Saturday, April 23, 2011

Essay - စာစီစာကုံး

(ဆရားကြီး ဦး)အောင်သင်းရဲ့ “ကိုယ်တွေ့စာစီစာကုံး”ဆိုတဲ့ စာအုပ်လေးကို ဖတ်မိပြီး သဘောကျခဲ့ဖူးပါတယ်။ ကလေးတွေကို သူ ဘယ်လို စာစီစာကုံး သင်ပေးခဲ့တယ်ဆိုတာကို အဲဒီစာအုပ်ထဲမှာ ပြန်ပြောပြထားတာပါ။ စာစီစာကုံးရေးနည်း၊ စာစီစာကုံးသင်နည်းပေါ့။ သူ့နည်းကို အသုံးချကြည့်ခဲ့ပါတယ်။ ရွာအလည်ပြန်ရင်း ရွာက ကလေးတွေကို စာစီစာကုံး သင်ပေးခဲ့တာပါ။ ဘာမှ မလုပ်တာနဲ့ စာရင်တော့ အများကြီး အောင်မြင်ခဲ့ပါတယ်။

ကျွန်တော်ကြိုက်သော ငှက်များအကြောင်း
မောင်ထက်မြက်ထွန်း
တတိယတန်း၊ Yin Ye Monastic School

ကျွန်တော်က မောင်ထက်မြက်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်က ကိုရင်ပါ။ ရင်းရဲရွာ ဘ-ကကျောင်းမှာ စာသင်နေပါတယ်။ တတိယတန်း ဖြစ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေအကြောင်း ပြောပါမယ်။

ငှက်ကောင်တွေက အများကြီးပဲ။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေကတော့ ဆက်ရက် စွေ့ သစ်တောက်ငှက် ဥသြ ဇီးကွက်တို့ကို အကြိုက်ဆုံးပါပဲဗျာ။

ဆက်ရက်သည် လယ်သမားတို့ ထယ်ထိုးရာတွင် နောက်ကနေ တကောက်ကောက် လိုက်သွားပြီး လယ်သမားကြီးထယ်ထိုးရာ မြေကြီးထဲမှထွက်သော ပိတ်တာ ပိရစ် ပိုးတုံးလုံးကောင်တို့ကို စားသောက်ပစ်သောကြောင့် ကျွန်တော်သည် ဆက်ရက်ကို ကြိုက်ပါသည်။

စွေ့သည် လယ်သမားတို့ စိုက်ပျိုးထားသော ကောက်ပဲသီးနှံတို့ကို ဖျက်ဆီးတတ်သော ပိုးများကို ကောက်စားပါတယ်။ စွေ့က အဖျက်ပိုးများကို စားသောက်ပစ်လို့ ကျွန်တော်သည် စွေ့ကို ကြိုက်ပါသည်။

သစ်တောက်ငှက်သည် မာကြောသော ခြေသည်းဖြင့် သစ်ခေါက်ကို တွယ်ကပ်လိုက်သည်။ နှုတ်သီးနဲ့ တောက်သည်။ ထိုအခါ သစ်ခေါက်ထဲမှ ထွက်လာသော သစ်ပင်ဖျက်ပိုးများကို သစ်တောက်ငှက်က သုတ်သင်ရှင်းလင်း ပစ်သောကြောင့် ကျွန်တော်သည် သစ်တောက်ငှက်ကို ကြိုက်ပါသည်။

ဥသြသည် မိုးလင်းတာနဲ့ သာယာသော အသံဖြင့် တစ်ရွာလုံး လိုက်အော်ပါသည်။ ကျွန်တော်တို့က ဥသြလို လိုက်အော်ပါသည်။ ပျော်စရာကောင်းလို့ ကျွန်တော် ဥသြကို ကြိုက်ပါသည်။

ဇီးကွက်သည် ညအခါတွင် မျက်လုံးပြူးနဲ့ ၀င်းလက်ဝင်းလက် ရှိပါသည်။ ဇီးကွက်မျက်ပြူးကို ကျွန်တော်ကြိုက်ပါသည်။

ကျွန်တော်ကြိုက်တဲ့ ငှက်တွေ ကျန်သေးတယ်။ ဒါပါပဲဗျာ။

------------------------------

ကျွန်တော့်အကြောင်း
မောင်မိုးမင်းထက်
တတိယတန်း၊ Yin Ye Monastic School

ကျွန်ုပ်၏ အမည်သည် မောင်မိုးမင်းထက် ဖြစ်ပါသည်။ ကျွန်တော်၏ အဖေသည် ဦးကျော်မိုး ဖြစ်သည်။ ကျွန်ုပ်၏ အမေသည် ဒေါ်ခါသီ ဖြစ်သည်။ ကျွန်ုပ်၏ အမေကြီးသည် ဒေါ်ကောင်းရီ ဖြစ်သည်။ ကျွန်ုပ်၏ အဒေါ်သည် ဒေါ်တင်နွဲ့ ဖြစ်သည်။ ကျွန်ုပ်၏ ညီမလေးသည် မိုးသန္တာထက် ဖြစ်သည်။ ကျွန်ုပ်တို့ ရင်းရဲရွာမှာ နေသည်။ ကျွန်ုပ်သည် ရွာရှိ ဘုန်းတော်ကြီးသင် ပညာကျောင်းမှာ နေသည်။ တတိယတန်း ဖြစ်သည်။ ကျွန်ုပ်၏ ဆရာများမှာ ဦးအောင်မင်း ဦးဝင်းမင်းဌေး ဦးညွန့်လွင် ဒေါ်ခိုင်ရွှေဝါတို့ ဖြစ်သည်။

