားငှက်တို့နှင့် အတူ အစာရှာထွက်မည်ဟု ဆိုကာ ကျီးကို စောင့်ကြည့်နေရာ ကျီး၏ယုတ်မာမှုကို သိရ၏။ ထိုအခါ ငှက်တို့သည် ကျီးယုတ်ကို ဝိုင်းအုံထိုးသုတ်၍ သတ်ပစ်လိုက် ကြ၏။
No comments:
Post a Comment