Friday, April 29, 2011

တရားမင်းသခင် - ၁၁။ စိတ်ကူးထဲကတိုင်းပြည်


သိဒ္ဓတ္ထမင်းသားသည် အိပ်ယာထက်၌ ဇနီးသည်နှင့်အတူ ထိုင်နေရင်း စကားဆို၏။

“ယသော် ရယ် . . . မင်းရှိနေလို့သာပေါ့။ မဟုတ်ရင် ဒီလို ခမ်းနားတဲ့ မင်းစည်းစိမ်ကို ငါ စွန့်ပစ်လိုက်တာ ကြာပြီ။ ကြီးမားတဲ့ ဆွဲအားတစ်ခုက ငါ့ကို ဆွဲငင်နေတယ်။”

“နှစ်မတော် တစ်ယောက်ထဲလား မောင်တော် . . .။ ဒီ ဗိုက်ထဲက သားတော်လေးရော မပါဘူးလား”ဟု ယသောဓရာက ပြန်မေး၏။

မင်းသားက ပြန်လည် ဖြေကြား၏။

“ယသောဓရာ . . .။ ဒီသားလေးကြောင့် မင့်ကို ပိုပိုပြီး ချစ်နေတာပေါ့။ ဒါပေမယ့် သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို အလုပ်အကျွေးပြုဖို့ မောင်တော့်ကို လှုံ့ဆော်တာတွေက တစ်နေ့တစ်ခြား ပိုများများလာတယ်။ ဒီဇမ္ဗူဒိပ်မှာ အခု ရှိနေတဲ့ ဒုက္ခသည်တွေအတွက်တင် မကဘူး။ မွေးဖွားဆဲ သတ္တဝါတွေ နဲ့ နောင်မွေးဖွားလာကြမယ့် သတ္တဝါတွေ၊ သန်းပေါင်းများစွာသော ဒုက္ခိတတွေ အားလုံးအတွက် အလုပ်အကျွေးပြုရမှာ။ အိပ်မပျော်နိုင်ဘဲ အိပ်ယာထဲမှာ ဘာတွေစဉ်းစားနေတာလဲလို့ မင်း မေးခဲ့ပေါင်း များလှပြီပဲ။ ငါ ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး။ မင်းသာ သားယောက်ျားလေး မွေးခဲ့မယ်ဆိုရင် မင့်ကို ငါ ခွဲခွာလိုက်တော့မယ်။ သားတော်လေးက ခမည်းတော်ကြီးရဲ့ ထီးရိုက်နန်းရာကို ခံယူပြီး မင်းဆက်လုပ်လိမ့်မယ်။ ထီးနန်းအဆက် မပြတ်စေရပါဘူးလို့ ခမည်းတော် မင်းကြီးကို ငါ ကတိပေးထားတယ်။”

“အို . . . ဘာတွေ ပြောနေတာလဲ မောင်တော်ဘုရား . . .”

