(. . . . . မှ အဆက်)
ယသောဓရာက ပြန်လည် ဖြေကြား၏။
“မောင်တော်ဘုရား . . .။ မောင်တော်ပြောတဲ့ ကိုယ်ကျင့်ကောင်းအောင် လေ့ကျင့်ပေးမယ့် စနစ်ဟာ စိတ်ဓာတ်တွေ ကောင်းမွန်လာအောင်ပဲ လုပ်ပေးနိုင်မှာပါ။ လူ့အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ တကယ့်လိုအပ်ချက်ဖြစ်တဲ့ စီးပွားရေး တည်ငြိမ်မှုကို ထောက်ပံ့ပေးနိုင်မှာမို့လား။ မြှင့်တင်ပေးနိုင်မှာမို့လား။ ငြင်းစရာ စကားတစ်ခု အနေနဲ့ ဆိုကြပါစို့။ ကျားကျားမမ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကိုယ်ကျင့်တရားနဲ့ ပြည့်စုံအောင်၊ လောကီလိုအင်ဆန္ဒတွေ ကိလေသာ အညစ်အကြေးတွေက လွတ်ကင်းအောင် သူတော်စင် တစ်ယောက်က လုပ်ပေးနိုင်တယ် ဆိုပါစို့။ အဲဒီလိုဆိုရင် မျိုးဆက်တစ်ခုတည်းနဲ့ လူသားမျိုးဆက် ပြတ်သွားမှာပေါ့။ အဲဒါဟာ အလုပ်အကျွေးပြုခြင်း မဟုတ်ပါဘူး။ မတွေးရဲစရာ ပြစ်မှုကြီးသာ ဖြစ်ပါတယ် မောင်တော်ဘုရား . . .။”
သိဒ္ဓတ္ထသည် မင်းသမီးကို တအံ့တသြ ကြည့်နေ၏။ မင်းသမီး၏ လွတ်လပ်သော အတွေးအခေါ်ကို သဘောကျနေသည်မှာ သေချာ၏။ ကျေနပ်အားရမှုကို ဖုံးကွယ်မထားဘဲ မင်းသမီးကို ပြော၏။
“နှစ်မတော်ရဲ့ နက်နဲတဲ့ အသိအလိမ္မာ ဗဟုသုတကို မောင်တော် သဘောကျပါတယ်။ မောင်တော်ရဲ့ ကြင်ယာတော်ဟာ တုနှိုင်းမမီလောက်တဲ့ အလှနဲ့ မြင့်မြတ်တဲ့ သူတော်ကောင်း လက္ခဏာ ရှိရုံတင် မကဘဲ ပညာရှိတဲ့ မိန်းမတစ်ယောက် ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ မောင်တော်က သဒ္ဓမ္မ တရားထူးကို ထိုထွင်းသိမြင်ဖို့ ရည်ရွယ်မျှော်လင့်တာပါ။ ပြောစမ်းပါအုံး . . .။ နှစ်မတော် ပြောခဲ့တဲ့ အယူအဆတွေဟာ နှစ်မတော်ရဲ့ ကိုယ်ပိုင် အယူအဆတွေလား။ တစ်ယောက်ယောက်က နှစ်မတော် လက်ခံအောင် ရိုက်သွင်းခဲ့တာတွေလား။”
“ပြောခဲ့တာတွေဟာ နှစ်မတော်ရဲ့ ကိုယ်ပိုင် အယူအဆတွေလို့ ခံစားရပါတယ် မောင်တော် . . .