ကျွန်ုပ် သစ်ပင်စိုက်သည်။ အိမ်မှာ ကျွန်ုပ်စိုက်ပျိုးထားသော အပင်ရှိသည်။ ကျွန်ုပ် စိုက်ပျိုးထားသော  အပင်မှာ ဇွန် စံပယ်တို့ ဖြစ်သည်။ ပန်းလှရင် ကြည့်လို့ကောင်းရင် ကျွန်ုပ် ကြိုက်သည်။ ကျွန်ုပ် ပန်းမခူးပါ။ သူများခိုး ခူးခူးသွားသည်။ ကျွန်ုပ် ကျောင်းသွားနေရလို့ သူခိုးမမိ။ တွေ့ရင်သိမယ်။

------------------------------

လသာသောည
မအေးမြတ်သူ
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့သည် လသာသော ညများတွင် ပျော်ပျော်ရွှင်ရွှင် ကစားကြပါသည်။ ပထမဆုံး ထုပ်ဆီးတိုး ကစားကြမည်ဟု တိုင်ပင်ကြပါသည်။ ထို့ပြင် တူ့တူပုန်းတမ်း ကစားမည်ဟုလည်း တိုင်ပင်ထားကြပါသည်။ မမောမပမ်း သင့်သင့်မြတ်မြတ် ကစားကြပါသည်။

တခြားကစားနည်းတွေလည်း ကစားကြပါသည်။ ပိုက်ဆံတမ်းလည်း ကစားကြပါသည်။ ဆံပင်တမ်းလည်း ကစားကြပါသည်။ စက်ချုပ်တမ်းလည်း ကစားကြပါသည်။ ဆရာမတမ်းလည်း ကစားကြပါသည်။ ဘောလုံးကန်တမ်းလည်း ကစားကြပါသည်။ ဈေးဆိုင်ဖွင့်တမ်းလည်း ကစားကြပါသည်။ ထမင်းချက်တမ်းလည်း ကစားကြပါသည်။ တို့ဟူးကျိုတမ်းလည်း ကစားကြပါသည်။ သစ်ပင်တက်တမ်းလည်း ကစားကြပါသည်။ သူငယ်ချင်းတမ်းလည်း ကစားကြပါသည်။ ဓာပုံရိုက်တမ်းလည်း ကစားကြပါသည်။ ဗွီဒီယိုရိုက်တမ်းလည်း ကစားကြပါသည်။

သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင် စုဝေးကြသောကြောင့် လသာသောညကလေးကို အမြဲသတိရခြင်း ဖြစ်ပါသည်။ ကျွန်မတို့ လသာသော ညလေးကို အမြဲလွမ်းနေရခြင်း ဖြစ်ပါသည်။ လသာသော ညလေးကို ရောက်ချင်ပါသည်။

------------------------------

စမ်းချောင်းက ဆရာကြီးအိမ်ကို ရောက်ဖြစ်တော့ ဒီအကြောင်း ပြောပြဖြစ်ပါတယ်။ [သူကပ်တဲ့ ဖျော်ရည်သောက်ရလို့ ဖားတာမဟုတ်။ သူကျေနပ်အောင် တမင် လုပ်ကြံပြောတာလည်း မဟုတ်။ :)] “၀မ်းသာလိုက်တာ ဘုရား . . .”တဲ့။ . . . . “ . . . ဖျော်ရည် နည်းနည်း ထပ်ယူပါအုံး ဘုရား . . .”ဆိုပြီး သူ့အမျိုးသမီး ဆရာမကြီး (ကျောင်းဆရာမဟောင်းကြီး ထင်ပါတယ်)ကို “ဖျော်ရည် ယူခဲ့အုံးဟေ့”လို့ အမိန့် ပေးပါတယ်။ (“အားနာစရာကြီးပါလား ဆရာကြီးရယ် . . .”) “ရပြီ ဆရာကြီး။ ရပြီ။ ရပြီ . . .။”

အားနာနာနဲ့ တစ်ခု တောင်းဆိုခဲ့ပါတယ်။ “ရွာက ကလေးတွေအတွက် အမှတ်တရ စကားလေး တစ်ခွန်းလောက် ရေးပေးလိုက်ပါအုံး ဆရာကြီး . . .။ ကျောင်းနံရံမှာ ရေးထားဖို့ . . .။” စိတ်လိုလက်ရ ချက်ချင်း ရေးပေးလိုက်ပါတယ်။ (ဒါပေမယ့် စိတ်ကူးတဲ့အတိုင်း သူ့စကားကို ရွာကျောင်းနံရံမှာတော့ ခုထိ မရေးရသေးပါဘူး။ နောက်တစ်ခါ ရွာပြန်ရင်တော့ ရေးရအုံးမယ်။)



ရှင်အာစာရ

No comments:

Post a Comment