ယသောဓရာ မင်းသမီးသည် ဘာမှ ဆက်၍ မပြောနိုင်တော့ဘဲ သိဒ္ဓတ္ထမင်းသား၏ ရင်ခွင်ထဲသို့ လဲပြိုကျသွား၏။ မျှော်လင့်ချက်တို့ ဝေးလွင့်ပြီဖြစ်၍ မျက်ရည်ဖြိုင်ဖြိုင် သွန်ချလျက် ရှိုက်ကြီးတငင် ငိုကြွေးလေ၏။ မင်းသားသည် မင်းသမီး၏ နှလုံးခုံချက်တိုင်းကို ပီပီပြင်ပြင် ခံစားမိနေ၏။ မင်းသမီးသည် မင်းသား၏ လက်ပေါ်၌ မျက်နှာမှောက်လျက် ရှိနေရာ မင်းသား၏လက်မှာ မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုနေတော့၏။ ကိုယ်ဝန်သည် မင်းသမီး၏ ဝမ်းဗိုက်ပူပူသည် မင်းသားကို ထိလျက်ဖိလျက် ရှိနေရာ မင်းသား၏ နှလုံးသည်းပွတ်ကို အထိခိုက်ဆုံး ထိုးဆွချက် ဖြစ်နေ၏။ မင်းသမီးက မင်းသားပေါ်သို့ ဖိစီးမှီခိုနေစဉ် မင်းသမီး၏ ဝမ်းကြာတိုက်ရှိ ကလေးငယ် တသိမ့်သိမ့် လှုပ်ရွေ့နေသည်ကို မင်းသား ခံစားမိလိုက်၏။ နာကျင်ခံခက်သော ဝေဒနာကြောင့် ကလေးငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားလေသလောဟု မင်းသား တွေးလိုက်မိ၏။ မင်းသားသည် နောက်သို့ မှီချလိုက်ပြီး မင်းသမီး၏ ဝမ်းဗိုက်ပူပူကို ငေးစိုက်ကြည့်နေ၏။ မင်းသား၏ မျက်ဝန်းအစုံသည် အချစ်တို့ဖြင့် ရွှန်းလဲ့တောက်ပနေလေ၏။ ကလေးငယ်၏ အလှုပ်အရွေ့ ခံစားမိလိုက်သော ဝမ်းဗိုက်နေရာကို ပွတ်သပ်လိုစိတ် ဖြစ်မိသည်။ ထို့နောက် ငိုကြွေးနေသော မင်းသမီးကို တိုးလျစွာ ပြော၏။

“မငိုပါနဲ့ နှစ်မတော်ရယ် . . .။ မျက်ရည်တွေ သုတ်လိုက်ပါ . . .။ အထဲက ကလေး နေရတာ သက်သာအောင် ထလိုက်ပါအုံး . . .။”

မင်းသားသည် မင်းသမီးကို ရင်ခွင်ထဲမှ ထူမပေးလိုက်ပြီး သောကဖြင့် ညှိုးလျပူဆွေးနေသော မင်းသမီး၏ မျက်နှာကို ငေးကြည့်နေ၏။ ပြေလျော့နေသော ဆံနွယ်များကို ပွတ်သပ်ပေးရင်း မျက်ရည်များကို သုတ်ပေးနေ၏။ မျက်ရည်များ တစိမ့်စိမ့် စီးကျနေသောကြောင့် သုတ်၍ မနိုင်အောင်ပင် ဖြစ်နေလေ၏။

မင်းသမီးသည် ရှိုက်သံများကြားမှ စကားဆို၏။

“နှစ်မတော်ကို ဘယ်တော့မှ ခွဲမသွားပါဘူးလို့ ကတိပေးစမ်းပါ မောင်တော်ရယ် . . .။ မောင်တော် ဒီကတိကို မပေးမချင်း မျက်ရည်တွေ တိတ်မှာမဟုတ်ပါဘူး မောင်တော် . . .။ နှစ်မတော် အသက်ရှင်နေသရွေ့ နှစ်မတော်ကို ခွဲမသွားပါနဲ့ မောင်တော် . . .။ နှစ်မတော်ကို အထီးကျန်အောင် မလုပ်ပါနဲ့. . .။ မောင်တော်သာ နှစ်မတော်ရဲ့ ကမ္ဘာပါ . . .။ နှစ်မတော် အသက်ရှင်နေတာ မောင်တော့်အတွက်ပါ . . .။ မောင်တော့်ကို ချစ်မြတ်နိုးနေရပြီး မောင်တော့်ကို ပြုစုယုယ နေရမှပဲ နှစ်မတော် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နိုင်မှာပါ . . .။ နှစ်မတော် တစ်သက်လုံး ငိုနေရအောင် မလုပ်ပါနဲ့ မောင်တော်ဘုရား . . .။”