။ ဘ၀နဲ့ ပတ်သက်တဲ့၊ လောကရေးရာနဲ့ ပတ်သက်တဲ့ အဲဒီ အယူအဆတွေကို ထုတ်ဖော်တတ်အောင် ခမည်းတော်ရဲ့ အကြံပေး ပုဏ္ဏားတော်ကြီး သမ္ဗူလက တွန်းအားပေးခဲ့တာ ထင်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်လိမ္မာတဲ့ ဖွင့်ဆိုရှင်းပြချက်တွေကို နှစ်မတော် နားထောင်ခဲ့ရပါတယ်။ နှစ်မတော်ကို စာပေ သင်ကြားပေးတာလည်း သူပါပဲ။ သူက တစ်ခြား ပုဏ္ဏားတော် ဆရာကြီးတွေနဲ့ မတူဘူး။ သူက နှစ်မတော်ကို အတင်းအကြပ် ဝေဒန္တတွေ အလွတ်အကျက် မခိုင်းဘူး။ လွတ်လွတ်လပ်လပ် တွေးခေါ်ယူဆတာကို အားပေးတယ်။ ဘာသာရေး ဆရာကြီးတွေ အားလုံးရဲ့ အယူအဆတွေကို ပြောပြပေးတယ်။ အဲဒီတော့ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးစနစ်နဲ့ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား အပေါ်မှာ တည်ဆောက်ထားတဲ့၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ထားတဲ့ အစိုးရတစ်ရပ်ကသာ အကြီးမြတ်ဆုံးနည်းနဲ့ အလုပ်အကျွေး ပြုနိုင်တယ်လို့ နှစ်မတော် ကောက်ချက်ချနိုင်တာပေါ့။”
“ယသောဓရာ . . . မင့်ရဲ့ အယူအဆကို ဆန့်ကျင်ကန့်ကွက်စရာ မရှိပါဘူး။ လူကို အထောက်အကူ ပြုနိုင်တဲ့ စီးပွားရေး စနစ်နဲ့ ကိုယ်ကျင့်တရား လေ့ကျင့်မှုဆိုတာ ဘယ်လိုဟာမျိုး ဖြစ်မလဲ။ နှစ်မတော် ထင်မြင်ယူဆထားတဲ့ စီးပွားရေး စနစ်ကို အရင် ပြောပြပါအုံး။ သမ္ဗူလဆီက ရခဲ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခြားဆရာ တစ်ယောက်ယောက်ဆီက ရခဲ့တာပဲဖြစ်ဖြစ် ဘယ်ကရခဲ့တယ်ဆိုတာ မောင်တော့်အတွက် အရေးမကြီးပါဘူး။”
“မောင်တော် . . .။ စိုးရိမ်ကြောက်ရွံခြင်း ကင်းတဲ့ကမ္ဘာ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာနဲ့ ပတ်သက်လို့ စောစောက မောင်တော်ပြောတဲ့ အယူအဆတွေဟာ သမ္ဗူလရဲ့ အယူအဆတွေနဲ့ တော်တော့်ကို တူပါတယ်။ ပြည်တွင်းက စည်းစိမ်မှန်သကို အစိုးရက သိမ်းပိုက်ထားရမယ်၊ စက်ရုံတွေ ကုန်သွယ်မှုတွေ တိရစ္ဆာန် မွေးမြူရေးတွေကိုလည်း အစိုးရကပဲ စီမံကွပ်ကဲရမယ်လို့ သမ္ဗူလက ပြောပါတယ်။ အဲဒီလို လုပ်လိုက်ရင် သန်းကြွယ်သူဋ္ဌေးကြီးတွေ ရှိမှာမဟုတ်တော့ဘူး၊ ဆင်းရဲမွဲတေတဲ့ သူတောင်းစားတွေလည်း ရှိမှာမဟုတ်တော့ဘူးလို့ သူ ယူဆပါတယ် ဘုရား . . .။”