“ယသော်ရယ် . . .။ မင့်ရဲ့ ချစ်ခြင်းမေတ္တာ အကြင်နာတွေကို မောင်တော့်အတွက်ပဲ စုပြုံကန့်သတ် မထားပါနဲ့လား။ ဒီ နန်းဆောင်ရဲ့ အပြင်ဘက်က ကမ္ဘာအထိ မင့်ရဲ့ အကြင်နာတွေ ဖြန့်ကျက်လိုက်စမ်းပါကွယ် . . .။ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာ ငါတို့ရဲ့ သနားကရုဏာတွေနဲ့ ထိုက်တန်တဲ့သူတွေ အပြင်ဘက်ကမ္ဘာမှာ အများကြီး ရှိနေပါတယ်။ နှစ်မတော်အနေနဲ့ ပြင်ပကမ္ဘာကို ကရုဏာသက်နိုင်မယ်ဆိုရင် မောင်တော်နဲ့ ခွဲခွာရပေမယ့် ဝမ်းနည်းကြေကွဲရမှာ မဟုတ်ပါဘူး။ ယသော် . . . မောင်တော်တို့ ခွဲခွာကြမယ့်နေ့ဟာ ဒီနေ့ မဟုတ်သေးပါဘူး။ မနက်ဖြန်လည်း မဖြစ်နိုင်သေးပါဘူး။ ဖခမည်းတော်ရဲ့ ထီးနန်းအမွေကို ဆက်ခံနိုင်ဖို့ သားယောက်ျားလေး မွေးဖွားပေးတယ် ဆိုရင်တော့ မောင်တော် သေချာပေါက် ထွက်ခွာရလိမ့်မယ်။ သမီးတော်လေး မွေးလာတယ် ဆိုရင်တော့ အချိန်ယူရအုံးမှာပေါ့။”

“မောင်တော့်ရဲ့ လက်ရုံးရည်ကို ပြသခဲ့တုန်းက၊ လေးတော်တင်ပွဲ နေ့တုန်းကပေါ့ မောင်တော်ရယ် . . .။ အဲဒီတုန်းက နှစ်မတော်ရဲ့လည်မှာ မောင်တော်က အမြတ်တနိုး ပန်းကုံးစွပ်ပေးခဲ့တယ်လေ။ အဲဒါဟာ နှစ်မတော်ကို မောင်တော်ရဲ့ ရာသက်ပန် အဖော်အဖြစ် ရွေးခြယ်လိုက်တာ မဟုတ်ဘူးလား။ မောင်တော် ပန်းကုံးမစွပ်ခင် မောင်တော့်ဆီ ပထမဆုံး ရောက်ခဲ့ရတုန်းကတည်းက မောင်တော့်ကို သိခဲ့တာပါ။ သံသရာမှာလည်း အတူ ကျင်လည်ခဲ့ကြတာလေ။ မရေမတွက်နိုင်လောက်တဲ့ အတိတ် ဘဝတွေမှာ မောင်တော်နဲ့ နှစ်မတော်တို့ အတူတူ နေခဲ့ကြတာ မဟုတ်လား။ မောင်တော် ပြောသမျှ စကားလုံးတိုင်းဟာ နှစ်မတော်အတွက် နှစ်သက်စရာတွေပါ။ မောင်တော်ရဲ့ အတွေ့အထိတွေကလည်း နှစ်သက်စရာပါ။ ဆံဖျားအစ ခြေဖျားအဆုံး မောင်တော်ရဲ့ တစ်ကိုယ်လုံးဟာ နှစ်မတော်အတွက် နှစ်သက်မြတ်နိုးစရာပါ မောင်တော်ဘုရား . . .။ ဘယ်လိုအကြောင်းပြချက်နဲ့ မောင်တော့်ကို မတွယ်တာ မမြတ်နိုးဘဲ နေနိုင်မှာလဲ။ ပြောစမ်းပါ မောင်တော်ရယ် . . .။ နှစ်မတော်မှာ ဘယ်လို မကောင်းတာတွေ ဘယ်လို အားနည်းချက်တွေ ရှိနေပါသလဲ။ မောင်တော့်အပေါ် ရိုရိုကျိုးကျိုးနဲ့ သစ္စာရှိတဲ့ မောင်တော်ရဲ့ ထာဝရဇနီးတစ်ယောက် ဖြစ်ဖို့ဆိုရင် ဆိုးကွက်တွေ အားနည်းချက်တွေ အားလုံးကို နှစ်မတော်ကိုယ်တိုင် ဖယ်ရှားပစ်ပါ့မယ်။”ဟု ယသောဓရာက တောင်းပန်လေ၏။

တစ်ရံတစ်ခါမျှ မခံစားခဲ့ရဖူးသော ယသောဓရာအပေါ် ထားရှိသည့် အကန့်သတ်မဲ့ ချစ်ခြင်းမေတ္တာကို သိဒ္ဓတ္တမင်းသား ခံစားလိုက်ရ၏။ မင်းသားသည် နှုတ်ဆိတ်နေ၏။ စီးကြောင်းသန်သည့် ရေတံခွန်သဖွယ် တွဲကျလျက် ရှိနေသော မင်းသမီး၏ ဆံနွယ်မျှင်များကို လက်ချောင်းများဖြင့် ပွတ်သပ်ထိုးမွှေလျက် ရှိနေ၏။

တိုးတိုးလျလျ အကြင်နာလွှမ်းသော လေသံဖြင့် နှစ်မတော်ဟု ခေါ်လိုက်ပြီး ဆက်လက် စကားဆို၏။

“ခုချိန်ထိ နှစ်မတော်ရဲ့ အပြစ်အနာဆာကို မတွေ့မိသေးပါဘူး။ ဇနီးကောင်း ရထားတဲ့ ကံကောင်းတဲ့ တစ်ခြားယောကျ်ားတွေလိုပဲ မောင်တော်လည်း ကျေနပ်ပျော်ရွှင်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နှစ်မတော်ကို ခွဲခွာသွားတယ် ဆိုရင်တောင်မှ နှစ်မတော်အပေါ် ထားရှိတဲ့ မောင်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေ ပြောင်းလဲသွေဖယ်သွားမှာ မဟုတ်ပါဘူး။ မောင်တော်ရဲ့ ဆန္ဒက နှစ်မတော်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို သတ္တဝါအားလုံးဆီရောက်အောင် ဖြန့်ဝေလိုက်ချင်တာပါ။ ခွင့်ပြုပါ နှစ်မတော်ရယ် . . .။ ယူဇနာ နှစ်ဆယ်သုံးဆယ် ကျယ်ဝန်းတဲ့ သကျနေပြည်တော်ရဲ့ မင်းစည်းစိမ်ကို ဆုပ်ကိုင်ထားပြီး နောက်ဆုံးတစ်နေ့ အိုမင်းမစွမ်းနဲ့ ရောဂါရပြီး သေဆုံးလိုက်ဖို့ မောင်တော် မွေးဖွားလာခဲ့တာ မဟုတ်ဘူး။ အရိုးဆွေးလို့ မြေကြီးရဲ့သြဇာ ဖြစ်လိုက်ရတာဟာ မြင့်မြတ်တဲ့ အလုပ်တစ်ခု မဟုတ်ဘူးလေ။ လူသားတွေကို အလုပ်အကျွေးပြုခြင်းဟာ အမြင့်မြတ်ဆုံး ကောင်းမှုတစ်ခု ဖြစ်တယ်လို့ မောင်တော် ယုံကြည်တယ် နှစ်မတော်ရယ် . . .။”

“မောင်တော် ခွင့်ပြုမယ်ဆိုရင် လျှောက်ထားချင်ပါတယ် ဘုရား”ဟု ယသောဓရာ ဆို၏။ မျက်ရည်များကို သုတ်လိုက်ကာ ခေါင်းကို မတ်မတ်ထောင်လိုက်ပြီး ဆက်လက်၍ ဆိုပြန်၏။