“ကောင်းလိုက်တဲ့ အကြံပါလား။ အဲဒီလို အစိုးရတစ်ရပ် ထူထောင်လိုက်ရင် ငွေနောက်လိုက်နေတဲ့ သြဇာရှိတဲ့ သူကြွယ်ကြီးတွေ ပျောက်ကွယ်သွားမယ်ဆိုတာ သံသယ မရှိပါဘူး။ ဒါပေမယ့် သူတို့နေရာကို ဘုရင်မင်းမြတ်နဲ့ မိဖုရားတွေ မင်းညီမင်းသားတွေ နောက်လိုက်နောက်ပါ အရာရှိတွေက ၀င်ယူမသွားပေဘူးလား။ စည်းစိမ်ဥစ္စာ ကြွယ်ဝမှု မတူညီတာကို ညီအောင်ညှိလို့ ဖြစ်နိုင်တယ်ဆိုရင်တောင်မှ အာဏာပါဝါကိုတော့ ညီအောင်ညှိလို့ ရမယ်မထင်ဘူး နှစ်မတော် . . .။ အကျိုးဆက် အနေနဲ့ ဖြစ်လာနိုင်တာက ရာသက်ပန် ဆင်းရဲလာခဲ့တဲ့ အောက်ခြေလူတန်းစား အများစုဟာ ဖိနှိပ်မှု တစ်မျိုးက လွတ်မြောက်ပြီး ဖိနှိပ်မှု နောက်တစ်မျိုးအောက် ရောက်သွားမှာပဲ။”
“တရားမျှတတဲ့ အုပ်ချုပ်သူရဲ့ လက်ထက်မှာ အဲဒါမျိုး ဖြစ်မလာနိုင်ပါဘူး မောင်တော်ဘုရား . . .။”
“ယသောဓရာရယ် . . .။ မောင်တော်တို့ရဲ စိတ်ကူးထဲက စီးပွားရေး စနစ်ကို ကျင့်သုံးတဲ့ တရားမျှတတဲ့ အုပ်ချုပ်သူ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ ကြားဖူးလို့လား။”
“မကြားဖူးပါဘူး မောင်တော် . . .။ လက်ရှိ လူမှုရေး စနစ်ကို စစ်ရေးအရ အပြင်းအထန် အမြစ်ပြတ်အောင် သုတ်သင်ပြီးမှပဲ ဇာတ်ခွဲခြားမှု အာဏာဝါပါ ခွဲခြားမှုတွေကင်းတဲ့ နိုင်ငံမျိုးကို ထူထောင်နိုင်လိမ့်မယ်လို့ သမ္ဗူလက ပြောပါတယ် ဘုရား . . .။”
“ယသောဓရာ . . .။ စောစောက မောင်တော်ပြောခဲ့တဲ့ ကိုယ်ကျင့်တရား လေ့ကျင့်ပေးတဲ့ စနစ်က အများကြီး ပိုပြီး အရေးကြီးတယ် ဆိုတာကို ခု မင်း နားလည်လောက်ပြီ ထင်ပါတယ်။ မှန်ကန်ဖြောင့်မတ်မှုကို ကျင့်သုံးနိုင်မှပဲ မင်းကောင်းမင်းမြတ်ရယ်လို့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်။ လူရဲ့ လွတ်မြောက်မှုနဲ့ ပျော်ရွှင်မှုဟာ စည်းစိမ်ဥစ္စာပေါ်မှာ မှီတည်တာ မဟုတ်ဘူး။ လူ့စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ မှန်ကန်ဖြောင့်မတ်မှု အပေါ်မှာ မှီတည်တာ။ ခုချိန်ထိ ဇမ္ဗူဒိပ်တစ်ဝှန်းလုံးမှာ မင်းကောင်းမင်းမြတ် မပေါ်ထွန်းသေးဘူးဆိုရင် အဲဒါဟာ သဒ္ဓမ္မ မပေါ်ထွန်းသေးလို့ပါ။ အဲဒါကြောင့်ပဲ တိုင်းနိုင်ငံ အများစုက စည်းစိမ်ဥစ္စာနဲ့ အာဏာပါဝါတွေ ပိုင်ဆိုင်ထားကြပေမယ့် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး ဒုက္ခပင်လယ်ဝေနေရတာပေါ့။ အများကောင်းစားဖို့ အများပျော်ရွှင်ဖို့ အဲဒီ သဒ္ဓမ္မကို ငါ ရှာဖွေမယ်။ အချိန်ကြာမယ်ဆိုတာ ငါ သိပါတယ်။ ခက်ခဲမယ်ဆိုတာ ငါ သိပါတယ်။ အားသွန်ခွန်စိုက် လုပ်ရမယ့် ကိစ္စ ဖြစ်တယ်ဆိုတာ ငါ သိပါတယ်။ ယသော် . . .