“နှစ်မတော် နားလည်သလို လျောက်ထားပါရစေ ဘုရား။ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါဘုရား။ မောင်တော်က တောထွက်ချင်နေတယ်။ ခန္ဓာကိုယ်ကို ညှင်းဆဲရတဲ့ ဆင်းဆင်းရဲရဲ ရသေ့ရဟန်းဘဝနဲ့ ဒုက္ခအားလုံးက လွတ်မြောက်မယ့်လမ်းကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်။ ကမ္ဘာအနှံ့က မြို့တွေ ရွာတွေ မင်းနေပြည်တော်တွေမှာ လှည့်လည်တရားဟောပြီး လူသားတွေကို အလုပ်အကျွေး ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်။ ဒါပေမယ့် မောင်တော်ရယ် ခမည်းတော်မင်းကြီး ပြောသလိုပေါ့။ ကပိလဝတ်ကို ဗဟိုပြုပြီး ဇမ္ဗုဒိပ်တစ်ခုလုံး သိမ်းကျုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့ နေပြည်တော်တစ်ခု တည်ထောင်လိုက်မယ်၊ အကြင်နာတရား ပြည့်ဝတဲ့ အုပ်ချုပ်မှု တစ်ခုအောက်မှာရှိတဲ့ ဇမ္ဗူဒိပ် ပြည်သူတွေဆီ ငြိမ်းချမ်းရေး ဆောင်ချဉ်းပေးလိုက်မယ်၊ ပြည်သူတွေကို ချမ်းသာကြွယ်ဝအောင် လုပ်ပေးလိုက်မယ်ဆိုရင် ပိုပြီး ကြီးကျယ်မြင့်မြတ်တဲ့နည်းနဲ့ အလုပ်အကျွေးပြုရာရောက်တယ်လို့ မောင်တော် မထင်မိဘူးလား။ ပြည်သူတွေကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စည်းရုံးနိုင်တဲ့ အဲဒီလို အစိုးရဟာ ပြည်သူတွေ မဆင်းရဲအောင်၊ စိုးရိမ်ပူပန် ကြောက်လန့်မနေရအောင် ကာကွယ်စောင့်ရှောက် ပေးနိုင်ပါတယ် ဘုရား။”