။ လူသားတွေကို အကြီးမြတ်ဆုံးလက်ဆောင် ပေးအပ်နိုင်အောင် မင့်ရဲ့ ပူးပေါင်းပံ့ပိုးမှုကို မောင်တော် လိုချင်ပါတယ် . . .။”
ယသောဓရာသည် မတ်တတ်ရပ်လိုက်ပြီး သိဒ္ဓတ္ထမင်းသားကို တမင်သက်သက် အချိန်ယူ၍ ငေးကြည့်နေလိုက်၏။ ပြီးမှ စကားဆို၏။
“မောင်တော် . . .။ မောင်တော့်အတွက် ဂုဏ်ယူပါတယ်။ မောင်တော့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာကို နှစ်မတော် နားလည်ပါတယ်။ အဲဒီ စိတ်ကူးက မဇ္ဈိမအင်ပါယာကြီး တည်ထောင်မယ်ဆိုတာထက် အများကြီး ပိုပြီး မြင့်မြတ်တယ် ဆိုတာကိုလည်း ကောင်းကောင်း နားလည်ပါတယ်။ မောင်တော် ရည်ရွယ်တဲ့အတိုင်း ဉာဏ်အလင်း ရရှိဖို့ တောထဲ သွားစရာ မလိုဘူး ထင်ပါတယ်။ နှစ်မတော်နဲ့ နီးနီးနားနား ဒီ နန်းမဆောင်ထဲမှာ နေရင်းနဲ့ရော အဲဒီ ဉာဏ်အလင်းကို မရရှိနိုင်ဘူးလား။ မောင်တော်က နူးညံ့ပါဘိသနဲ့ မဖြစ်နိုင်ပါဘူး မောင်တော်ရယ် . . .။ မောင်တော်က မွန်မြတ်တဲ့ တရားထူးကို ရှာဖွေတာ ဖြစ်ပေမယ့် မောင်တော် ဒုက္ခရောက်တာကို နှစ်မတော် မကြားရက် မမြင်ရက်နိုင်ပါဘူး။ နန်းဆောင်တွေကြား မြေကွက်ကောင်းကောင်း တစ်နေရာမှာ သီးသန့်ဆောင်လေးတစ်ခုဆောက်ပြီး စိတ်ကြိုက်နေပေါ့ မောင်တော်ရယ် . . .။ ကမ္မဋ္ဌာန်းတရားတွေ ပွားများပေါ့။ မောင်တော် ပြောပြခဲ့တဲ့ မှန်ကန်ဖြောင့်မတ်တဲ့ အကျင့်လမ်းစဉ် သဒ္ဓမ္မ အပေါ်မှာပဲ အာရုံစိုက်နေပေါ့။ နှစ်မတော်က မောင်တော့်ကို ကျွန်တစ်ယောက်လို ပြုစုလုပ်ကျွေးပါ့မယ် . . .။ မောင်တော် . . . နှစ်မတော်ကို ခွဲမသွားပါနဲ့နော် . . .။ မောင်တော် ထွက်သွားရင် ခံစားရမယ့် ၀မ်းနည်းကြေကွဲမှုကို နှစ်မတော် ခံစားနိုင်မှာ မဟုတ်ဘူး။”
“ယသောဓရာရယ် . . .။ မင်းက ဉာဏ်ပညာ ကြီးရင့်သူပါ။ မောင်တော့်ကိုချစ်လို့ ဒါတွေပြောနေတယ်ဆိုတာ မောင်တော် သိပါတယ်။ စိတ်တည်ငြိမ်မှု သမာဓိဟာ အိမ်ထောင်သည်ဘ၀နဲ့ မစပ်ဟပ်ပါဘူး။ မောင်တော့်စိတ်ဟာ ကောင်းကင်မှာ လွတ်လွတ်လွင့်မျောနေတဲ့ ၀ါဂွမ်းမျှင်လေးလို ပြင်ပအာရုံ အနှောင့်အယှက်တွေကနေ ကင်းလွတ်နေရမယ်။”
“ဒါဆိုရင်လည်း မောင်တော်ရယ် . . .။ ကပိလ၀တ်မြို့ထဲက မောင်တော်ကြိုက်တဲ့ နေရာမှာပဲ နေပါနော်. . .။”
“မဟုတ်သေးဘူး ယသောဓရာ . . .။”
“ဒါဖြင့်ရင်လည်း သကျနေပြည်တော် ပိုက်နက်ထဲက သင့်တော်တဲ့ တစ်နေရာရာမှာ နေပါလား မောင်တော်ရယ် . . .။”
“ဒါတော့ လောလောဆယ် မပြောနိုင်သေးဘူး။ မောင်တော့်မှာ ရှိနေတဲ့ အတ္တကို ပယ်သတ်နိုင်ဖို့ အမျိုးအနွယ်တွေ အမျိုးဇာတ်တွေ မင်းဆက်တွေကို ထည့်မတွက်ဘဲ ကျေနပ်ရောင့်ရဲနိုင်တဲ့ ဘ၀မျိုးနဲ့ အမှန်တကယ်ကို အသားကျနေမှ ဖြစ်မယ်။ ဒီတော့ ဒီစကြာဝဠာကြီးထဲက မောင်တော် ခြေချတဲ့ နေရာတိုင်းဟာ မောင်တော့်အိမ် ဖြစ်လိမ့်မယ်။”
ယသောဓရာသည် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သိဒ္ဓတ္ထ၏ ခြေအစုံကို ပွေ့ပိုက်ကာ ခြေဖမိုးတို့ကို နမ်းရှိုက်လေ၏။ ထို့နောက် သိမ်မွေ့စွာ စကားဆိုလေ၏။
“မောင်တော် . . .။ မရေမတွက်နိုင်တဲ့ ဘ၀သံသရာတွေမှာ မောင်တော့်ကို ချစ်မြတ်နိုးခဲ့ရပါတယ် ဘုရား . . .။ မောင်တော့်အပေါ်မှာ ကျိုးနွံစွာ သစ္စာစောင့်သိတဲ့ မောင်တော့်မယား မိယသော် . . . မောင်တော့်အတွက် ဆုတောင်းပေးပါတယ် ဘုရား . . .။ မခံစားနိုင်ပါဘူး မောင်တော် . . .။ လူ့ခံစားချက်ရှိတဲ့ မိန်းမတစ်ယောက် အနေနဲ့ ငိုမိပါတယ် ဘုရား . . .။ ဒါပေမယ့်လေ . . . တစ်ပါးသူတွေ လွတ်မြောက်နိုင်ဖို့အတွက် ဘ၀နဲ့ရင်းပြီး ရည်ရွယ်ရဲတဲ့ လင်သားတစ်ယောက်ရဲ့ ဇနီးပျို တစ်ယောက် အနေနဲ့ ပြုံးလိုက်ပါတယ်။ မောင်တော် . . .။ မြင့်မြတ်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်နိုင်ပါစေ . . .။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံယူနိုင်ပါစေ ဘုရား . . .။”
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
တော်လိုက်တဲ့ ပါရမီဖြည့်ဘက် တစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်အောင် ရေးနိုင်လို့ ချီးကျူးမိပါတယ် ဘုရား....
ReplyDelete