သိဒ္ဓိတ္ထမင်းသားသည် ရယ်လိုက်ပြီး အရယ်တစ်ဝက်နှင့် ဆက်ပြော၏။

“ယသောဓရာရယ် မောင်တော်လည်း အရင်က မင်းလို တွေးခဲ့ဖူးတာပေါ့။ မင်းပြောတဲ့ အာဏာအဝန်းအဝိုင်းတစ်ခု တည်ဆောက်ဖို့ လူသတ်ရလိမ့်မယ်။ ပြီးတော့ သကျနေပြည်တော်မှာ စည်းစိမ်ဥစ္စာ အရင်းအနှီးနဲ့ လူသားစွမ်းအင် အရင်းအမြစ်ကလည်း လုံလုံလောက်လောက် ရှိတာမဟုတ်ဘူး။ ဘယ်လိုနေပြည်တော်မျိုးဟာ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းမဲ့ပြီး ချမ်းသာကြွယ်ဝခြင်းနဲ့ ပြည့်စုံလိမ့်မယ်လို့ နှစ်မတော် ထင်သလဲ။ မင်းညီမင်းသားတွေ မိဖုရား မောင်းမမိဿံတွေ ပုဏ္ဏားတွေ သူဌေးသူကြွယ်တွေ။ သူတို့တစ်တွေကို နှစ်သိမ့်ကျေနပ်စေနိုင်မယ့်၊ သူတို့ဘဝတွေ ပိုပြီး ကြွယ်ဝနိုင်မယ့် ပိုပြီး ဇိမ်ကျနိုင်မယ့် နေပြည်တော်မျိုးကို နှစ်မတော် ဆိုလိုတာ မဟုတ်ဘူး ထင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သာမန်လူတန်းစားတွေကို အလုပ်အကျွေးပြုမယ့် အစိုးရတစ်ရပ်က အုပ်ချုပ်တဲ့ နေပြည်တော် ဖြစ်ရမယ်။ လူထုရဲ့ အကြပ်အတည်း အခက်တွေကို သိနိုင်တဲ့၊ သန်းပေါင်းများစွာသော လူထုထဲက ပေါ်ထွက်လာတဲ့ အုပ်ချုပ်သူတွေဟာ အဲဒီနေပြည်တော်ကို စီမံကွပ်ကဲတာ ဖြစ်ရမယ်။ အဲဒီလို နေပြည်တော်မှာ အမျိုးဇာတ် ခွဲခြားတာတွေ အဆင့်အလွှာ ခွဲခြားတာတွေ အာဏာပါ၀ါနဲ့ ခွဲခြားကန့်သတ်တာတွေ ရှိမှာမဟုတ်ဘူး။ မောင်တော့် အနေနဲ့ကတော့ နန်းတော်ကို စွန့်ခွာပြီး သာမန်လူတစ်ယောက် ဖြစ်လိုက်ဖို့ ဝန်မလေးဘူး။ ဒါပေမယ့် မောင်တော်တို့ရဲ့ သာကီဝင်တွေဟာ မာနခက်ထန်ကြတယ်။ သူတို့ရဲ့ သာမန်လူတစ်ယောက်အပေါ် ပြုမူဆက်ဆံပုံဟာ ခွဲခြားမှုတွေနဲ့ပါ။ သာမန်လူတစ်ယောက်အပေါ် ကျွန်တွေ ဆက်ဆံပုံနဲ့ မတူနိုင်ဘူး။ သာကီဝင်တွေဟာ ဇမ္ဗူဒိပ်တစ်ခုလုံး စည်းရုံးသိမ်းသွင်းဖို့ ချီတက်တိုက်ခိုက်ကြတယ် ဆိုရင်တောင်မှ သူတို့ရဲ့ ရာထူးအာဏာ ပိုပြီး တည်မြဲအောင် တိုက်ခိုက်တာပဲ ဖြစ်လိမ့်မယ်။ အမျိုးဇာတ် ခွဲခြားတာတွေ အဆင့်အလွှာ ခွဲခြားတာတွေ အာဏာပါ၀ါနဲ့ ခွဲခြားကန့်သတ်တာတွေကို အဆုံးသတ်ဖို့တော့ မဖြစ်နိုင်ဘူး။ လူဆိုတာ ဘာဖြစ်ဖြစ် စွမ်းဆောင်နိုင်တယ်ဆိုတဲ့ အမြင်နဲ့ ကြည့်တယ်ဆိုပါစို့။ ဇမ္ဗူဒိပ် အင်ပါယာကြီးတစ်ခု စံပြ တည်ဆောက်နိုင်တယ် ဆိုပါစို့။ အဲဒီလို စံပြအင်ပါယာကြီး တည်ဆောက်နိုင်တာနဲ့ တို့ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝပါ့မလား။ စဉ်းစားကြည့်စမ်းပါအုံး။ သစ်ပင်မြက်ပင်တွေကို ရိတ်လိုက်ဖြတ်လိုက်သလို နေမှာပေါ့။ လောဘတွေ ရာဂတွေ ဒေါသတွေ အာဃာတတွေ။ ဒီကိလေသာတွေ အညွှွန့်တလူလူ တက််နေမှာပဲ။ လိုအင်ဆန္ဒ ပြည့်ဝနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုမှ ထိန်းချုပ်လို့ ရနိုင်မှာ မဟုတ်ဘူး။ ယသောဓရာ . . . တိုင်းပြည်အုပ်ချုပ် မင်းလုပ်ပြီးတော့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ်ကျင့်တရား ကောင်းမွန်အောင် သွန်သင်ပေးမယ့် စနစ်တစ်ခုဖြစ်တဲ့ သဒ္ဓမ္မနည်းနဲ့ပဲ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်။ ငြိမ်းချမ်းခြင်း နဲ့ ကျေနပ်ရောင့်ရဲခြင်းကို ဒုက္ခသားတွေဆီ ဆောင်းချဉ်းပေးနိုင်လိမ့်မယ်။”

(ဆက်ရန် . . . . .)

Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment